ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (အပိုင်း – ၁) – ခင်မမမျိုး

kaiMay 7, 20131min1484

ယူဂိုဆလားဗီးယား နိုင်ငံတော်ပြိုကွဲမှု (အပိုင်း – ၁)

နိဒါန်း

ပြည်တွင်းပဋ္ဋိပက္ခတွေမှာ အိုင်အိုလို့အတိုကောက်ခေါ်ကြတဲ့ International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ) ကို ကိုယ်စားပြုပြီး၊ ကျယ်ကျယ်လောင်လောင် အသံပြုလေ့ရှိကြရာမှာ ဥရောပက အီးယူ (European Union) ကလဲ တခုအပါအဝင်ဖြစ်ပါတယ်။ အီးယူဆိုတဲ့ အဖွဲ့အစည်းဟာ (၁၉၉၃) ခုနှစ်မှာ Treaty of Maastricht အရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလမှာ Treaty of Lisbon စတင်အသက်ဝင်လာချိန်မှာ အီးစီလို့ အတိုကောက်ခေါ်ကြတဲ့ European Communities ရဲ့ လုပ်ငန်းတာဝန်များကို အစားထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အီးစီဆိုတဲ့ အဖွဲ့အစည်းကတော့ (၁၉၅၇) ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ European Economic Community (EEC) ကို ရည်ညွှန်းတာဖြစ်ပါတယ်။ မူလ အီးအီးစီမှာ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ လူဇင်ဘတ်နဲ့ နယ်သာလန်နိုင်ငံတို့ ပါဝင်ခဲ့ပါတယ်။ (၁၉၇၃) ခုနှစ်မှာ ဗြိတိန်၊ ဒိန်းမတ်၊ အိုင်ယာလန်နိုင်ငံတို့ပါဝင်ပြီး၊ အဖွဲ့ဝင် ကိုးနိုင်ငံ ဖြစ်လာပါတယ်။ (၁၉၈၁) ခုနှစ်မှာ ဂရိနိုင်ငံက အဖွဲ့ဝင်အဖြစ် ထပ်မံ ပါဝင်လာခဲ့ပြီး၊ ဆယ်နိုင်ငံ ဖြစ်လာပါတယ်။ (၁၉၈၆) ခုနှစ်မှာ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ ထပ်မံပါဝင်လာပြီး၊ ဆယ့်နှစ်နိုင်ငံ ဖြစ်လာပါတယ်။ (၁၉၉၅) ခုနှစ်မှာ ဆွီဒင်၊ ဖင်လန်နဲ့ ဩစတြီးယားတို့ ထပ်မံပါဝင်လာပြီး၊ ဆယ့်ငါးနိုင်ငံ ဖြစ်လာပါတယ်။ (၂၀၀၄) ခုနှစ်မှာတော့ အရှေ့ဥရောပမှာ နိုင်ငံဆယ်နိုင်ငံ ထပ်မံပါဝင်လာပြီး၊ နှစ်ဆယ့်ငါးနိုင်ငံ ဖြစ်လာပါတယ်။ (၂၀၀၇) ခုနှစ်မှာ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား တို့ ထပ်မံပါဝင်လာပြီး၊ နှစ်ဆယ့် ခုနှစ်နိုင်ငံဖြစ်လာခဲ့တာကြောင့် အီးယူရဲ့ နိုင်ငံရေး၊ စီးပွားရေးအခန်းကဏ္ဍကလဲ အတော်ပဲ ကျယ်ပြန့်လာခဲ့ပါတယ်။ ယူဂိုဆလားဗီးယား နိုင်ငံတော် ပြိုကွဲမှု ဖြစ်ပွားစဉ်က အီးယူအမည် မပေါ်ပေါက်သေးပါဘူး။ အီးစီ အမည်နဲ့ပဲ ရပ်တည်ဆဲ ရှိပါသေးတယ်။ ဒီအချိန်ကာလက ယူဂိုဆလားဗီးယားရဲ့ ပြည်တွင်းရေးမှာ အီးစီအနေနဲ့ ပါဝင်ပတ်သက်ခဲ့မှုတွေကို ဒီဆောင်းပါးမှာ ရေးသားတင်ပြပါမယ်။

