ဒိုချက်ကင် မြေဩဇာ ပြုလုပ်ခြင်း update

Wai Aung Chan MyoMay 11, 20131min2357

 

ဒိုချက်ကင်သည် ဂျပန်စကားဖြစ်ပြီး မှိုနှင့် ဒေသခံအဏုဇီဝပိုးများမွေးမြူပြီး သဘာဝမြေဆွေးပြုလုပ်ခြင်းဖြစ်သည်။

ပြုလုပ်နည်း ပထမအဆင့်မှာ-

၁။ သစ်ရွက်၊ ဝါးရွက်အောက်မှ ဆွေးမြေ့နေသောမြေဆွေးများကို အပေါ်ယံ ၄၊ ၅လက်မခန့် ဂေါ်ဖြင့် ပြည်တောင်း ၁ဝတောင်းခန့်ယူပါ။ (အထူးသဖြင့် ဝါးရွက်အောက်ကမြေဆွေး ဆိုလျှင် ပိုကောင်းသည်။ ဝါးရွက်သည် အင်မတန်မာသဖြင့် ဝါးရွက်ကိုတောင် ဆွေးအောင် ပြုလုပ်နိုင်သော အဏုဇီဝသည် အခြားအရာများကိုလည်း လွယ်လင့်တကူ ဆွေးမြေ့စေသည်။) မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။

၂။ တချိန်တည်းမှာပင် ကြံသကာအညို၊ သို့မဟုတ် ထန်းလျက်အညိုကြမ်း ၆ဝကျပ်သားခန့်ကို အရည်ပျစ်ပျစ်ကြိုကာ အအေးခံထားပြီး ရေ ၄ဂါလံဖြင့်ရောမွှေထားပါ။

၃။ ထို့နောက်ဖွဲနု (ဝါးရွက်မြေးဆွေး၏ ၅ပုံ ၁ပုံ) (၂တောင်း)ခန့်ကို ဝါးရွက်ဆွေးအောက်ကမြေဆွေးနှင့် ရောပြီး ကြံသကာရည်အရောကို မနည်းလွန်းမများလွန်း လက်ဖြင့်ဆုပ်လုံး၍ရရုံ သမအောင်မွှေလိုက် ရေရောလိုက် လုပ်ပါ။

ထိုသို့ သကာရည်ရောရာတွင် စိုထိုင်းဆ ၆၀%ခန့်ရှိရမည်။ စိုထိုင်းဆ ၆၀%ဆိုသည်မှာ ၎င်းအရောကို လက်ဖြင့်ဆုပ်ကြည့်လျှင် အလုံးဖြစ်ပြီး လက်ညိုးဖြင့် ဖိလိုက်လျှင် ကွဲသွားသော အနေအထားဖြစ်ရမည်။

(ရေနည်းလျှင် အလုံးမဖြစ်ပါ။ ရေများလျှင် လက်ညိုးဖြင့်ဖိလျှင် မကွဲပါ။ ရေနည်းလျှင် အဏုဇီဝပိုးပေါက်ပွားနှုန်းနှေးပြီး ရေများပါကလည်း ပုပ်ပြီး လုံးဝမဖြစ်တော့ပေ။ ထိုကြောင့် ရေစိုထိုင်းဆသည် အလွန်အရေးကြီးပေသည်။)

၄။ ထို့နောက် ဝါးရွက် (သို့မဟုတ်) ငှက်ပျောရွက်ကို အပေါ်မှအုပ်ကာ မိုးကာကို အပုံ၏ အနဲဆုံး ၂ပေအကွာမှ ထပ်အုပ်ပေး ရမည်။ မိုးကာအတွင်းလေဝင်လေထွက်ကောင်းစေရမည်။

၄ရက်အကြာ ငှက်ပျောရွက်များလှန်ကြည့်ပါက အပေါ်ယံမှာ မှိုများတက်နေ၍ ဖွေးနေပြီး လက်နှိုက်ကြည့်လျှင် ပူနွေးနေကာ အနံ့မှာချိုအီ မွှေးနေပေလိမ့်မည်။ ထိုသို့ဖြစ်နေပါက အလွန်ကောင်းမွန်သော ဒိုချက်ကင်ကို ရပြီဖြစ်၍ အိတ်အသန့်ထဲ ထည့်ကာ ခြောက်သွေ့သောနေရာတွင်ထားပါ။
မှတ်ချက်- မြန်မြန်ဆွေးပြီး အဏုဇီဝမှိုများများပွားစေချင်လျှင် ဖွဲနုကို ဝါးရွက်မြေဆွေးနှင့် ဆတူနီးပါးရောစပ်နိုင်သည်။ ထို့နည်းတူ သကာရည်ကိုလည်း ပြစ်ပြစ်ရောစပ်နိုင်သည်။

