နာမည်တွေကို မှတ်မိအောင် ဘယ်လိုလုပ်မလဲ

Zaw WonnaJuly 27, 20101min16810

ကျနော်တို့ရဲ့ မသိစိတ်က ရင်းနှီးပြီးသား နာမည်တွေကို မှတ်သားထားပြီး စဉ်းစားလိုက်တာနဲ့ ချက်ခြင်း ထွက်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရဲ့နာမည်ကို ဘယ်တော့မှ သိပ်စဉ်းစားနေရာ မလိုသလိုပေါ့။
ဒါပေမဲ့ သူများနာမည်တွေကိုတော့ ဆက်စပ်စဉ်းစားပြီး မှတ်မထားမိရင် အလွယ်တကူနဲ့ ပြန်မေ့နိုင်ပါတယ်။ သူများတွေရဲ့ နာမည်ကို မှတ်မိခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးမှာ အလွန် အသုံးဝင်သလို အလွန်လည်း အရေးကြီးပါတယ်။

စီးပွားရေးအရ ဆက်ဆံနေရတဲ့ မိတ်ဆွေတွေနဲ့ မိမိရဲ့ဖောက်သည်တွေဟာ အရေးပေးဆက်ဆံတာကို ခံယူလိုကြတဲ့အတွက် နာမည်မေ့နေတတ်ခြင်းဟာ သူတို့ကို တန်ဘိုးမထားရာ ရောက်ပါတယ်။ နာမည်တွေကို မှတ်မိခြင်းအားဖြင့် တခါတရံမှာ ဖောက်သည်အဖြစ် မျှော်လင့်ချက်ရှိတဲ့ လူတစ်ယောက်ကနေ ဖောက်သည်ရင်းတစ်ယောက် ဖြစ်လာစေပါတယ်။
အများနဲ့ ပြိုင်ဆိုင်ပြီးလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်နဲ့ဆက်ဆံနေတဲ့ လူတွေရဲ့နာမည်ကို မှတ်မိနေတတ်ခြင်းဟာ အလွန်အရေးပါပါတယ်။ လူတွေရဲ့ နာမည်တွေကို မှတ်မိနေစေဖို့ အောက်ပါ နည်းလမ်း ၃ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အကြိမ်ကြိမ် ပြောဆိုခြင်း
နည်းလမ်းတစ်ခုကတော့ တစ်စုံတစ်ယောက်နဲ့ စတင်တွေ့ဆုံခြင်း၊ သို့မဟုတ် မိတ်ဆက်ခြင်း ပြုလုပ်တဲ့အခါ သူ့ရဲ့နာမည်ကို ထည့်ပြီး စကားပြောဆိုပါ။ ဥပမာ … “ ဟုတ်ကဲ့ … ကိုခင်အောင် … ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာပါတယ်” စသည်ဖြင့်ပေါ့။ တကယ်လို့ အဲလို နာမည်ကို မသုံးပဲ နှုတ်ဆက်လိုက်မယ်ဆိုရင် နောက် ၁ဝ စက္ကန့်လောက် အတွင်းမှာ ပြန်မေ့သွားနိုင်လို့ပါပဲ။ နောက်တဆင့်ကတော့ စကားပြောဆိုနေစဉ်မှာလည်း သူ့ရဲ့နာမည်ကို မကြာခဏ ထည့်သွင်းပြောဆိုပါ။ အလွယ်ဆုံးကတော့ မေးခွန်းတွေနဲ့အတူ နာမည်ထည့်ပြီး ပြောဆိုခြင်းပဲဖြစ်ပါတယ်။ ဥပမာ … “ကိုခင်အောင် အခု ဘယ်မှာတည်းလည်း” ၊ “ကိုခင်အောင် အလုပ်က တော်တော်ကောင်းတာပဲ” စသည်ဖြင့်ပေါ့။ အဲဒါကတော့ နာမည်တွေကို မှတ်မိဖို့ အကောင်းဆုံးနည်းပါ။ ဒါပေမဲ့ သဘာဝမကျတဲ့ ပြောဆိုပုံမျိုး မဖြစ်အောင်တော့ ဂရုစိုက်ဖို့ လိုပါတယ်။

