ရွက်ဖြန်း မြေဩဇာ အကြောင်း တစေ့တစောင်း

Wai Aung Chan MyoJune 11, 20131min2356

“Plant never eat, but they drink” ဆိုတဲ့ စကားအတိုင်း အပင်တွေဟာ အစိုင်အခဲတွေကို မစားနိုင်ပါဘူး။ ရေသောက်မြစ်၊ အစာသောက်မြစ်တွေကတဆင့်သော်၎င်း၊ အရွက်တွေမှာ အဓိကရှိတဲ့ stoma လို့ခေါ်တဲ့ အပေါက်တွေက တဆင့်သော်၎င်း အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူပါတယ်။

(မှတ်ချက်၊ အရွက်မျက်နှာပြင် အပေါ်နဲ့အောက်မတူတဲ့ အရွက်များအတွက် အောက်မျက်နှာပြင်မှာ stoma အပေါက်တွေ ၉၅%ရှိပြီး အပေါ်မျက်နှာပြင်မှာ ၃%နဲ့ အပင်ရဲ့ကျန်နေရာများမှာ ၂%ရှိပါတယ်။ သစ်မွှေးဟာ အပေါ်နဲ့အောက် မျက်နှာပြင် မတူညီတဲ့အတွက် ရွက်ဖြန်ဆေးဖြန်းရာမှာ အောက်မျက်နှာပြင်ကို ဖြန်းမှသာ ပိုထိရောက်ပါတယ်။)

ဒီတော့ အရည်ပဲ သောက်သုံးနိုင်တဲ့ အပင်တွေကို နောက်ချေးကဲ့သို့သော အစိုင်အခဲ မြေဩဇာများကို ကျွေးရာမှာ အဓိက သတိပြုသင့်တာကတော့ ရေများများလောင်းပေးဖို့ပါပဲ။ ဒါမှ ရေနဲ့တချို့ပျော်ဝင် တချို့ဓာတ်ပြု၊ တချို့ပြိုကွဲကြပြီး အပင်စားသုံးနိုင်တဲ့ ion ပုံစံများအဖြစ် ပြောင်းလဲသွားပါတယ်။ Sulfur ချို့တဲ့နေတဲ့ မြေတဧကမှာ မြေဩဇာအနေနဲ့ ကျွေးရင် ပေါင် ၁၀ဝလောက် ကျွေးရမယ်ဆိုပါစို့။ ဒါကို Sulfur ပါတဲ့ ရွက်ဖြန်းမြေဩဇာ ကျွေးမယ်ဆိုရင် ပေါင်ဝက်မျှသာ ကုန်တော့တယ်။

၂ဝရာစုအလယ်လောက်မှစပြီး ဒီ ရွက်ဖြန်းမြေဩဇာအကြောင်း နားလည်လာပြီး မြေဩဇာတွေနဲ့ တွဲဖက်အသုံးပြုလာကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရွက်ဖြန်းမြေဩဇာကိုသာ တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ (မြေဩဇာအစာထိုး) ဒါဟာ သဘာဝမကျတဲ့ လုပ်ရပ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲ ဆိုတော့ ရိုးရိုးလေးတွေးကြည့်ရင် ရေမှာ ပျော်ဝင်နိုင်တဲ့ ဓာတ်စင်တွေရှိသလို မပျော်ဝင်နိုင်တဲ့ ဓာတ်စင်တွေလည်းရှိတယ်။ နောက်ပြီး မြေကြီးမှာ အဏုဇီဝပိုးကဲ့သို့သော သက်ရှိတွေ နေထိုင်နိုင်ဖို့ရာ လိုအပ်တဲ့ လေဝင်လေထွက်စနစ် အပါအဝင် live soil လို့ခေါ်တဲ့ သက်ရှိမြေဩဇာ ဖြစ်နေဖို့ ပါဝင်ရမယ့် မြေ အချိုးအစား အမျိုးအစားတွေကို ရွက်ဖြန်းမြေဩဇာတခုတည်းနဲ့ မရပ်တည်နိုင်ပါဘူး။

