“အလွန်ပူသော နွေရာသီ ဒီကာလမှာဖြင့် …….´´

ခင္ခMay 4, 20131min15313

“အလွန်ပူသော နွေရာသီ ဒီကာလမှာဖြင့် …….´´

 

ရာသီဥတုက နွေရာသီကာလကိုရောက်နေပြီး အခုတလော ရန်ကုန် နဲ့ မန်း အပါအဝင် မြို့တွေ အတော်များ များမှာ အပူလွန်ကဲကာ ပူပြင်းမှု့ကိုတွေ့ကြုံနေကြရပါတယ်။ အဲဒီမှာ ခင်ခ တွေးမိတဲ့ ကျန်းမာရေးဆိုင်ရာလေး တွေကို ပြောမလို့ပါ။

အခုကာလ မော်တော်ကားလေး အဲကွန်းဖြင့် နေ့လည်ခင်းသွားကြရင်ဖြင့်

အခု မော်တော်ကားတွေက ဈေးလေးတွေလည်း ဝယ်နိုင်စီးနိုင်လာကြတော့ ကားလေးတွေကလှ ကားသစ်လေး တွေနဲ့ကြွပြီး ပူလွန်းအိုက်လွန်းလှလို့ အေးစိမ့်သွားအောင် ကားလေးကိုမှန်လေးလုံအောင်ပိတ်ကာ အဲကွန်းကို အအေးဆုံးမှာထားကာသွားကြတတ်ပါတယ်၊ အဲဒီမှာ ကားလေးရပ်ကာ ပြင်ပမှာ တစ်ခုခုကိစ္စရှိလို့ ကားတံခါး လေးဖွင့်ပြီး ဆင်းလိုက်ရင် နေ့လည်နေ့ခင်းဘက်ဆို အဲကွန်းအေးစိမ့်အောင်ဖွင့်ထားတဲ့ ကားအတွင်းအပူ ချိန်ကြောင့် မိမိခန္ဓာကိုယ်အပူချိန်ဟာနိမ့်ကျနေတုန်း ဗြုန်းဆိုပြင်ပ အလွန်ပူနေတဲ့ပတ်ဝန်းကျင်အပူချိန် ကွာဟမှု့ ခြားနားချက်နှုန်းကြောင့် မမျှော်လင့်သော ရှော့ရမှု့ဖြစ်နိုင်တာလေးကို သတိပေးချင်ပါတယ်။ ထိုရှော့ရမှု့ဟာ အပူချိန်ကွာခြားချက်ပေါ်မူတည်ပြီး ဦးနှောက်သွေးကြောပြတ်သည်ထိ မိမိကိုဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ယခုကာလ မနက် ၁ဝ နာရီနဲ့  ညနေ ၄ နာရီကြားမှာ မော်တော်ကားလေးနဲ့အဲကွန်းလေးဖွင့်မောင်းရင် မိမိနေသာ သလောက်/ အအိုက်သက်သာရုံလောက်( comfortable ) သာဖွင့်သွားစေချင်ပါတယ်။ ထိုအပြင် အသက်အရွယ် ကြီးသူများ ကားထဲမှ နေပူထဲ အပြင်ကို ထွက်ခါနီး ရေလေးတစ်ငုံလောက်ဖြစ်ဖြစ် သောက်ပြီးမှ တံခါးလေးဖွင့် ဆင်းစေချင်ပါတယ်။ (ခင်ခအတွေး အရေးပါ)

………………………………………………………………………………………………………………………………………..

ပြီးတော့ ခင်ခဖေ့ဘုတ်မှာဖတ်ရတဲ့ ကျန်းမာရေးဆောင်းပါးလေးနှစ်ခုကိုလည်း အခုရာသီကာလနဲ့ ကိုက်ညီကာ သိသင့်တာလေးမို့ မျှဝေပေးလိုက်ပါတယ်ဗျ။

 

ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ “ဆရာသာဂဒိုး” ရဲ့ နည်းလေးပါ။

ဆေးနည်းလေးက –
ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ “ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ် ၊ ပြီးရင် လုံးဝ, အေးသွားတဲ့ အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။ နေ့လည် အပူချိန်တက်နေတဲ့ အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်း အအေးကိုသာ သောက်နေ။ တကယ် အပူဒဏ် ခံနိုင်တယ်။