နေရောင်ခြည်တိုက်ရိုက်ကျသောနေရာ၊ ပိုးသတ်ဆေး၊ အက်ဆစ်၊ ဒီဇယ်များ ဖိတ်စင်ထားသောနေရာ၊ လတ်တလော မီးလောင်ထားသောနေရာတို့ကို ရှောင်ကျဉ်ရမည်။

 

ဒုတိယအဆင့်မှာ-

မြေဩဇာပုံ၏ အသင့်လျော်ဆုံးအရွယ်အစားမှာ အလျား ၅ပေ၊ အနံ ၅ပေ၊ အမြင့် ၃ပေဖြစ်သည်။ မြေဩဇာပုံပြုလုပ်မည့် မြေပြင်၅ပေပတ်လည် အနားလေးဖက်၏ အတွင်းဘက်တွင် ၁ပေခွဲစီချန်ကာ အလျား ၅ပေခန့်ရှိသော ဝါးလုံး အနဲဆုံး ၄လုံးကို အဆစ်များ အပေါက်ဖောက်ကာ ဘေးမှ ၆လက်မအကွာအဝေးတိုင်းမှာ လေဝင်ပေါက်များ ဘယ်ညာဖောက်ပြီး အပြင်သို့ စောင်းထောင်ကာ မြေစိုက်ထားရမည်။ အပုံအတွင် လေဝလေထွက်ကောင်းစေရန်ရည်ရွယ်သည်။

၁။ စပါးခွံ (သို့မဟုတ်) ဖွဲပြာ (သို့မဟုတ်) လွှစာမှုန့်များကို ၄ပေပတ်လည်၊ ထု ၂ လက်မခန့် မြေပေါ်တွင်ဖြန့်ခင်းပါ။ မိုးရေမတိုက်စားစေရန် ကုန်းမြင့်မြင့်တွင် ပြုလုပ်ရန်လိုသည်။ ထိုအပေါ်မှ ဒိုချက်ကင်ပထမအဆင့်ကို အပေါ်ယံအနှံ့ဖြန့်ကာ ဖြူးပေးပါ။

၂။ ထို့နောက် နွားချေး (သို့မဟုတ်) ကြက်ချေး (သို့မဟုတ်) ဝက်ချေး ကို ထု ၃ လက်မခန့် အပေါ်မှထပ်ခင်းပါ။ ထိုအပေါ်မှ ဒိုချက်ကင်ပထမအဆင့်ကို အပေါ်ယံအနှံ့ဖြန့်ကာ ဖြူးပေးပါ။

၄။ ၎င်းနောက် ကောက်ရိုး (သို့မဟုတ်) မြက်ခြောက် (သို့မဟုတ်) ပြောင်းဖူးရိုး တခုခုကို ထု ၂ လက်မခန့် အပေါ်မှထပ်ခင်းပါ။ ထိုအပေါ်မှ ဒိုချက်ကင်ပထမအဆင့်ကို အပေါ်ယံအနှံ့ဖြန့်ကာ ဖြူးပေးပါ။

၅။ ထပ်၍ အစိမ်းရောင်ပါသောသီးနှံစွန့်ပစ်ပစ္စည်းများကို ထု ၂လက်မခန့် အပေါ်မှ ထပ်ခင်းပါ။ ထိုအပေါ်မှ ဒိုချက်ကင်ပထမအဆင့်ကို အပေါ်ယံအနှံ့ဖြန့်ကာ ဖြူးပေးပါ။

၆။ ၎င်းတို့အပေါ်မှ ဝါးရွက်မြေဆွေးကို ၂လက်မနီးပါး ထပ်ခင်းပါ။ ထိုအပေါ်မှ ဒိုချက်ကင်ပထမအဆင့်ကို အပေါ်ယံအနှံ့ဖြန့်ကာ ဖြူးပေးပါ။