ရွက်ဖြန်းမြေဩဇာလို့ ပြောရာမှာ ယခုခေတ် စိုက်ပျိုးသူတို့ အများစု အသုံးပြုနေကြတဲ့ အရွက်ဖြန်းဓာတ်မြေဩဇာတွေရော ကျနော် ရေးသားဖော်ပြနေတဲ့ သဘာဝရွက်ဖြန်းမြေဩဇာတွေပါ ပါဝင်တယ်။ ဒီနေရာမှာ ဓာတ်မြေဩဇာအကြောင်း စပ်မိလို့ ပြောပြချင်တယ်။ အရင်က ပို့စ်တွေမှာ အပင်အတွက် အဓိကလိုအပ်တဲ့ ဓာတ် ၁ရ မျိုးအကြောင်းပါပါတယ်။ အဲ့ဒီ ဓာတ်တွေက တခုနဲ့ တခု အနဲအများ (အပင်အတွက် လိုအပ်တဲ့) ပမာဏသာ မတူကြတာ။ တခုမပါဝင်လို့သော်၎င်း၊ ပါသင့်တဲ့ အချိုးအဆ နဲရင်သော်၎င်း၊ များရင်သော်၎င်း အပင်အတွက် ထိခိုက်စေပါတယ်။  ဒါကို ဘာနဲ့ ဥပမာပြုမလဲဆိုရင် ရှေးတရုတ်တွေ အသုံးပြုတဲ့ ရေစည်တွေလိုပါပဲ။ သစ်သားချောင်းတွေကို ဒေါင်းလိုက်စီပြီး အဝိုင်းပုံသဏ္ဍာန်ဝိုင်းကား စည်းလိုက်ပြီး အောက်က တခုခုနဲ့ပိတ်ကာကာ ရေထည့်အသုံးပြုရတဲ့ စည်မျိုးပါ။ ဒီစည်ကို ပုံနှိုင်းကြည့်ရင် စီထားတဲ့သစ်သားတွေက တချောင်းနဲ့တချောင်း ဗျက်မတူလို့ရတယ်၊ ဒါပေမယ့် အရှည်တော့ ညီမှရတယ်။ မဟုတ်ရင် ရေထည့်တဲ့အခါ အတိုဆုံးအချောင်း ရှည်သလောက်သာ ရေဆန့်မှာဖြစ်လို့။ ဒီပုံပမာအတိုင်း အပင်အတွက် လိုအပ်တဲ့ အဓိက လိုအပ်တဲ့ ဓာတ် ၁ရ မျိုးဟာလဲ တခုတခုနဲ့ ပါဝင်ရမယ့် အချိုးအစားသာမတူသာ၊ အကုန်လုံး ပါဝင်ဖို့ရာ လိုအပ်ပါတယ်။ ဒါကလဲ အပင်တမျိုးနဲ့တမျိုးပေါ် မူတည်ပြီး အချိုးအစားတွေ မတူနိုင်ပါဘူး။

အပေါ်မှာဖော်ပြခဲ့တာတွေကို မိတ်ဆွေတို့ နားလည်ရင်လဲလည်မယ်။ ရှုပ်နေရင်လဲ ရှုပ်ကုန်မယ်။ မေးစရာရှိတာက အပင်တမျိုးစီအတွက် တိကျတဲ့ အချိုးအဆ ပမာဏတွေကို ဘယ်လိုလုပ်သိနိုင်မလဲ၊ သိသည်ထားအုံး။ ဈေးကွက်မှာ ဘယ်လိုရှာမလဲ။ (ကျနော်သိသလောက်တော့ ဓာတ် ၁ရမျိုးလုံးပါဝင်တဲ့ အပင်တမျိုးစီ သီးသန့်ထုတ်ထားတဲ့ ရွက်ဖြန်းဓာတ်မြေဩဇာပဲဖြစ်ဖြစ်၊ ဓာတ်မြေဩဇာပဲဖြစ်ဖြစ် ဈေးကွက်မှာ လုံးဝ မရှိပါ။) နောက်ပြီး အပင်တွေရဲ့ ရာသီအချိန်ပေါ်မူတည်ပြီး အစာကို စားသုံးနိုင်တဲ့ ပမာဏကိုသိဖို့ရာလဲ ခက်ပါတယ်။ ဥပမာ ကိုယ်က ၁၀ဝ ဂရမ် ကျွေးလိုက်ပေမယ့် ၅ ဂရမ်လောက်တောင် စားနိုင်ဖို့ မလွယ်ပါ။ ဒါတွေကိုရော အတိအကျ ဘယ်လိုတွက်နိုင်မလဲ။