နေပူထဲမှာ ကားမောင်းနေရတဲ့ ဒရိုင်ဘာတွေလည်း မနက်ကတည်းက ဒီလို ရေနွေးကြမ်း အအေးကို ရေသန့်ဗူးလေးနဲ့ (၂)ဗူး (၃)ဗူးလောက် ထည့်ထား။ ရိုးရိုးရေအစား အဲဒါဘဲသောက်ကြည့်။ ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။

တစ်ခုသတိထားရမှာတော့ လဘ္ဘက်ခြောက်ကိုတော့ သိပ် အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။ တော်ကြာ ဆိုးဆေးတွေထပ်ဆိုးပြီး အကြံအဖန်လုပ်ထားတဲ့ လဘ္ဘက်ခြောက် အတုတွေနဲ့ တွေ့သွားပြီး “ဆေးမဖြစ်ဘဲ၊ ဘေးလည်းဖြစ်သွားဦးမယ်”။

ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ “ရေခဲရေ” ပါဘဲ။ သောက်လိုက်တဲ့ ခဏတော့ အေးသွားသလို ရှိပေမယ့် နောက်ပိုင်း ရင်တွေပူလာ၊ ရေပို ငတ်လာ ၊ အဆင်မသင့်ရင် ဆီးဝမ်းပါချုပ်ပြီး ၊ ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။ လည်ချောင်းတွေ နာလာမယ်။ အာသီးတွေ ရောင်လာမယ်။ ချောင်းတွေ ဆိုးလာမယ်။ မျက်စေ့တွေ ဝေလာမယ်။

အသက်ငယ်သူတွေ ၊ ကျန်းမာရေး ကောင်းသူတွေတော့ မပြောတတ်ဘူး။ အသက်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက်တော့ ဒီလောက်ပူပြင်းတဲ့ ရာသီမှာ “ရေခဲရေ” ဟာ သိပ်အန္တရာယ် ကြီးပါတယ်။

နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ “ထန်းလျှက်” ပါ။ “ထန်းလျှက်” ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ “ဝမ်းမီး” ကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် “သကြား” “ကြံသကာ” တွေနဲ့ မတူပါဘူး။

ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့ နေပူထဲက ပြန်လာရင် ရေမသောက်ခင် ထန်းလျှက် တစ်လုံးနှစ်လုံးကို အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့ ရှိပါတယ်။ ထန်းလျှက်ဟာ ကိုယ်တွင်း အပူမီးကို ငြိမ်းစေတာကြောင့် အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ အပူလျှပ်ပြီး ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခေတ်မှာကလည်း ထန်းလျှက်ဆိုတာ ကလေးတွေ မစားကြတော့ဘူးခင်ဗျ။ (ကျွန်တော့် သားသမီးတွေဆို ချော့ကျွေးကျွေး/ခြောက်ကျွေးကျွေး , ကျွေးလို့မရပါဘူး။ သားသမီးကို မိဘ မနိုင်တဲ့ခေတ်)

“ထန်းလျှက်”မှာလည်း အရောင်ဖြူနေတဲ့ ထန်းလျှက်တွေဟာ အာနိသင် သိပ်မရှိဘူး။ အနီရောင်ရင့်ရင့်ရှိတဲ့ ထန်းလျှက်မျိုးမှ အာနိသင် ရှိပါတယ်။ ရန်ကုန်မှာတာ့ ဒီလို ထန်းလျှက်မျိုး ရှာလို့ခက်ပါတယ်။ သိမ်ကြီးဈေး တစ်ဝိုက်မှာတော့ ရှိတတ်ပါတယ်။

ဒါကတော့ အပူဒဏ်ကို မခံနိုင်သူများ နဲ့ အပူဒဏ်ကို ကာကွယ်လိုသူများ အတွက် ပို့စ်လေးတစ်ခုပါ။ အပူမကြောက်လည်း မကြောက် ၊ ရေခဲရေလည်း အလွန်ကြိုက်သူများအတွက်တော့ အကျိုးရှိမည် မဟုတ်ပါ။

အပူဒဏ်ကြောင့် ချွေးများအရမ်းထွက်ပြီး မောပန်းနွမ်းနယ်မှု များလွန်းနေလျှင် “ဓာတ်ဆား” ရည် သောက်ရန် လိုပါလိမ့်မည်။ ဓာတ်ဆားရည်သည် “ဝမ်းသွားမှ သောက်ရန်မဟုတ်ပါ” ။ အပူဒဏ်ကြောင် ့ပင်ပန်းနွမ်းနယ်လွန်းလျှင်လည်း သောက်သင့်ပါသည်။ သွေးတိုးရှိသူများအတွက်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်ပါ။ ထန်းလျှက်ကလည်း ဆီးချိုရှိသူများ သင့်တော်မည် မဟုတ်ပါ။ “ရေနွေးကြမ်းအေး” ကတော့ မတည့်သည့်ရောဂါ မရှိသောကြောင့် အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။( Credit – ဒေါက်တာ တင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ))

……………………………………………………………………………………………………………………………………….