နိုင်ငံတော်ပြိုကွဲမှုစတင်ခြင်း

(၁၉၈၉) မတိုင်ခင်ကာလအထိ ယူဂိုဆလားဗီးယားနိုင်ငံဟာ စစ်အေးတိုက်ပွဲမှာ မပါဝင်သော ကြားနေနိုင်ငံတခုဖြစ်ခဲ့ပါတယ်။ (၁၉၇၀) ကာလတွေကတည်းက အီးစီ (European Community) နဲ့ ဆက်ဆံရေးတွေ ရှိခဲ့ပေမယ့်၊ (၁၉၈၉) ခုနှစ်ရောက်မှသာ အီးစီနဲ့ တရားဝင် ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ (၁၉၉၀) ခုနှစ်ရောက်တော့ အီးစီဘက်ကနေ PHARE eligibility စတဲ့ အစီအစဉ်တွေနဲ့ တုန့်ပြန်ခဲ့ပေမယ့်၊ အီးစီရဲ့ သတ်မှတ်ချက်အဆင့်အတန်းတွေကို မမှီနိုင်တဲ့ ဘဲလ်ဂရိတ်အခက်အခဲတွေကြောင့် ရှေ့တိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီသတ်မှတ်ချက် အဆင့်အတန်းတွေထဲမှာ ဒီမိုကရေစီပေါ်အခြေခံပြီး ကျင်းပတဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဖယ်ဒရယ် ရွေးကောက်ပွဲဆိုတဲ့ အချက်လဲ ပါဝင်ပါတယ်။ ဒီလိုနဲ့ (၁၉၉၁) ခုနှစ်ရောက်တော့ ဖယ်ဒရယ်ရွေးကောက်ပွဲထွက်ပေါ်လာဖို့ အရေးက ပိုပြီး ခက်ခဲလာပါတယ်။

အဲဒီအချိန်မှာ ယူဂိုဆလားဗီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလှည့်ကျ ဖယ်ဒရယ်ဥက္ကဌ ဖြစ်သူက Croat အမျိုးသားဖြစ်တဲ့ Stipe Mesic ဖြစ်ပါတယ်။ သူ့ကို အီးစီရဲ့ကိုယ်စား Jacque Delors က ဖွဲ့စည်းပုံရေးရာ ပြဿနာဖြစ်နေတဲ့အပေါ်မှာ ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် စီးပွားရေး အထောက်အကူုပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ကတော့ ဒီလို ကမ်းလှမ်းချက်တွေပေးရတာ အလွန်ပဲ လွယ်ကူလှပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ် နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဒိုင်ယာလော့ခ် နည်းလမ်းဆိုတာက ပဋ္ဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးက ဒီနည်းနဲ့ ဖြေရှင်းမယ်လို့ လက်ခံမှ အောင်မြင်တဲ့ အရာပါ။ ဒီအတွက် ဒီနည်းလမ်းကို လက်ခံသဘောတူနိုင်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု အခင်းအကျင်းကို ကနဦးတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ ယူဂိုဆလားဗီးယားမှာ ဒီလိုနိုင်ငံရေးယဉ်ကျေးမှု အခင်းအကျင်း တည်ဆောက်ထားမှု မရှိခဲ့ပါဘူး။ ဒါကြောင့် ဒိုင်ယာလော့ခ်နည်းလမ်းကို ဆာဗ့်အမျိုးသားတွေသာမက ခရိုအက်အမျိုးသား အများစုကပါ ကန့်ကွက်ခဲ့ကြပါတယ်။