ဓာတ်တခုလိုအပ်တာထက် ပိုသွားခဲ့ရင်လဲ အပင်အတွက် ဒုက္ခဖြစ်စေတယ်ဆိုတာ ဒီလိုပါ။ ဓာတ်တခု လိုအပ်တာထက် ပိုသွားခဲ့ရင် အပင်က အခြားဓာတ်တမျိုးကို စားသုံနိုင်မှုပမာဏ(စွမ်းရည်) နည်းသွားပါတယ်။

ဒါကြောင့် ဒါတွေအားလုံးကို အတိအကျ သိဖို့ရာ အပင်တွေကို ကျွေးဖို့ရာ ခက်ခဲပါတယ်။ ဒါတွေအားလုံး အဆင်ပြေစေမယ့် တခုသော နည်လမ်းကတော့ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာ၊ ရွက်ဖြန်းဆေးတွေကို အသုံးပြုခြင်းပါပဲ။ အပင်အတွက် လိုအပ်တဲ့ ဓာတ်တွေအများစုကို သူတို့ဆိုင်ရာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေမှာ သိုလှောင်ထားပါတယ်။ ဥပမာ အရွက်အားကောင်းစေဖို့ဆိုရင် အရွက်အချဉ်ဖောက်ရည်ကို အသုံးပြုရပါတယ်။ အသီးအားကောင်းဖို့ဆိုရင် အသီးအချဉ်ဖောက်ရည်ကို အသုံးပြုရပါတယ်။ ဒါက အများဆန်းကျယ်တဲ့ထင်နေတဲ့ နည်းပညာရဲ့လျှို့ဝှက်ချက်ကိုသိသွားရင် ရိုးရှင်းတဲ့နည်းပါ။ ဒီထက်ပိုပြီး ဆန်းကျယ်တာပြောရရင် မျိုးတူရာအပင်တွေရဲ့ အချဉ်ဖောက်ရည်တွေကို သုံးခြင်းအားဖြင့် ထိုစိုက်ပျိုးပင်ရဲ့ ဖွံ့ဖြိုးကျန်းမာမှုကို ဖြစ်ထွန်းစေပါတယ်။ ဥပမာ ခရမ်းချဉ်သီးပင်အပင်အတွက် ခရမ်းချဉ်သီး အချဉ်ဖောက်ရည်ကို သုံးခြင်းပါပဲ။

အချဉ်ဖောက်ရည်တွေကို ပြုလုပ်တဲ့အခါမှာ သဘာဝအတိုင်းပေါက်နေတဲ့ သို့မဟုတ် သဘာဝ/ဩဂဲနစ်နည်းနဲ့ စိုက်ပျိုးထားတဲ့ အပင်တွေက ကျန်းမာတဲ့ အစိတ်အပိုင်းတွေကို မနက်ခင်းစောစောအချိန်မှာ ခူးဆွတ်ပြီး ရေမဆေးဘဲ သကာရည်၊ (ထန်းလျက်ရည်) သုံးပုံ တပုံခန့်ရော၍ နုပ်နုပ်စဉ်း၍ စဉ့်အိုးထဲထည့်သိပ်ကာ အိုး၏ သုံးပုံ ၁ပုံခန့်ကို လေဟာနယ်အဖြစ်ထားပေးပါ။ (မှတ်ချက် မပြုလုပ်မီ ၃၊ ၄ရက်ခန့် မိုးမရွာထားရပါ။)

6 comments

  • Ma Ma

    June 11, 2013 at 9:20 am

    အောက်ဆုံးက အချဉ်ဖောက်ရည်သုံးတဲ့ ရိုးရှင်းတဲ့ နည်းပညာလေးကို သဘောကျပြီး သုံးကြည့်ချင်ပါတယ်။