ရေးချိုးမမှားရေး သတိထားပေးဖို့

တိုင်းရင်းဆရာကြီး တစ်ယောက်မျှဝေတဲ့ ရေချိုးနည်းကို ပြန်လည်ဖော်ပြပေးတာပါ..
အခုလို ပူပြင်းတဲ့ ရာသီမှာ အရေးကြီးပါတယ်
သိပေမယ့်မပေါ့ဆကြဖို့ သတိပေးလိုခြင်းလဲ ဖြစ်ပါတယ်

===================================

အဆင့်(1) ဒူးခေါင်း ကို စပြီး ရေလောင်းပါ
အဆင့် (2) ခါးကို ထပ်မံရေလောင်းပါ
အဆင့်(3) ပခုံးကို တက်ပြီး လောင်းပါ
အဆင့်(4) ခန္ဒာကိုယ်ကို အနည်းဆုံး ရေခွက် 20ခန့်လောင်းပြီးမှ ခေါင်းကိုလျှော်လိုပါက လျှော်ပါ..

အထူးသဖြင့်ခေါင်းလျှော်မည်ဆိုပါက ရေမချိုးပဲ မလျှော်သင့်ပါ.
(ဦးနှောက်သွေးကြောပြတ်နိုင်ပါသည်) (credit-Sunday Journal)

…………………………………………………………………………………………………………………………………………

အပူကာလ လွန်စွာရှိလည်း၊

သတိလေးပြု ဆင်ချင်မှု့ဖြင့်၊

ကျန်းမာစေရေး နေထိုင်ပေး၊

သက်ရှည်ဖို့အရေး မျှော်ကာတွေး………..။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

13 comments

  • Myo Thant

    May 4, 2013 at 4:22 pm

    ရန်ကုန်ပူချက် ရက်စက်တယ် ကိုခ ရေ

    နေ့လည် ထမင်းထွက်စားဖို့တောင် စိတ်ပျက်ရတဲ့ အထိပါပဲ ၊

    ဆောင်ရန် ရှောင်ရန်လေးတွေအတွက် ကျေးဇူး နော့ ၊

    • ခင်ခ

      May 4, 2013 at 4:38 pm

      ကနဦးမန့်လာတဲ့ ကိုမျိုးသန့်ကိုလည်းကျေးဇူးပါ။
      မန်း မှာလည်းပူပါတယ်၊ အခုတလောမိုးရိပ်လေးကြောင့်နေရပေမယ့်၊ မန်းမှာက ဇွန်လကုန်လောက်ထိတော့ ပူလှတတ်တယ်လေ။ မိုး ကိုခုတော့ မျှော်နေမိတာပါဘဲဗျို့။
      ခုချိန်မှာတော့ မိမိုးကို ချစ်လိုက်တာလေ မိုး ကိုသိပ်ချစ်တယ်လေ ဆိုသလိုပေါ့ဗျာ။

  • ရွှေ ကြည်

    May 4, 2013 at 4:52 pm

    လေးခင်ခရေ ဖတ်ရှုမှတ်သားသွားပါကြောင်း သံချောင်းခေါက်ပါတယ် :mrgreen:

  • အော် … ဒါကြောင့်ကိုးဗျ …
    အစကတော့ ကျုပ်လည်း သိဘူးရယ် …
    အချို့ တက်စီ ဒရိုင်ဘာတွေ ဘာကြောင့် ရေနွေးကြမ်းတွေကို ရေသန့်ဗူးထဲ ထည့်ထားတာလဲပေါ့ …
    ခုမှ ဘောပေါက်သွားဒယ် …
    အခု တအား ပူနေဒယ်ဂျာ … နက်ဖြန် ဒီနည်းလေး အတိုင်း လုပ်ကြည့်မယ် ..
    ရှဲရှဲ ဥခင်ခဂျီး …