၂။ မျက်နှာချင်း ဆက်စပ်မှတ်သားခြင်း
လူတူမရှား၊ နာမည်တူမရှား ဆိုသလို တကယ်လို့ သင်သိပြီးသားနာမည်နဲ့ တူတဲ့ အခြားလူတစ်ယောက် ကိုတွေ့ရင် သူ့ရဲ့မျက်နှာကို စိတ်ထဲမှာ မှတ်ထားပြီး ပထမ သိပြီးသားလူရဲ့ မျက်နှာနဲ့ ယှဉ်တွဲမှတ်ထားလိုက်ပါ။ ပြီးတော့ ကိုယ့်ကို ပြုံးပြီးကြည့်နေတဲ့ သူတို့ရဲ့မျက်နှာနှစ်ခုကို တစ်ခုစီ ပေါ်လာအောင် စိတ်ကူးကြည့်လိုက်ပါ။ တစ်ခါတရံမှာ သက်ဝင်လှုပ်ရှားနေတဲ့ ပုံစံတွေက သင့်ရဲ့မှတ်သားနှိုင်စွမ်းအားကို တိုးမြှင့်ပေးတတ်ပါတယ်။
နာမည်တူတဲ့လူ မဟုတ်ဘူးဆိုရင်တော့ သူ့ရဲ့သိသာထင်ရှားတဲ့ အသွင်အပြင်တစ်ခုကို မှတ်ထားလိုက်ပါ။ အကောင်းဆုံးကတော့ မိတ်ဆက်စကား မပြောခင်မှာ မှတ်ထားလိုက်မယ်ဆိုရင် သင်ကြည့်နေတာကို သတိထားမိမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့ နှာခေါင်းကြီးတာ၊ နာရွက်သေးတာ၊ နှုတ်ခမ်းထူတာ စသဖြင့်ပေါ့။ ဒါပေမဲ့ ပြောင်းလဲနိုင်တဲ့ ဆံပင်တို့၊ မျက်မှန်တို့ကို မှတ်သားတာမျိုး မဖြစ်ပါစေနဲ့။

၃။ နာမည်ချင်း ဆက်စပ်မှတ်သားခြင်း
နာမည်တူတဲ့ နာမည်ကြီး(သရုပ်ဆောင်) တစ်ယောက်ရဲ့နာမည်ကို စဉ်းစားပြီး ယှဉ်တွဲပြီးမှတ်သားပါ။ အဲဒီသရုပ်ဆောင်ရဲ့ သရုပ်ဆောင်ပုံ တစ်ခုခုကို ပြန်စဉ်းစားပြီး မှတ်ထားရင် အဆင်ပြေနိုင်ပါမယ်။
နောက်တစ်မျိုးကတော့ မှတ်ရလွယ်တဲ့ လင်္ကာလေးတွေနဲ့ မှတ်သားတာမျိုး ဖြစ်ပါတယ်။ ရယ်စရာကောင်းတဲ့ လင်္ကာလေးတွေ ဆိုရင် ပိုပြီးတော့ မှတ်မိလွယ်ပါတယ်။ ဥပမာ …  ကိုခင်အောင် ဆိုပါစို့၊ “အစဉ်ပြောင်တဲ့ ကိုခင်အောင်” ဆိုတာမျိုးပေါ့။ အဲဒီလင်္ကာလေးတွေက တိုတိုနဲ့ မှတ်မိလွယ်တာမျိုး ဖြစ်ရပါမယ်။
(မြန်မာ နာမည်တွေဆိုရင် နေ့နံနဲ့ တွဲမှတ်ထားတာမျိုးဟာလည်း အဆင်ပြေ နိုင်ပါတယ်။ ဥပမာ … ဦးနု ဆိုရင် စနေနံနဲ့ တွဲမှတ်ထားလို့ ရပါတယ်။)

နာမည်တွေကို မှတ်သားရတာလဲ တခြားအရာတွေလိုပဲ အလေ့အကျင့် လုပ်သွားရင် ဖြစ်နိုင်ပါတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေတွေ၊ ဖောက်သည်တွေရဲ့ နာမည်ကို အမြဲမှတ်မိနေစေဖို့ ကြိုးစားသင့်ပါတယ်။ နည်းနည်းအချိန်ပေးပြီး စဉ်းစားမယ်ဆိုရင် ဒီနည်းလမ်းတွေထက် ကောင်းတဲ့ အခြားနည်းလမ်းတွေကိုလည်း သင့်အနေနဲ့ တွေ့ရှိကောင်း တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်။   ။ သင့်မိတ်ဆွေတွေရဲ့ နာမည်တွေကို မှတ်မိအောင် သင်ဘယ်လိုလုပ်ပါသလဲ …
သင့်မိတ်ဆွေရဲ့နာမည်ကို သင်မေ့နေတာမျိုး၊ ဒါမှမဟုတ် သင့်နာမည်ကို သင့်မိတ်ဆွေ  တစ်ယောက်ယောက်က မေ့နေတာမျိုးနဲ့ ပတ်သက်လို့ သင့်မှာ ဇာတ်လမ်းလေးတွေ  ရှိခဲ့ဖူးပါသလား … အကျိုးဆက်က ဘယ်လို ရှိပါသလဲ …

Article Source:  http://ezinearticles.com/?expert=Ana_Antunes_Da_Silva   မှ How to remember names  ကို ဘာသာပြန်ဆိုပါသည်။

