နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၀)

သူကေလးMay 6, 20131min1216

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၉)

 

——————————-

 

 

အခန်း (၁၃)

နောက်နေ့မှာ ကိုကိုကပြောထားတဲ့အတိုင်းပင် အဆက်အသွယ်လုပ်မလာခဲ့ပါ။ ကျွန်မလည်း မိန်းကလေးပီသစွာပဲ စပြီးအဆက်အသွယ်မလုပ်ဖြစ်ခဲ့ပါ။

contact list ထဲက ကိုကိုဆိုတဲ့နာမည်လေးကိုကြည့်ရင်း ဖုန်းဆက်ရမလားဆိုတဲ့အတွေးကို ကိုယ်တိုင်ပဲအကြိမ်ကြိမ်ပဲပယ်ပစ်ခဲ့ရသည်။

ကိုကိုရယ် ဒီတစ်ကြိမ်တော့ ဟန်နီ့မျှော်လင့်ချက်တွေတကယ်ဖြစ်လာပြီလို့ တွေးထားခဲ့တာ။

ကိုကိုနဲ့တူတူ လိမ္မာတဲ့ကောင်မလေးအဖြစ်ဘဝကိုရှေ့ဆက်နိုင်ပြီလို့ထင်ခဲ့တာ။

ဘာကြောင့်မှန်းရေရောရာရာမသိဘဲ ရုတ်တရက်စိမ်းကားတဲ့ဒဏ်ကို တကယ်ပဲဟန်နီခံနိုင်ရည်မရှိတာပါ။

ကိုကို့ဖုန်းအဆက်ကိုမျှော်ရင်းအချိန်တစ်ပတ်လောက်ကို တစ်ယောက်တည်းဖြတ်သန်းခဲ့ရသည်။

လင်းလက်နဲ့ ဗိုလ်ကတော့ ကျွန်မကို ဖုန်းဆက်လိုက်၊ မက်ဆေ့ချ်ပို့လိုက်နဲ့ အဖော်ပြုခဲ့ကြသည်။

ကျွန်မလည်း ငိုရမလား ရယ်ရမလားမသိ၊ စိတ်ညစ်ညစ်နဲ့ပဲ အိမ်မှာနေရင်း တီဗီကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့အချိန်တွေဖြုန်းပစ်ခဲ့သည်။

ဗိုလ်ဖုန်းဆက်တဲ့အခါတိုင်း စကားတွေအများကြီးပြောရင်း အရင်ကထက်ပိုပြီးရင်းနှီးလာခဲ့သည်။ နားလည်မှုတွေလည်းပိုလို့တိုးလာခဲ့ကြသည်။

ကျွန်မဘယ်တုန်းကမှ ဗိုလ့်ကိုလူဆိုးလေးလို့မမြင်ခဲ့သလို ဗိုလ့်အကြောင်းတွေသိရတော့လည်း ပိုလို့ပင် သံယောဇဉ်တွယ်ခဲ့ရသည်။

ဗိုလ်ကလည်းဘယ်လောက်အလုပ်များများ၊ ညနေဘက်တော့ ကျွန်မဆီရောက်လာတတ်စမြဲပင်။

ဗိုလ်ပြောပြတဲ့ကောင်မလေးတွေအကြောင်းနားထောင်ရင်း ကျွန်မရယ်တစ်လှည့်၊မဲ့တစ်လှည့်နဲ့ပေါ့။

ဗိုလ်နဲ့အတူ ညနေဘက်ဆို မစားဖူးတဲ့စားသောက်ဆိုင်တွေမှာထိုင်ရင်း စကားတွေပြောရတာကိုကျွန်မနှစ်ခြိုက်လာခဲ့တယ်။

အဲဒီအချိန်တွေကစိတ်ကပေါ့ပါးနေခဲ့ပေမယ့် ဗိုလ့်နေရာမှာ ကိုကိုသာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့ ကျွန်မဝမ်းနည်းခဲ့ရပြန်တယ်။

