မနေ့ကညပိုင်း ၊ ရုံးပြန်ရဦးမယ့် ကျနော် အိမ်မှာ အမေနဲ့ စကားပြောနေတုန်း ဖုန်း ဝင်လာပါတယ် ၊

မင်းနိုင်ဆီကပါ ၊ ရှေ့နေလုပ်နေတဲ့ အောင်မြင့်ရယ် တွံတေးသိန်းတန်သား မြတ်သူတို့လည်း ပါသတဲ့ ၊

အိမ်နားက ရွှေလီမှာ စောင့်နေမယ်ဆိုလို့ တွေ့ဖြစ်ခဲ့ကြပါတယ် ၊

၎ ယောက်သား ဆုံတော့ အသံအကျယ်ဆုံးဝိုင်းဟာ ကျနော်တို့ ဖြစ်မယ်ထင်တာပါပဲ ၊

မင်းနိုင် ၊ မြတ်သူတို့နဲ့က ပြီးခဲ့တဲ့  ( ၁၉၇၄ – ၁၉၈၁ တီတီစီ ကျောင်းသားဟောင်းများ ) ဆရာကန်တော့ပွဲမှာ တွေ့ခဲ့ပေမယ့်

အောင်မြင့်နဲ့ မတွေ့တာ ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ ၊

ကျောင်းအုပ်ဆရာမကြီးအထိဖြစ်ခဲ့တဲ့ ၉ တန်း အတန်းပိုင်ဆရာမ ဒေါ်ခင်နွယ်တင့် အကြောင်း ၊ တက္ကစီမောင်းနေတဲ့ မိုးသူ နဲ့

သူ့အဒေါ် ၈ တန်း အတန်းပိုင်ဆရာမ ဒေါ်စန်းစန်းနီ အကြောင်း ၊

ကျနော်နဲ့ မတည့်တဲ့ ဘောဂဗေဒ ဆရာမ ဒေါ်တင်မူမြ အကြောင်း ၊ စာအသင်ကောင်းလှတဲ့ ( ရူပ ) ဒေါ်တင်မေ ၊ ( ဓါတု ) ဒေါ်ညွန့်ညွန့်စိန်တို့အကြောင်း ၊

ကျောင်းပြေးလွန်းတဲ့ ကျနော့်ကို ရုပ်ရှင်ဘိုး ၅ ကျပ်ပေးတဲ့ ၇ တန်း အတန်းပိုင် ဆရာ ဦးထွန်းစိန်အကြောင်း ၊

ကျောင်းမှာ စတားဖြစ်ခဲ့တဲ့ နွယ်အေးကြည် ၊ သန်းသန်းဋ္ဌေးတို့အကြောင်း ၊

ကြောင်ကလေးလို ချစ်စရာကောင်းတဲ့ မီမီလှိုင်အကြောင်း ၊ စာတော်လှတဲ့ သာသာဦး ၊ စိုင်းဋ္ဌေးဝင်း ၊ ဟန်ညွန့်တို့အကြောင်း ၊

ဆရာမတွေ ချစ်အောင်နေတဲ့ ( ထူး ) တေဇအကြောင်း ၊

ကျနော်နဲ့ ဆိုးဖော်ဆိုးဘက် သီဟ ၊ သိန်းဟန်တို့အကြောင်း ၊ ဂိုးဖမ်းတော်တဲ့ လှအောင်အကြောင်း ၊ ယောင်္ကျားလေး မိန်းကလေး အတန်းခွဲထားရာက တွဲလိုက်တဲ့အခါ ဖြစ်လာရတဲ့

ခုံထဲ ရည်းစားစာ ထည့်မှုများအကြောင်း ၊ ဆရာကန်တော့ပွဲ ဖျော်ဖြေရေးတွေဘက်မှာ တာဝန်ကျေတဲ့ ဇော်ဝင်းထွဋ် ၊ ( လီယိုနာ့တ် ) မောင်မောင်လွင် တို့အကြောင်း ၊

အဆိုတော်ကြီး ဒေါ်မေလှမြိုင်သား ကိုကိုအောင်အကြောင်း ၊ အင်းလျားလမ်း ၃၆ က ထင်လင်းရှိန်အကြောင်း ၊ မြန်မာ့အသံ တီးဝိုင်းခေါင်းဆောင် သက်နိုင်ဦးအကြောင်း ၊

အိုးးးးးး  ပြောလိုက်ကြတဲ့ အကြောင်းတွေဟာ မနည်းလှပါလား ၊

အင်းလေ ကျောင်းသားဘဝဆိုတာ လူ့ဘဝရဲ့ ပျော်စရာအကောင်းဆုံး အချိန် လွမ်းစရာအကောင်းဆုံး ဘဝကိုး ၊

ပြီးခဲ့တဲ့ ဆရာကန်တော့ပွဲမှာ မြတ်သူ ဆိုခဲ့တဲ့ သူ့အဖေ တွံတေးကြီး သီချင်းထဲကလို

( ဒို့များငယ်ငယ်တုန်းက ကျောင်းတက်လာကြတာတွေ မေ့ပါနဲ့လား မေ့ပါနဲ့လား သူငယ်ချင်း . . . .  ရေ )

 

10

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..