    ပန်း ပွင့်စေချင်ရင်လည်း ပန်းပွင့်အချဉ်ဖောက်ရည်ကို သုံးရမယ်ထင်တယ်။ ဟုတ်ပါသလား။ အဲဒါဆို ပန်းပွင့်ကို အချဉ်ဖောက်လောက်အောင် ရဖို့ မလွယ်ဘူးထင်တယ်။

    နောက်ပြီး အချဉ်ဖောက်ဖို့ အိုးစိမ်တဲ့အခါ ဘယ်နှစ်ရက်နေရင် အချဉ်ပေါက်ပြီး သုံးစွဲလို့ ရပြီလဲ။
    ဘယ်လောက်ကြာတဲ့အထိ အထားခံသလဲ။
    ဒီကြားထဲမှာ ဘာလုပ်ပေးဖို့ လိုသေးလဲ။
    အချဉ်ဖောက်ရည်ကို ဘယ်လို အပင်ပေါ်ဖြန်းပေးရမလဲ။ တိုက်ရိုက်ဖြန်းပေးရမလား။ ရေရောဖို့ လိုသေးလား။

    မပင်ပန်းဘူးဆိုရင် ဖြေပေးစေလိုပါတယ်။
    ကျေးဇူးအများကြီးတင်ပါတယ်။ :hee:

    • Wai Aung Chan Myo

      June 15, 2013 at 11:41 am

      ကျနော် ဖော်ပြတာ ယေဘုယျ ဖော်ပြချက်ပါ။ တကယ်က အသီးအပွင့်အားကောင်းစေဖို့ ဆိုရင် ဖော့စရပ် ဓာတ်ကို သုံးရပါတယ်။ ဈေးကွက်မှာဆိုတော့ တီဆူပါ ပါပေါ့ဗျာ။ ဒါပေမယ့် ကျနော် ပြောခဲ့သလို ဓာတ်မြေဩဇာက အပင်အတွက် ဆိုးကျိုးတချို့ကို ဖြစ်စေတဲ့အတွက် သဘာဝမြေဩဇာကို သုံးမယ်ဆိုရင် အရိုးမှုန့်ကို သုံးသင့်ပါတယ်။ နှင်းဆီသမားတွေ အသုံးများကြပါတယ်။ အရိုးမှုန့်ကို ဓာတ်ခွဲကြည့်ရင် ဖော့စရပ်ဓာတ် ၂ဝ ကနေ ၄ဝလောက်ထိ ပါဝင်တတ်လို့ တော်တော် အသုံးဝင်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင် နှင်းဆီတချို့ကို စမ်းသပ်သုံးကြည့်တဲ့အခါ အပွင့်အားကောင်းလာပါတယ်။
      ဒါက သဘာဝမြေဩဇာအနေနဲ့ ပြောတာပါ