၅။ အထက်မှ အချက်၆ချက်ပြုလုပ်ရာမှရရှိသော အလွှာ ၁လွှာလျှင် အမြင့် ၁ပေနီးပါးရှိ၍ ထိုကဲ့သို့ အလွှာပေါင်း ၃လွှာ၊ ၄လွှာခန့် ပြုလုပ်ပေးပါ။ နွေရာသီတွင် အရိပ်ထဲတွင်ပြုလုပ်ရမည်။ အထပ်မှ အလွှာတလွှာချင်းစီ၏ အထပ်တထပ်စီတိုင်းမှာ သကာရည်ကျဲကျဲကို အစိုဓာတ်ကလေးရှိနေစေရုံ ဖြန်ပေးခြင်းဖြင့် အဏုဇီဝပိုးများ ပေါက်ဖွားနှုန်းပိုမြန်သည်။

၆။ နောက်ဆုံးအထပ်အပေါ်မှာ ကောက်ရိုးဖြင့် ဖုံအုပ်စေပြီး အပေါ်မှ မိုးကာကို အပုံ၏ အနဲဆုံး ၂ပေအကွာမှ ထပ်အုပ်ပေး ရမည်။ မိုးကာအတွင်းလေဝင်လေထွက်ကောင်းစေရမည်။

၇။ ထိုမြေဩဇာအပုံသည်လည်း ၃၊ ၄ရက်ကြာလျှင် ပူနွေးလာပြီး ၃ပတ်ကြာလျှင် ပြန်အေးသွားမည်။ ထိုအခါ အပုံကို အထက်အောက် ဘေးအဖက်ဖက်ကို သမအောင်ပြန်လှန်ပေးရမည်။ ပြန်လှန်ပြီး ၃၊ ၄ရက်ကြာလျှင် ပြန်ပူလာပြီး ၂ပတ်ကြာလျှင် ပြန်အေးသွားမည်။ နောက်တခါ ပြန်လှန်ပေးရမည်။ အပုံလှန်လှောတိုင်း ရေအနည်းငယ်ဖြန်းပေးရန်လိုသည်။

၈။ ထိုကဲ့သို့ ၂ပတ် ၄ကြိမ်ထားပြီး ကြားတွင် ၃ ကြိမ်လှန်လှောပေးပြီး ဒုတိယအဆင့်ကို စလုပ်သည်မှ သီတင်းပတ် ၈ပတ်၊ ခန့်ကြာလျှင် ဒိုချက်ကင်ပြန့်နှံ့သွားပြီဖြစ်သည်။ အပင်အရွယ် အမျိုးအစားပေါ်မူတည်၍ အပင်ခြေပတ်လည် နို့ဆီဗူး ၃ ၊၄ဗူးခန့် ဖြန်းပေးရုံဖြင့် မြေဆီအတွင်း လေဝင်လေထွက်၊ ရေဝင်ရေထွက်ကောင်းစေခြင်း၊ အပင်အတွက်အကျိုးပြုစေသော အဏုဇီဝပိုးများ ပေါများစေခြင်း စသော ကောင်းကျိုးများကို ရရှိစေပါသည်။ တခြားသီးနှံများအတွက် မြေတဧကလျှင် ဒိုချက်ကင် မြေဩဇာ (၅ပေပတ်လည် အမြင့်၃ပေ) အပုံ ၄ပုံထည့်နိုင်လျှင်ကောင်းသည်။

 

ဒိုချက်ကင် သဘာဝမြေဩဇာ၏ ကောင်းကျိုးများ

၁။ မိမိသဘာဝဝန်းကျင်ရှိ သဘာဝပစ္စည်းများဖြင့် ပြုလုပ်ရသဖြင့် ငွေကြေးသက်သာ ထိရောက်မှုရှိခြင်း။

၂။ သဘာဝအလျှောက် အပင်များလွယ်လင့်တကူ စားသုံးနိုင်သော အာဟာရဓာတ်ပုံစံကို တိုက်ရိုက်ပေးနိုင်စွမ်းရှိခြင်း။

၃။ လေရှုအဏုဇီဝပိုးများ၊ လေမဲ့အဏုဇီဝပိုးများနှင့် ပရိုတိုဇိုးဝါး၊ နီမတုတ်စသော သတ္တဝါတို့ မြေကြီးအတွင်း ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေရန် ဆောင်ရွက်ပေးနိုင်စွမ်းရှိခြင်း။

၄။ ဒေသခံအဏုဇီဝပိုးများကိုပင် စွမ်အားမြှင့် မွေးမြူထားခြင်းဖြစ်သဖြင့် ဒေသရှိ နဂိုရှိအဏုဇီဝများနှင့် သဟဇာတဖြစ်အောင် နေနိုင်ခြင်း၊ ထိုမှတဆင့် ၎င်းရှိ မြေဆီလွှာအတွင်း အာဟာရဓာတ် ကောင်းမွန်စေခြင်း။ ရောဂါဒဏ်၊ ရာသီဥတု ဆိုရွားမှုဒဏ်၊ ရေငတ်ဒဏ် (မိုးခေါင်ရေရှားဒဏ်)၊ စသည်တို့ ခံနိုင်ရည်ရှိခြင်း။