(၁၉၉၁) ခု၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ စလိုဗီနီးယား (Slovenia) က ယူဂိုဆလားဗီးယားကနေ ခွဲထွက်သွားပါတယ်။ တပြိုင်နက်တည်းမှာပဲ ခရိုအေးရှား (Croatia) ကလဲ ခွဲထွက်ဖို့ ပြင်ဆင်ပါတယ်။ အီးစီကတော့ ဒါတွေကို လျစ်လျုရှုထားပြီး အလှည့်ကျ ဥက္ကဌလုပ်တဲ့ ဖဒရေးရှင်း အိုင်ဒီယာကိုပဲ ဆက်ပြီး ပံ့ပိုးပါတယ်။ ဒိုင်ယာလော့ခ်နည်းနဲ့ ဖြေရှင်းကြဖို့ တွန်းအားပေးပါတယ်။ ဒီလိုအချိန်မှာပဲ (၁၉၉၁) ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ ရောက်တော့ နိုင်ငံတကာ သဘောထားတွေကို လျစ်လျူရှုပြီး စလိုဗီနီးယားနဲ့ ခရိုအေးရှားတို့က သူတို့ဘာသာ လွတ်လပ်ရေးကြေညာလိုက်ပါတော့တယ်။

ဒါကို တုန့်ပြန်တဲ့အနေနဲ့ ယူဂိုဆလားဗီးယား နိုင်ငံတော် ဖဒရယ်တပ်တွေက ဇွန်လ (၂၇) ရက်နေ့မှာ Ljubljana ကို ဝင်ပါတယ်။ ဖဒရယ်စစ်တပ်တွေက ခရိုအေးရှားကို ဝင်ရောက်ပြီး ဘော့စနီးယား- ဟာဇီဂိုးဗီးနားအထိ ရောက်လာပါတယ်။ အီးစီကလဲ ဒီအခြေအနေတွေ အပေါ်မှာ ချက်ချင်းတုန့်ပြန်ပါတယ်။ အီးစီဘက်ကကြည့်မယ်ဆိုရင် ယူဂိုစလားဗီးယား နိုင်ငံတော်ပြိုကွဲတာက ပထမ ဦးစားပေး အချက် မဟုတ်ပါဘူး။ ပြိုကွဲမှုက ယူဂိုဆလားဗီးယား နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနယ်မြေတွေထဲ မပြန့်ပွားလာရေးက အဓိက ဖြစ်ပါတယ်။ ဒါကြောင့် အီးစီအနေနဲ့က ဒီကိစ္စကို ကနဦး ဦးစားပေးရပါတယ်။ ဒီကိစ္စပြီးမှ သံတမန်နည်းလမ်းများသုံးပြီး အဖြေရှာဖို့ အီးစီက တွန်းအားပေး ပြောကြားပါတယ်။

လူဇင်းဘတ်၊ အီတလီ၊ နယ်သာလန် နိုင်ငံများက သမ္မတဟောင်း၊ သမ္မတသစ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနဲ့ ကော်မရှင်တာဝန်ခံများပါဝင်တဲ့ Troika ဆိုတဲ့ အချက်အလက်ရှာဖွေရေး အလည်အပတ်သွားရောက်မှု (fact-finding visit) နည်းလမ်း စတင်ပါတယ်။ နောက်တော့ Troika က ယူဂိုဆလပ် လူထုတပ်မတော် (ဂျေအင်အေ) အနေနဲ့ ခွဲထွက်သွားတဲ့ နယ်မြေတွေကနေ မထွက်ခွာရင် အီးစီက ပံ့ပိုးကူညီနေမှုတွေအားလုံးကို ရပ်တန့်မယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးကြေညာမှုတွေကိုလဲ သုံးလ ရပ်ဆိုင်းထားရမယ်လို့ ဆိုခဲ့ပါတယ်။ စီအက်စ်စီအီး (Conference on security and co-operation in Europe) ရဲ့ အရေးပေါ် အကြံပေး လုပ်ထုံးလုပ်နည်းများကို စတင်အကောင်အထည်ဖော်ပါတယ်။ ဒီလိုသံခင်းတမန်ခင်းလေးတွေကြောင့် အပစ်အခတ်ရပ်စဲမှု ရပ်တန့်ရေး အစီအစဉ်တွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် မကြာခင်ပဲ ပြန်ပျက်သွားပါတယ်။