လင်းလက်ကတောင် ဗိုလ်နဲ့ကျွန်မ တွဲနေကြပြီလားလို့မေးလာခဲ့တဲ့အထိပင်။ အဲဒီအခါမှာတော့ ကျွန်မရယ်ချင်ရက်နဲ့ပဲ ဟင့်အင်းလို့ငြင်းခဲ့ရပါတယ်။

ဒါဆိုနင်တို့ကဘာတွေလဲလို့မေးတော့ ကျွန်မထူးဆန်းတဲ့ပက်သက်မှုတစ်ခုလို့ဖြေမိခဲ့သေးရဲ့။

အဲဒီလိုနဲ့ တစ်ပတ်အကြာမှာတော့ ကိုကို့ဆီကဖုန်းလေးဝင်လာခဲ့တယ်။ ကျွန်မပျော်လွန်းလို့ ထခုန်လိုက်မိပါသေးရဲ့။

“ဟယ်လို”

“ညီမလေး နေကောင်းရဲ့လား” ဟု ကိုကိုကအသံအေးအေးလေးနဲ့မေးလာခဲ့သည်။ လွမ်းလိုက်တာ ကိုကိုရယ်။ ကျွန်မရူးတော့မှာပဲ။

“ဘာအခုမှနေကောင်းလားလဲ ဘာလို့ပစ်ထားတာလဲ” လို့ ငိုသံနဲ့ပြန်မေးမိသွားခဲ့သည်။ ဟန်ဆောင်တာမဟုတ်ပါပဲ တကယ်ကိုမျက်ရည်ဝဲခဲ့မိတယ်။

“ဆော်ရီးပါ ညီမလေးနဲ့တွေ့ပြီးနောက်နေ့မှာပဲ ကိုကိုပြောထားတဲ့ project ကိစ္စနဲ့ နေပြည်တော်ကိုတက်သွားရတာ

သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့လိုက်တွေ့နေရတာ လိုအပ်တာတွေစီစဉ်နေရတာနဲ့ မနေ့ကမှပြန်ရောက်လို့ပါ”

“အဲဒါနဲ့ပဲ ဖုန်းလေးတောင်ဆက်လို့မရတော့ဘူးပေါ့”

“ရန်မတွေ့ပါနဲ့ ညီမလေးရယ် ကိုယ်အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာခံစားချက်ကို ရောမပစ်ချင်လို့ပါ ကိုကိုညီမလေးကိုအရမ်းသတိရနေပါတယ်”

အရမ်းသတိရနေပါတယ်တဲ့လား ကိုကိုရယ်။ ဟန်နီကတော့ သိပ်ကိုလွမ်းနေခဲ့ရတာ။ ဟန်နီဘယ်လောက်ခံစားနေရတယ်ဆိုတာ ကိုကိုသိနိုင်ပ့ါမလား။

ကိုကို့အသံအေးအေးလေးနဲ့ ညီမလေးလို့ခေါ်တဲ့အသံတွေ၊ ဆုံးမစကားတွေ အဲဒါတွေကိုဟန်နီတောင့်တနေခဲ့ရတာပါ။

“တော်ပါ”

“မတော်နိုင်ပါဘူးကွာ လှလှလေးပြင်ထားနော် နေ့လည်စာသွားစားဖို့ ကိုကိုလာခေါ်မယ်ဟုတ်ပြီလား”

ကျွန်မဘက်ကဘာမှမပြောရသေးခင် ကိုကိုကတွေ့ဖို့အရင်ပြောလာတော့ ကျွန်မရင်တွေခုန်သွားမိသည်။

အခုကျတော့လည်း ဟိုတစ်ပတ်ကလိုမဟုတ်တော့ပါလား။

နားလည်ရခက်ပါလား ကိုကိုရယ်။ ကျွန်မတော့လိုက်လို့ကိုမမှီနိုင်တော့ပါဘူး

“မစားတော့ပါဘူး တော်ကြာအနေအထိုင်မတတ်ဘူးဆိုပြီးအပြောခံနေရပါအုံးမယ်”