      ရွက်ဖြန်းဆေး အနေနဲ့ ပြောမယ်ဆိုရင်တော့ အသီးအပွင့်အတွက်ကို FFJ (Fermented Fruit Juice) လို့ ခေါ်တဲ့ အသီး အချဉ်ဖောက်ရည်ကို အသုံးပြုရပါလိမ့်မယ်။ သူ့စိုက်ပျိုးပင်ရဲ့ အသီးကို ရဖို့ဆိုတာ စိုက်ပျိုးပင်တိုင်းအတွက် မဖြစ်နိုင်တဲ့အတွက် ယေဘုယျအားဖြင့် အများစု အသုံးပြုနိုင်တဲ့ အသီးအချဉ်ဖောက်ရည် လုပ်နည်းကတော့
      အသီးအချဉ်ဖောက်ရည်မပြုလုပ်မီ ရှေးဦးစွာ ဆန်ဆေးရည် (ပထမအကြိမ် ဆေးသည့်ရေ) ကို ၁ဝလီတာခန့် ရအောင် စဥ့်အိုးထဲ ထဲ့၍ စုဆောင်းပါ။ နောက်ဆုံးပြည့်သည့်ရက်မှ ၂ပတ်ကြာလျှင် အသီးအချဉ်ဖောက်ရည် စ၍ ပြုလုပ်ပါ။ ဆန်ဆေးရည်စုဆောင်းသည့် စဉ့်အိုးကို ပိတ်ပါးနှင့် ယင် ပိုးကောင် မဝင်စေရန် လုံခြုံစွာဖုံးအုပ်ပေးဖို့ လိုအပ်ပါသည်။
      ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး မှန်းခြေ ၁ ပိဿာစီလောက် ယူပါ။ ပြီးနောက် လက်သည်းခွံပမာဏခန့် ဖြတ်တောက်စဉ်းပါ။ အစိတ်အပိုင်းသေးငယ်လေ ပိုကောင်းလေ ဖြစ်သည်။
      ထို့နောက် အချိန် ၁ဝ (ဆယ်ပိဿာ)ဝင် စဉ့်အိုးတလုံးထဲသို့ ထိုအသီး၃မျိုး ရောမွှေ၍ ထည့်ပါ။ ပြီးနောက် ကြက်ဥ ၁ဝ ဖောက်ထည့်ပါ။ အခွံများပါ ထည့်၍ အသုံးပြုနိုင်သည်။

      ကဲ ဒီလောက်ဆို ပြည့်စုံပြီလို့ ထင်ပါတယ်။ မရှင်းလဲ ထပ်မေးပေါ့ဗျာ။
      မှတ်ချက် အသီးများမှာ အမှည့်လွန်နေလျှင် ပိုကောင်းပြီး ရေမဆေးဘဲ ပြုလုပ်ပါ။ ကြက်ဥများမှာတော့ လတ်ဆတ်ဖို့ လိုပါမည်။
      ထန်းလျက် ၃ပိဿာကို ရေ၅လီတာရော၍ အရည်ပျော်ရုံ ကျိုပြီးနောက် အအေးခံပါ။
      ထို့နောက် ဆန်ဆေးရည် ၂ပတ်အကြာ အချဉ်ဖောက်ထားသော ၁ဝလီတာခန့်နှင့် ထန်းလျက်ရည် အအေးခံပြီးသားတို့ကို စဉ့်အိုးထဲသို့ လောင်းထဲ့၍ အမျိုးအားလုံး သမသွားအောင် ရောမွှေပေးပါ။
      ပြီးနောက် ပိတ်ပါးဖြင့် လုံခြုံစွာဖုံးအုပ်ထားပြီး အနဲဆုံး ၂ရက်တကြိမ် မွှေပေးပါ။
      ၂ပတ်ကြာသည့် အချိန်တွင် အပေါ်ယံ အရည်ကြည်ကို ခပ်၍သော်၎င်း၊ အားလုံးကို သမ၍ ပိတ်ပါးနှင့်စစ်၍သော်၎င်း ယူနိုင်ပြီး ရေအဆ ၃၀ဝ မှ ၅၀ဝ ရောကာ အပင်များကို ပက်ဖြန်းနိုင်သည်။
      ဆေးဖြန်းသည့် အချိန်ကို မနက်ခင်း သို့ ညနေခင်း ပက်ဖြန်းနိုင်ပြီး မနက်ခင်း ၆နာရီမှ ၈နာရီကို အပင်များက ပိုနှစ်သက်ပါသည်။
      ဆေးဖြန်းရာတွင် အရွက်များသာမက မြေကြီးပါ ပက်ဖြန်းနိုင်သည်။ အရွက်၏ အပေါ်အောက် မျက်နှာပြင် မတူညီသော အပင်များတွင် အောက်မျက်နှာပြင်ကို ဖြန်းပေးရန်လိုအပ်သည်။

  • padonmar

    June 11, 2013 at 10:28 pm

    သစ်သားရေစည်တွေ ဘုန်းကြီးလမ်းနားမှာ လုပ်ခဲ့တာ သွားမြင်ယောင်မိတယ်။
    အခုတော့ ပျောက်ကုန်ပါပြီ။
    အစ္စရေးတွေက အပင် လိုအပ်တဲ့ မြေဩဇာကို တွက်ချက်ပြီး drip line နဲ့ လွှတ်ပေးတယ်ဆိုတာမျိုးဆို လိုအပ်တဲ့ မြေဩဇာ အစုံပါပြီးသားဖြစ်တယ်မလား။