ဇူလိုင်လထဲရောက်တော့ Troika ထဲက နိုင်ငံခြားရေး ဝန်ကြီးတွေလဲ သူတို့ရဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းမှု မအောင်မြင်ဘူးဆိုတာ သိမြင်လာကြပါတယ်။ ဒါကြောင့် ဇူလိုင်လ (၅) ရက်နေ့မှာ ယူဂိုဆလားဗီးယားရော၊ ခွဲထွက်ဒေသတွေကိုပါ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့ ရောင်းချတာကို ကန့်ကွက်လိုက်ကြပါတယ်။ ဇူလိုင်လ (၇) ရက်နေ့မှာ Troika’s Brioni Agreement ထွက်လာတော့ တစုံတရာအကျိုးများ ထူးလာလေမလားလို့ လူအများက စောင့်မျှော်ကြပါတယ်။ ဒါပေမယ့်လဲ ဒီသဘောတူညီချက်က စလိုဗီးနီးယားနဲ့ပဲ အဓိက သက်ဆိုင်တာဖြစ်ပြီး၊ လေ့လာစောင့်ကြည့်ရေးမစ်ရှင် ဖွဲ့ဖို့ လိုအပ်ချက်ဖြစ်လာပါတယ်။

အီးစီမှာကလဲ တရားဝင်စစ်တပ်နဲ့ လုံခြုံရေး ဖွဲ့စည်းပုံ (security structures) မရှိသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ့် Maastricht Summit ကလဲ ဒီဇင်ဘာမှ စမှာ ဖြစ်ပါတယ်။ နောက်တချက်က ပြဿနာအရပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတာ ဖြစ်တဲ့အတွက် သံတမန်နည်းလမ်း မဟုတ်တဲ့ တခြား ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်မယ်ဆိုရင်လဲ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ တရားဥပေဒေကို ဖယ်ရှားပစ်ရာ ရောက်တာကြောင့် နိုင်ငံတကာဥပေဒေက ခွင့်ပြုထားခြင်း မရှိပါဘူး။

နောက်ဆုံး စလိုဗီးနီးယားမှာ အကြီးအကျယ် စစ်ပွဲတွေ ဖြစ်နေချိန်အထိ အီးစီကတော့ ယူဂိုစလားဗီးယားနိုင်ငံ မပြိုကွဲရေး ကိုပဲ တောင်းဆိုပါတယ်။ ဒီလို တောင်းဆိုလို့ မပြိုကွဲရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဖယ်ဒရယ်စစ်တပ်ကို ထောက်ခံအားပေးလားဆိုတော့လဲ အားမပေးပြန်ပါဘူး။ အီးစီအနေနဲ့ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ပဲ ဆိုပါတယ်။ Brioni အစည်းအဝေးအပြီးမှ အီးစီ ဥက္ကဌ Jacques Poo က သံတမန်နည်းလမ်းများအောင်မြင်သွားပြီ ဖြစ်တဲ့အတွက် The hour of Europe လို့ တင်စားခဲ့ဖူးပါတယ်။

ဒါပေမယ့်လဲ မကြာခင်မှာလဲ Brioni Accords ကြီးက ပြိုလဲခဲ့တာ ဖြစ်လေတော့ ဒီအပေါ်မှာ အခြေခံထားခဲ့တဲ့ စေ့စပ်ဆွေးနွေးရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတာတွေကလဲ အိပ်မက် ပမာပါပဲ။ ဒီ Brioni Accords ကလဲ စလိုဗီးနီးယားအရေးပဲ အာရုံစိုက်ထားခဲ့တာကြောင့် ခရိုအေးရှား အရေးကို ဖြေရှင်းဖို့အတွက်ကျတော့ အသုံးမဝင်လှပါဘူး။ တပူပေါ်နှစ်ပူ ထပ်ဆင့်လာတာကတော့ ဘော့စနီးယားနဲ့ မက်စီဒိုးနီးယား တို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကလဲ ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆိုလာကြပြန်ပါတယ်။