ကျွန်မလည်းအရမ်းပျော်သွားပေမယ့် ဟန်ကိုယ့်ဖို့ နည်းနည်းလေးရန်တွေ့လိုက်မိသည်။

“ရန်တွေ့တတ်လိုက်တာ … ဆရာမလေးရယ် မသိဘူး ဒါဘဲ ဖုန်းချပြီ ၁၁ခွဲနော် … အိမ်ရှေ့မှာလာစောင့်မယ် ဘိုင့်” ဆိုပြီး

ကိုကိုကဦးအောင်ဖုန်းချသွားပါသည်။

ကျွန်မမှာတော့အပျော်ကြီးပျော်ပီး ဘာမှတောင်ပြန်မပြောလိုက်နိုင်။ ဒီနေ့တော့ ထပ်ပြီးမခံစားပါရစေနဲ့တော့နော်။

ကျွန်မလည်း ကိုကိုကလှလှလေးဝတ်ခဲ့ဆိုတော့ ဘာဝတ်ရမလဲဆိုပြီး ဗီဒိုကိုပြေးဖွင့်ရပြန်သည်။

အဲဒီတော့မှ ဟိုတစ်ခေါက်က ဖြိုးဆိုတဲ့တစ်ယောက်ကိုပြေးမြင်ပြီး သူ့လိုလေး မြန်မာအကျီရင်ဖုံးလေးဝတ်သွားရင်ကောင်းမှာဟု တွေးပြီး

တစ်ထည်တည်းသော ရင်ဖုံးအကျီ အပြာနုလေးကို ဆွဲထုတ်လိုက်ရသည်။

ဒါပေမယ့် အဲဒီအကျီနဲ့ဝတ်ဖို့ရာ ထမီရှာမတွေ့ပြန်။ ဒါနဲ့ပဲ ဒေါ်လေးအခန်းကိုဝင်ကာ ဒေါ်လေးဗီဒိုကိုမွှေရတော့သည်။

ဒေါ်လေးက “ ဟဲ့ကောင်မလေး ဘာတွေလာမွှေပြန်ဘီလဲ ညည်းဂျင်းဘောင်းဘီတွေ ငါ့ထဲမှာမရှိဘူးနော်” ဟုလှမ်းစသည်။

“အာ ဒေါ်လေးကလည်း ဒီမှာထဘီလိုချင်လို့ဟာ ဒီအကျီအပြာလေးနဲ့လိုက်တာရှာပေးပါနော်”

“အောင်မလေး ထဘီဝတ်မယ် မနက်ဖြန်တော့ ဘုရားပွင့်တော့မှာပဲ မိဟန်နီ ဟုတ်မှလည်းလုပ်ပါဟယ်”

“တကယ်ပါ ဒေါ်လေးရဲ့ ရှာပေးပါနော် .. အဲ ဒါပေမယ့် ပါတိတ်တော့ဝတ်ဘူေးနာ် လှတပတအဆင်လေးရှာပေးနော်”

“ရှာပေးပေါင်တော် ညည်းဘာသာရှာဝတ်ချည်”

“ဒေါ်လေးနော် ဒါဆိုဒေါ်လေးဗီဒိုထဲကအဝတ်တွေ တစ်စစီဖြစ်ရင် မီးကိုအပြစ်မတင်နဲ့ မွှေပစ်မှာ”

“ဟဲ့ ဟဲ့ မလုပ်နဲ့ ရှာပေးဆိုလည်းရှာပေးမယ်တော်”

“ဒါမှ မီးဒေါ်လေးကွ အဲဒါကြောင့်ချစ်တာ .. လာ အာဘွား” ဟု ဒေါ်လေးကိုကျီစယ်လိုက်မိသည်။

ဒေါ်လေးဆိုပေမယ့် အသက် က ၁၅နှစ်ပဲကွာတာမို့ ဒေါ်လေးက ၄ဝပြည့်ခါနီးလေးပဲရှိသေးတာဖြစ်သည်။

ဒါကြောင့် အဒေါ်တွေထဲမှာ ဒေါ်လေးကျတော့ သူငယ်ချင်းပေါင်းပေါင်းလို့ရပြီး အရမ်းလည်းချစ်ရတာဖြစ်သည်။