  • Mr. MarGa

    May 4, 2013 at 7:36 pm

    ပူတယ်လေလေ့ ပူတယ်လေ
    လောလောဆယ် ရုံးမှာက အဲကွန်းနှစ်လုံးကို ဂိတ်ကုန်ဖွင့်ထားတာ(ကွန်ပူတာများအတွက်)
    အဲဒီထဲ တနေကုန်နေ
    ညနေ ပြန်တော့ အပြင်ကပူ
    အတော်ကို သတိထားလို့ အပူအအေးကို ချိန်ညှိနေရကြောင်းပါ
    ဒါကြောင့် လေးခ ပြောတဲ့ နည်းလေးတွေကို ဖတ်ကာမှတ်ကာ သွားပါကြောင်း

  • အလင်းဆက်

    May 5, 2013 at 10:54 am

    လေးလေးခ ရေ
    ရန်ကုန်မြို့ ကြီး ပူလွန်းမက ပူလာတဲ့အချိန်မှာ
    အခုလို ဆောင် ရန် အချက် က လေး တွေ တင်ပြ
    ပေးလို့
    ကျေးဇူူးတင် ပါတယ်ဗျာ
    🙂

  • surmi

    May 5, 2013 at 12:07 pm

    သဂျီးဆာဗာကလည်းစုတ် မြန်မာပြည် ကွန် ကလည်းစုတ်
    ဒါ …သုံးခါမြောက်ရေးတင်ကြည် ့တာ
    ပထမနှစ်ခါကလေထဲ ပျောက်သွားပြီ

    • Foreign Resident

      May 5, 2013 at 8:40 pm

      ” သဂျီးဆာဗာကလည်းစုတ် မြန်မာပြည် ကွန် ကလည်းစုတ် ”

      မြန်မာပြည် ကွန် ကစုတ်တာကို လက်ခံပါတယ် ။
      သဂျီးဆာဗာကတော့ ထင်သလောက် မစုတ်ပါဘူး ။
      အခု ၊ အဘ ၊ နိုင်ဂျန်ဂါး ကနေ ဝင်ကြည့်တော့ OK ပါပဲ ။

  • အပူဒဏ်ကို သဘာဝအတိုင်းတုံ့ပြန်ရင် ပူတော့ပူတယ် အသက်တော့ မသေနိုင်ဘူးလို့ယူဆပါတယ်။
    တတ်နိုင်သလောက် အဲကွန်း ပန်ကာ လို အအေးလွန်တဲ့နေရာမှာနေလိုက် အပြင်ထွက်လိုက်တော့ မလုပ်သင့်ဘူးထင်ပါတယ်။
    နောက်ရေများများသောက်။
    နေ့လည်ခင်ရေမချိုးချင်နဲ့။
    နောက်သူများပြောတိုင်းဓါတ်ဆားရည်လျောက်မသောက်နဲ့။
    သွေးတိုးရှိရင် ဒန်ဒန့်ဒန်ဖြစ်သွာမယ်။
    ဟုတ်တယ်ဟုတ်

  • MaMa

    May 5, 2013 at 5:36 pm

    လိုက်နာဖို့လွယ်ကူပြီး အကျိုးများတဲ့ နည်းလေးတွေပဲ။
    အသက်ကို ဉာဏ်စောင့် ဆိုသလို လိုက်နာကျင့်ကြံသင့်တာမို့ ကျေးဇူးအများကြီး တင်ပါတယ်။ :hee:

  • မောင် ပေ

    May 5, 2013 at 8:17 pm

    လေးခရေ
    စနေ နဲ ့တနင်္ဂနွေ ကို ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး လာမယ်လို ့သတင်းထုတ်ထားတာ
    ၂ရက်စလုံး မိုးလေးအုံ ့ပေးလို ့
    တော်တော်သက်သာသွားတာကလား

  • ဦးဦးပါလေရာ

    May 6, 2013 at 12:21 am

    ဒီအချိန်အတွက် သတိထားစရာ သိထားစရာလေးတွေမို့
    အကျိုးများတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ ကိုခင်ခရေ..။

  • kyeemite

    May 6, 2013 at 4:01 pm

    အခု ကိုခပြောပြသွားတာလေးတွေက
    အလွယ်လေးတွေလို့ထင်ရပေမဲ့…လူတွေလိုက်နာမှုကအားနည်းသေးတယ်
    တကယ်က တော်တော်ကြောက်စရာကောင်းတဲ့ကိစ္စဗျ…တချက်မှားရင်
    အသက်ပါသွားနိုင်တယ်…ကျုပ်လည်းသတိထားနေပါတယ်…ကိုယ့်မိသားစုနဲ့
    ပါတ်ဝန်းကျင်လည်းသတိပေးပေါ့…..
    အကျိုးများတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါ ကိုခင်ခရေ..။

Leave a Reply