(၁၉၉၁) ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှာ လန်ဒန်မှာ WEU (Western European Union) အစည်းအဝေးလုပ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြင်သစ်က ဦးဆောင်ပြီး ဆာဗ့်နဲ့ခရိုအက်တွေကြားက ပြဿနာကို စစ်အင်အားသုံးဝင်ရောက်စွက်ဖက် ဖြေရှင်းခြင်း (military intervention) ပြုလုပ်ဖို့ အဆိုတင်သွင်းပါတယ်။

ဒီအဆိုကို ဘယ်လဂျီယန်နဲ့ အီတလီက ထောက်ခံခဲ့ပြီး၊ ဒိန်းမတ်နဲ့ ပေါ်တူဂီကတော့ တက်တက်ကြွကြွ ထောက်ခံခြင်း မရှိခဲ့ပါဘူး။ ဗြိတိန်ကတော့ လိုအပ်မယ့် စစ်အင်အားနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။ လူမျိုးရေး၊ နိုင်ငံခွဲထွက်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံတွင်းမှာတင် ပြဿနာတွေကလဲ ရှိနေလေတော့ ပါဝင်ပတ်သက်ဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ဂျာမဏီကလဲ ဂျာမဏီရဲ့ အခြေခံဥပေဒေ (Grundgesetz) ဆိုင်ရာ ပြဌာန်းချက်တွေနဲ့ နယ်မြေပြင်ပမှာ စစ်အင်အားသုံးဖို့အတွက် လိုအပ်မယ့် စစ်ရေးရာတွေကို အကြောင်းပြခဲ့ပါတယ်။

ဒီတော့ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ယူဂိုဆလားဗီးယား ပြိုကွဲမှုကို တုန့်ပြန်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး အီးစီအတွင်းမှာတင် သဘောထားကွဲလွဲမှုတွေက အများကြီး ဖြစ်နေပါတယ်။ ဒီလိုနဲ့ စက်တင်ဘာ (၁၂) ရက်ရောက်တော့ ဖော့လင်းစစ်ပွဲမှာတုန်းက နှုတ်ထွက်ခဲ့ဖူးတဲ့ ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးဟောင်း Lord Carrington က ဥက္ကဌ အနေနဲ့ ဦးဆောင်တဲ့ ယူဂိုဆလားဗီးယားရေးရာ နိုင်ငံတကာ ကွန်ဖရင့်တခု Hague မှာ ထွက်ပေါ်လာပါတယ်။ ဒီကွန်ဖရင့် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ မက်ဆီဒိုနီးယားက ဖယ်ဒရေးရှင်းနဲ့ အနည်းငယ်သာ ဆက်စပ်မှုရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်မှုကို လက်ခံမယ်လို့ အဆိုပြုခဲ့ပါတယ်။ ခရိုအေးရှားကို ယူဂိုဆလားဗီးယား ဖယ်ဒရယ် စစ်တပ်က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ ယူဂိုဆလားဗီးယားကို ကမ္ဘာ့ကုလသမဂ္ဂက arms embargo ပြုလုပ်ပါတယ်။