ဒေါ်လေးကမေမေ့ရဲ့ ညီမအငယ်ဆုံးဖြစ်ပြီး အပျိုကြီးလည်းဖြစ်တာကြောင် မေမေတို့မရှိတော့တဲ့နောက်ပိုင်း ဟန်နီ့ကိုစောင့်ရှောက်ခဲ့တာဖြစ်သည်။

မေမေတို့ဆုံးပါးသွားတဲ့အချိန်မှာ ဟန်နီကငယ်သေးတာမို့ ဟန်နီ့ကိုငဲ့ရင်း အိမ်ထောင်မပြုဖြစ်ခဲ့ပဲ ခုချိန်ထိ ဟန်နီနဲ့နေပေးခဲ့တာဆိုလည်း မမှားပါ။

တခြားအဒေါ်တွေ ဦးလေးတွေရှိပေမယ့်လည်း အကုန်မိသားစုကိုယ်စီနဲ့မို့ ဟန်နီနဲ့အတူမနေနိုင်ကြပါ။

နိုင်ငံခြားမှာအခြေကျနေတဲ့ အဒေါ်တွေကကျောင်းလာနေချင်နေ၊ ကျောင်းထားမည်ဟု ခေါ်သော်လည်း

ဟန်နီကလည်း ဒေါ်လေးကိုမခွဲနိုင်တာမို့မသွားဖြစ်ခဲ့။

ဒေါ်လေးဆိုပေမယ့်လည်း မေမေ့ထက်တောင်ချစ်သေးသည်ဟု ဟန်နီခဏခဏပြောဖြစ်ခဲ့ပါသည်။

ဟုတ်သည်။ ဟန်နီကဒေါ်လေးကိုအရမ်းချစ်သလို ဒေါ်လေးကလည်း ဟန်နီ့ကိုအရမ်းချစ်ပါသည်။

ဒါကြောင့်လည်း ငယ်တုန်းတည်းက ဟန်နီ့မိဘတွေထားခဲ့တဲ့စီးပွားရေးကိုလုပ်ကိုင်နေရတဲ့ ဒေါ်လေးစိတ်အေးရအောင်

ကျောင်းစာကို တစ်နှစ်တစ်တန်းမှန်မှန်အောင် အောင် ဟန်နီကြိုးစားခဲ့သည်။ ပညာရေးနဲ့ပက်သက်လို့ ဒေါ်လေးဟန်နီ့ကိုစိတ်မပူခဲ့ရပါ။

ကြီးလာတော့လည်း ဟန်နီရည်းစားများပေမယ့် ဟန်နီ့ကြောင့် ဒေါ်လေး ပတ်ဝန်းကျင်မှာ မျက်နှမငယ်အောင် အနေအထိုင်တော့ဆင်ခြင်ခဲ့ပါသည်။

“ကဲ မမရော့ ဒီအပွင့်စိတ်စိတ်လေးတွေနဲ့ထမီနဲ့လိုက်မယ်ထင်တာပဲ ပန်းရောင်လေးတွေလည်းဖောက်ထားတော့နုလည်းနုတယ်

လွင်လွင်လေးလည်းဇြစ်နေတယ် မီးအကျီနဲ့ဒါလေးအလိုက်ဆုံးပဲ” ဟု ဒေါ်လေးက ရွေးလာတဲ့ထမီကိုပြတော့မှ အတွေးတွေကိုသိမ်းပြီး

“ဟုတ်တယ်နော် ဒါလေးလှတယ် အဲဒါကြောင့် ဒေါ်လေးကိုချစ်တာ .. အာဘွား အကြီးကြီး ဟိဟိ”

“ဟွန်း ဒါကဘယ်သွားအုံးမှာလဲ မသွားချင်တော့လည်း တစ်ပတ်လုံးအိမ်ထဲမှာ တငိုင်ငိုင်နဲ့ ခုကျတော့လည်း တဟီးဟီးနဲ့ပါလား”

“အသိတစ်ယောက်နဲ့ထမင်းစားဖို့ချိန်းထားလို့ပါ ဒေါ်လေးရဲ့” ဟု ဒေါ်လေးခါးကိုဖက်ရင်း ပတ်ချွဲနှပ်ချွဲပြောလိုက်မိသည်။