10 comments

  • chitpyae

    July 22, 2011 at 2:09 pm

    နာမည်ပြောင်လေးတွေ ပေးပြီးမှတ်ရင်ပိုပြီး မှတ်မိသလားလို့ ….. 🙂
    ကိုယ်ပေးတဲ့ နာမည် ကို သူတို့မကြိုက်ရင်တော့ ကွယ်ရာမှာပဲခေါ်ပေါ့ …

    • moethidasoe

      July 23, 2011 at 10:47 am

      နာမည်ပြောင်ကိုပဲ မှတ်မိပြီး နာမည်အရင်းကို မေ့သွားတာများပါတယ်

  • khin chaw su

    July 22, 2011 at 4:11 pm

    နာ မည် တွေ မ မှတ် မိ တာ ခက် တယ် ၊ ကျ မ လဲ မ မှတ် မိ တတ် ဘူး၊ မှတ် ရ လွယ် တဲ ့ နည်း ကောင်း လေး ရှိ ရင် နောက် ထပ် ရေး ပါ အုံး ၊ ကျေး ဇူး ပါ

  • manawphyulay

    July 22, 2011 at 4:13 pm

    တဖြည်းဖြည်း ရင်းနှီးသွားရင်တော့ မှတ်မိလွယ်ပါတယ်။ ဦးဇဝန ပျောက်ချက်သားကောင်းနေသလိုပဲနော်… ဘာတွေလုပ်နေလဲရှင့်….

  • MOEPWINTPHYU

    July 22, 2011 at 4:22 pm

    ဟုတ်တယ်လူတွေကောနာမည် မမှတ်မိတတ်ဘူး ကျေးဇူးပါ ဘယ်လိုမှတ်ရလဲပြောပြလို

  • ရွှေဘိုသား

    July 22, 2011 at 7:48 pm

    ဦဇဝန တရားပွဲတွေများ သွားဟောနေလို.လားဗျ
    တော်တာ်ကြာပြီ ပျောက်နေတာ

    • zawana

      July 28, 2011 at 3:55 pm

      အလုပ်ထဲမှာ အိုတီဆင်းရတဲ့ ရက်တွေ များနေလို့ပါ။ အလုပ်ချိန်ကလည်း ၁၂ နာရီဆိုတော့ အိမ်ရောက်ရင် အေးဆေး စာရေးချိန် သိပ်မရလို့ပါဗျာ။
      အခုလို သတိတရ ရှိကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • ဆူး

    July 22, 2011 at 11:07 pm

    နာမည် မမေ့အောင် လုပ်နည်းကတော့ ကောင်းတယ်။ မျက်နှာတွေ မေ့မေ့သွားလို့.. တခါ တွေ့ဖူးလည်း နောက်တခါ မေ့မေ့ နေပြီး မမှတ်မိလို့.. အတင်းနုတ်ဆက်မှ သိသလိုလို ဖြစ်လာတဲ့ အခါတွေလည်း ရှိတယ်။ အဲဒါ ဘယ်လို ဖြေရှင်းသင့်သလဲ။

  • xman

    July 23, 2011 at 12:46 pm

    ဆူးပြောတဲ့ ပြဿနာမျိုး ကျွန်တော့မှာ ပိုဆိုးပါတယ်။
    လူတွေကို တစ်ခါ နှစ်ခါတွေ့ရုံနဲ့ မမှတ်မိတတ်ဘူး။
    မှတ်မိပြီးသားလူတွေကိုလဲ မတွေ့တာကြာသွားရင် မမှတ်မိတော့ပြန်ဘူး။
    အဲဒီပြဿနာဟာ အနှစ်လေးဆယ်ကျော်လုံးလုံး ကျွန်တော့ကို ဒုက္ခအပေးဆုံးနဲ့ အခွင့်အလမ်းတွေကို အဆုံးရှုံးစေဆုံးပါပဲ။
    လောလောဆယ် ကိုယ့်ဝန်ထမ်းတွေကို ခန့်ပြီးရင် တော်တော်နဲ့ မမှတ်မိဘူး။ ဒါကြောင့် မြန်မြန်မှတ်မိဘို့လိုတဲ့သူဆို လဘက်ရည်ဆိုင်ခေါ်ပြီး အဲဒီကောင်လေးမျက်နှာကို မသိမသာနဲ့ ဆယ့်ငါးမိနစ်လောက် ကျက်ယူရတယ်။
    လူပြောသူပြော နည်းလဲစုံပြီ ။ အခုထိ ဘာမှလုပ်မရဘူး…။

    • zawana

      July 28, 2011 at 3:59 pm

      ကိုယ့်ဖုန်းထဲမှာ ဖုန်းနံပါတ်တွေကို ဓါတ်ပုံနဲ့ တကွ တွဲပြီး မှတ်ထားနိုင်ရင် အကောင်းဆုံးပါပဲ ခင်ဗျာ။ မကြာမကြာလည်း ပြန်ပြန် ကြည့်ဖြစ်တာပေါ့။ နည်းနည်း အလုပ်ရှုပ်ပေမဲ့ ဒီနည်းက အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။

Leave a Reply