    • Wai Aung Chan Myo

      June 15, 2013 at 11:45 am

      ဓာတ်မြေဩဇာအနေနဲ့ ၁ရမျိုး လုံးကို အကုန်ပါဝင်ဖို့ဆိုတာ မလွယ်ကူူသလို ပါခဲ့သည်ထားအုံး အပင် တမျိုးစီအတွက် လိုအပ်တဲ့ပမာဏတမျိုးစီကို ထုတ်ပေးဖို့ဆိုတာ ပိုတောင် မလွယ်ကူတဲ့ကိစ္စပါ။ သူတို့ဆီမှာတော့ ဖြစ်နိုင်အောင် လုပ်နိုင်ပေမယ့် မြန်မာပြည်မှာ မဖြစ်နိုင်သေးပါဘူး။ တောင်သူတွေ N P K ဆိုတဲ့ဟာတောင် တမျိုးချင်းစီရဲ့ ဓာတ်သဘောတွေ မသိနိုင်သေးလို့ ကျနော်တို့ အများကြီး ပညာပေးဖို့ လိုအပ်နေပါသေးတယ်။

  • မောင် ပေ

    June 13, 2013 at 12:59 pm

    ကိုဝေအောင်ခင်ဗျ
    မိုးနည်း ၊ အပူပိုင်း ယာမြေပေါ်မှာ
    စီးပွားဖြစ် ၊ ကာလတိုအတွင်း ဖြစ်ထွန်းမယ့် စိုက်ပင်များ အကြောင်းကို
    ရေးပြပေးစေလိုပါတယ်ခင်ဗျ
    စောင့်မျှော်နေပါမယ်နော
    ကျေးဇူးတင်စွာဖြင့်
    မောင်ပေ

    • Wai Aung Chan Myo

      June 15, 2013 at 11:55 am

      ကိုမောင်ပေရေ
      အကိုဟာက မိုးလဲနည်း၊ အပူပိုင်းလဲဖြစ်၊ ကာလကလဲ တိုရအုံးမယ်၊ စီးပွားလဲဖြစ်ဆိုတော့ ….
      အင်း သိပ်မလွယ်တဲ့ ကိစ္စပဲ နည်းပညာကူဆိုတော့ အခက်အခဲတွေ အများသား၊ ကျနော်လဲ သိသလောက်တော့ မျှပေးချင်ပါတယ်။ ခက်တာက လိုက်လုပ်နိုင်ဖို့ပဲကိုးဗျ။ တခါ စပ်မျိုးစပါး တင်း၂၀ဝ ထွက်တယ်လို့ post တခုတွေ့တာကို share ပေးလိုက်တာ အဆဲတောင် ခံရသေး။ သူတို့က တင်း ၇ဝ ထွက်ဖို့ကို အနိုင်နိုင်ကိုး။
      တကယ်တော့ မြန်မာတွေက ထိထိရောက်ရောက် သေသေချာချာ မလုပ်လို့ပါ။ ကျနော် စပါးစိုက်နေတဲ့ သူတယောက်ကို မေးဘူးတယ်။ နို့ဆီဘူး ၁ဘူးမှာ စပါးမျိုးစေ့ ဘယ်လောက်ပါသလဲလို့ပါ။
      သူက ပြန်ပြောရှာပါတယ်။ အများကြီးပေါ့ တဲ့။ မြန်မာလူမျိုးက အဲ့ဒီလိုဗျ။
      ဒါက ကျနော် ကိုယ့်လူမျိုးကို နှိမ်တာမဟုတ်ပါဘူး။ နည်းစနည်းတကျ စည်းကမ်းတကျ လုပ်ဖို့ အများကြီးလိုနေသေးပါတယ်။
      ခင်မင်တဲ့
      ကိုဝေအောင်

Leave a Reply