“ကောင်လေးချိန်းထားတာမဟုတ်ဖူးလား”

“မဟုတ်ပါဘူးနော် အသိတစ်ယောက်ပါဆို တော်ပြီရေသွားချိုးတော့မယ်” လို့ပြောရင်းအခန်းထဲပြေးဝင်လာခဲ့တော့သည်။

ရေချိုးပြီးပြန်ထွက်လာတော့ ကျွန်မဖုန်းကိုဘယ်သူခေါ်ထားသေးလဲလို့ တစ်ချက်ကြည့်မိသည်။

ဗိုလ့်ဆီကမက်ဆေ့ချ်တစ်စောင်ဝင်ထားတာကိုတွေ့တော့ပြုံလိုက်မိသည်။

ဘာကိစ္စပဲရှိရှိ ဗိုလ်ကကျွန်မကိုပစ်မထားတတ်တာကို တကယ်ပဲကျေးဇူးတင်မိပါသည်။

မက်ဆေ့ချ်ကလေးကိုဖတ်မိတော့

“what r u doing?” တဲ့

“i m going to have lunch with koko, ttyl (talk to you later” လို့ပြန်ပို့လိုက်မိသည်။

ဗိုလ်တစ်ယောက်တော့ ကျွန်မကိုကျိန်ဆဲနေတော့မှာလို့ တွေးမိရင်း အလှပြင်ခြင်းအလုပ်ကိုခပ်မြန်မြန်လုပ်လိုက်မိသည်။

ကိုကိုရောက်လာလို့ ကျွန်မအဆင်သင့်ဖြစ်မနေမှာကိုစိတ်ပူနေမိသည်လေ။ ကျွန်မကို ကိုကိုငြိုငြင်မှာကို မလိုလားဘူးလေ။

——————————-

6 comments

  • Myo Thant

    May 6, 2013 at 1:05 pm

    ဆက်ဖတ်နေဆဲပါဗျို့
    အပိုင်း သုံး လေးဆယ်တော့ မဟုတ်လောက်ပါဘူးနော် 🙂

    • သူကလေး

      May 7, 2013 at 9:03 am

      သုံး လေးဆယ်လောက်ထိတော့ … ဆွဲမသွားပါဘူး
      တတ်နိုင်သမျှ မြန်မြန်ရေးမှာပါ 😀

  • Mr. MarGa

    May 6, 2013 at 1:15 pm

    ဟန်နီကတော့
    ပိုပဲ လိမ္မာလာမလား ဆိုးပဲ သွားမလားတော့မသိ
    လောလောဆယ်တော့ ထိန်းမယ့်သူတစ်ယောက် ထွက်လာပြီကို
    ဆိုတော့
    ဆက်မယ် နောက်တစ်ပိုင်း :hee:

  • GaviaGirl

    May 6, 2013 at 3:54 pm

    ဒေါ်သူသူ..မြန်မြန်ဆက်ပါအေ.. ဒါဘဲပြောမယ်… :mrgreen:

  • MaMa

    May 7, 2013 at 10:38 am

    (ဒါပေမယ့် ပါတိတ်တော့ဝတ်ဘူးနော်)…
    ခေတ်ပြောင်းလာတာကို အမှတ်တမဲ့ မြင်လိုက်ရတယ်။
    အိမ်မှာလည်း ပါတိတ်ဝတ်တာ အဖွားကြီးလို့ အပြောခံရဖူးလို့။
    ဒါပေမယ့်လည်း ကိုယ့်ခေတ်နဲ့ကိုယ်ဆိုတော့ ပါတိတ်ဝတ်ရတာ ပေ့ါပါးလွတ်လပ်တယ်လို့ထင်ပြီး ကြိုက်တယ်။
    :harr:

  • သူဂလေးရေ ..
    ဖတ်တွားဒကွယ် …
    ဇာတ်ကတော့ ဟိုလိုလို ဒီလိုလို ဖြစ်လာဘီ …
    ညန်ညန်လေးရေး ….

Leave a Reply