၅။ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓာတ်များသာမက အနဲလိုဓာတ်များအပြင် သဘာဝ ဩဂဲနစ်ပစ္စည်းများစွာ ပါဝင်သောကြောင့် စိုက်ပျုိုးသူ၊ စားသုံးသူ၊ သုံးစွဲသူတို့ကို ဘေးဥပါဒ်မဖြစ်စေသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်စေခြင်း။

7 comments

  • မင်းမင်း

    May 11, 2013 at 10:18 am

    စမ်းကြည့်မယ်ဗျာ။

    • Wai Aung

      May 11, 2013 at 8:39 pm

      စမ်းကြည့်ပါ လိုအပ်တာရှိခဲ့ရင် mail ပို့ပြီး မေးနိုင်ပါတယ်။
      waiaungchanmyo@gmail.com

  • မောင် ပေ

    May 11, 2013 at 7:32 pm

    ကိုဝေအောင်ရေ ၊ ကိုယ်တိုင်လုပ်ချင်ပေမယ့် ၊ တစ်နယ်စီမို ့ အချိန်အကြာကြီး ပေးမလုပ်နိုင်လို ့၊
    အထက်မြန်မာပြည်ဘက် မှာ ၊ ဒိုချက်ကင် လုပ်ပြီးသား ဝယ်လို ့ရမယ့် နေရာလေးများ ညွှန်းပေးပါဦးဗျား

    • Wai Aung

      May 11, 2013 at 8:37 pm

      ကိုယ်တိုင်မလုပ်နိုင်လဲ အလုပ်သမားတွေကို ဦးစီးညွန်ကြားပြသပေးမယ့်သူ ရှိရင်တော့ အဆင်ပြေပါလိမ့်မယ်။ နောက်ပိုင်း အချိန်ရရင်တော့ လုပ်နည်းအဆင့်ဆင့် ဓာတ်ပုံရိုက်ပြီး တင်ပေးပါ့မယ်။
      ဒိုချက်ကင်လို့ ပြောပြီးရောင်းနေတဲ့ နေရာတွေ အများကြီးရှိပေမယ့် စိတ်ချရတယ်လို့ ကျနော်အာမ မခံနိုင်တဲ့အတွက် မညွှန်ပြပေးနိုင်ပါဘူး။ အမှိုက်ပုံတွေက ပလက်စတစ်တွေနဲ့ ရောနေတဲ့ မြေသားတွေကို မီးရှို့ပြာချထားတွေ တချို့ရောထားတာတွေရှိပါတယ်။ ဒီတော့ ဝယ်တဲ့ကိစ္စကို ကျနော်အားမပေးပါဘူး။ ဒီလိုပို့စ်တွေ ရေးရခြင်းရဲ့ ရည်ရွယ်ချက်ကလဲ ခင်ဗျားတွေကတဆင့် တောင်သူတွေဆီ ပြန်ပြီး နည်းပညာ ရောက်သွားဖို့ပါ။ ကုန်ကျမှုသက်သာပြီး ထိရောက်တဲ့နည်းမို့ အခုလို share ပေးတာပါ။

  • ဦးကြောင်ကြီး

    May 11, 2013 at 7:51 pm

    ဒိုချက်ကင်
    ဖိုမျက်ရှင်
    ပျိုသက်လွင်
    အိုနတ်စင်.. :mrgreen:

  • padonmar

    May 15, 2013 at 10:22 pm

    ဒိုချက်ကင် အကြောင်း အရင်နှစ်က တင်တာလေး ဖတ်မိပါတယ်။ကြိုက်လို့ ကူးထားချင်တာ ပြန်ရှာရခက်ဖြစ်နေခဲ့တယ်။
    အခုတော့ ပရင့်ထုတ်ကူးထားလိုက်ပြီ။
    စမ်းသပ်ကြည့်ပါမယ်။
    ခုလို စိုက်ပျိုးရေးသမားတွေ အကျိုးရှိမယ့် ပို့စ်လေးတွက် ကျေးဇူးပါ။

    • Wai Aung

      May 16, 2013 at 7:36 am

      ဟုတ်ကဲ့
      အခုလို မျှဝေပေးရတာကိုပဲ ဝမ်းသာလှပါတယ်။

Leave a Reply