Carrington ရဲ့ တန်းတူညီမျှခွင့်၊ လူမျိုးရေး အခွင့်အရေးများကို အပြည့်အဝ ခံစားခွင့် စတာတွေအပေါ်မှာ အခြေခံပြီး ယူဂိုဆလားဗီးယားအတွက် Confederal arrangements တွေ ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီစီမံချက်မှာ နိုင်ငံတော်နယ်နိမိတ် ယခင်အတိုင်း ရှိရေး ဆိုတဲ့ အချက်ပါတဲ့အတွက် ပြဿနာ ပြေလည်ခြင်း မရှိခဲ့ပါဘူး။ ဆာဗီးယားကို ငြိမ်းချမ်းရေးစီမံချက်ကို လက်ခံဖို့ အီးစီက တိုက်တွန်းခဲ့ပြီး၊ လက်မခံခဲ့ရင် တခြားပူးပေါင်းဆောင်ရွက်တဲ့ နယ်မြေဒေသတွေနဲ့ပဲ ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုခဲ့ပါတယ်။

နိုဝင်ဘာ (၈) ရက်ရောက်တော့ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်း တခုလုံးရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို အီးစီက withdraw လုပ်လိုက်ပါတယ်။ Hague က ချမှတ်တဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ပါ သတ်မှတ်ချက်၊ အခြေအနေတွေကို လက်ခံတဲ့ federal entity တွေကိုပဲ ပြန်လည်ထောက်ပံ့မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအရေးယူမှုဟာ ဆားဗီးယားကို ဦးတည်တာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးစီမံချက်ကို ဆားဗီးယားက ငြင်းဆိုခဲ့ပါတယ်။ အီးစီဟာ ဘက်လိုက်ဖြေရှင်းနေမှုတွေ ရှိတယ်ဆိုတဲ့ အမြင်တွေ ယူဂိုဆလားဗီးယား ဖယ်ဒရေးရှင်းနဲ့ ခွဲထွက်နယ်မြေထဲမှာ ရှိလာတာကြောင့် ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းမယ့် အစီအစဉ်ကို ရှာဖွေလာကြတယ်။

ဒီအခါမှာ အီးစီလဲ ယူဂိုဆလားဗီးယားအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စင်ပေါ်မှာ secondary actor နေရာကို ရောက်သွားခဲ့တယ်။ ဒီလို အခြေအနေတွေ ကြားမှာ ယူအင်မဝင်လာခင် စင်ပေါ်တက်လာ တာကတော့ ဂျာမဏီနိုင်ငံပဲ ဖြစ်ပါတော့တယ်။ အီးစီက ခေါ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားမှုတွေ၊ ခရိုအေးရှားနဲ့ စလိုဗီးနီးယား ဒေသတွေရဲ့ လွတ်လပ်ရေးကြေညာထားမှုကလဲ de facto ဖြစ်လာတဲ့ အခြေအနေတွေမှာ ဂျာမဏီရဲ့ နိုင်ငံရေးကစားကွက် စတင်ဝင်ရောက်လာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၅၊ ၅၊ ၂၀၁၃)

4 comments

  • ပန်းစံပါယ်

    May 7, 2013 at 4:23 pm

    အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။ ဆက်လက်ဖတ်ရှုဖို့ စောင့်မျှော်နေပါတယ်။

  • ခင်ခ

    May 7, 2013 at 4:48 pm

    (ဆက်လက်ဖော်ပြပါမည်)
    ကျွန်တော်တို့လည်း ဆက်ဖတ်ဖို့ စောင့်နေပါသည်။

  • kai

    May 7, 2013 at 10:43 pm

    မြန်မာပြည်အဲလိုဖြစ်လာနိုင်တာမို့.. သေသေချာချာဖတ်ထားသင့်ကြပါတယ်..။
    .. ဒီလောက်ပဲ..။ :kwi:

  • မင်းမင်း

    May 8, 2013 at 10:04 am

    ဖတ်ပါသည်။မှတ်ပါသည်။စောင့်မျော်နေပါသည်။ဒုတိယပိုင်း တတိ
    ယပိုင်း —-ဇာတ်သိမ်းပိုင်းထိစောင့်ဖတ်ပါမည်။ကျေးဇူးလဲတင်ပါသည်။

Leave a Reply