ပိုနေသော လက်မှတ်တစ်စောင်

 

၁။

ညတစ်ည။ မဆိုသလောက် မှောင်လာပြီပဲ။ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်း လူသူ နည်းလာသလို ကားများ အသွားအလာ နည်းနည်း ကျဲလာတယ်။ မိုးကောင်းကင်မှာ ကြယ်တွေ သိပ်မလင်း။ တိမ်တိုက်များ ဖုံးအုပ်ထားခဲ့တယ်။ ကျော်ကျော် ဆေးပေါလိပ်ခပ်တိုတိုကို ဖွာရှိုက်ရင်း လမ်းရဲ့ ပလက်ဖေါင်း အတိုင်း ခေါင်းကို ငိုက်စိုက် လျှောက်လာခဲ့တယ်။ သူ့ပုံစံက ခပ်နွမ်းနွမ်း။ ဆံပင်က ရှည်ရှည်၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးတွေက မရိတ်ထား။ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ကြေမွှလို့။ လေပြင်းပြင်း တစ်ချက်တိုက်သွားတော့ စိမ့်ခနဲ အေးသွားတယ်။ တစ်နေရာရာမှာ မိုးရွာနေလောက်ပြီလို့ ကျော်ကျော် တွေးဖြစ်လိုက်တယ်။

 

၂။

ညတစ်ည။ မဆိုသလောက်ထက် အနည်းငယ် မှောင်လာပြီ။ လူတစ်စု ဆိုင်တစ်ဆိုင်မှာ စုရုံးလို့နေတယ်။ သူတို့ ဘယ်ကို သွားကြမှာလဲ။ သူတို့နားမှာ ဆူညံသထက် ဆူညံလာတယ်။ ဆိုင်ဆီမှ လော်စပီကာနဲ့ အော်ဟစ်ပြီး ကြော်ငြာသံတွေ ကြားရတယ်။

“ကမ်းခြေမှာ အပန်းဖြေရအောင်

ကမ်းခြေမှာ အပန်းဖြေရအောင်

လူကြီးမင်းတို့ရဲ့ ဘဝအမောတွေကို အားလုံး ဖြေဖျောက်ပေးမယ့် ခရီးစဉ်

တစ်ဦးလျှင် —– ကျပ်

ငါးဦးလျှင် တစ်ဦး မေတ္တာလက်ဆောင်”

ဝေလွင်က ထိပ်ဆုံးမှ နေကာ လူတွေကြားတိုးဝှေ့ လိုက်တယ်။

“လက်မှတ်ပေးပါ .. ကမ်းခြေသွားမယ့် လက်မှတ် ငါးစောင်”

လူတွေ ဆူညံနေကြတယ်။ တိုးဝှေ့ကာ လက်မှတ်ဝယ်နေတဲ့ ဝေလွင်ကို ကျန်တဲ့ သူ့သူငယ်ချင်းတွေ စိတ်မရှည်စွာ စောင့်နေကြတယ်။

“လက်မှတ်ပေးပါ .. ကမ်းခြေသွားမယ့် လက်မှတ် ငါးစောင်”

ဒီတစ်ခါတော့ ဝေလွင် လက်မှတ် ရသွားတယ်။

“ရော့ ငါးစောင်ပါ .. ဒါက အပိုပေးတဲ့ မေတ္တာလက်ဆောင်အတွက် သပ်သပ် တစ်စောင်”

ဝေလွင်လက်ထဲ လက်မှတ်က ခြောက်စောင်။ သူတို့ အဖွဲ့က ငါးယောက်တည်း။ တစ်စောင်ပိုနေတယ်။

“ဟဲ့ မိမိုး လက်မှတ်က တစ်စောင်ပိုနေတယ်”

မိမိုးက မေတ္တာလက်ဆောင် ရတဲ့ လက်မှတ်ကို ကိုင်ကြည့်ပြီး ပြောတယ်။

“ဘယ်လိုလုပ်မလဲ .. ဘယ်သူ့အသိရှိလဲ ခေါ်သွားမယ်လေ”

အားလုံး စဉ်းစားမရ။

“ဝေလွင် နင့်မှာ မရှိဘူးလား .. နောက်တစ်ယောက် ခေါ်ခဲ့လေ

ဒီမှာတစ်စောင်ပိုနေတာ နှမျောစရာကြီးဟ”

မိမိုးက သူတို့ထဲက မိန်းခလေးပီပီ လွန်စွာမှ နှမျောတတ်သူ။ ကျန်တဲ့ ယောကျာ်းလေး သူငယ်ချင်းတွေကလည်း မိမိုးကို လွန်စွာ ခင်မင်ကြသူတွေ။ ဆိုတော့ ဝေလွင် စဉ်းစားရပြီ။ ဘယ်သူ့ခေါ်ရမလဲ။ ခက်တာက လောလောဆယ် ဘယ်သူမှ လိုက်ချင်မှာ မဟုတ်။ အားလုံး အလုပ်ကိုယ်စီနဲ့။

“မရှိဘူးဟ ဘယ်သူမှ မအားတော့ လိုက်ကြမှာ မဟုတ်ဘူး”

“ဒါဆို ပြန်ရောင်းရင်ရော ..”

“မိမိုးရယ် ဘယ်သူက ဝယ်မှာလဲ ကားလည်း ထွက်ခါနီးပြီ တော်ပါပြီ ထားလိုက်တော့”

“ဟာ နင်ကလည်း တွေ့တဲ့ လူခေါ်မယ်ဟာ မရောင်းရလည်း တန်အောင် ခေါ်ခဲ့မယ်”

အားလုံး စိတ်ညစ်သွားကြတယ်။ မိမိုးကိုတော့ သူတို့ မနိုင်ကြ။

 

၃။

ပထမဆုံး သူတို့တွေ့ရတာက တုန်တုန်ရီရီနဲ့ လမ်းလျှောက်လာတဲ့ အဖိုးကြီး။ မဖြစ်ချေ။ လမ်းမှာ တစ်ခုခု ဖြစ်နေမှ တာဝန်ယူနေရဦးမယ်။ ဒီတော့ ခဏစောင့်ကြည့်တယ်။ သူတို့ ထပ်တွေ့ရတာက အမျိုးသမီး ဝဝကြီးတစ်ဦး။ ပုံစံကတော့ ကျန်းကျန်းမာမာ ရှိမယ့်ပုံ။ ဒါပေမယ့် မျက်နှာက အပေါက်ဆိုးမယ့်ပုံ။ လမ်းမှာ ပြဿနာရှာနေမှ ခက်ချေမယ်။

“မိမိုးရယ် တော်ပါတော့ လာသွားရအောင်

လက်မှတ်အပိုကို နင် သိမ်းထားလိုက်လေ နော်”

ဝေလွင်တို့ စကားကို မိမိုးက ဘာမှ ပြန်မဖြေ။ တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး ကြည့်နေတယ်။ ဝေလွင်တို့လည်း မိမိုးကြည့်တဲ့ နေရာလိုက်လို့ ကြည့်ကြတယ်။ ဟိုး ခပ်လှမ်းလှမ်းက အမှောင်အရိပ်ထဲက လှုပ်ရှားမှုတစ်ခု။

 

၄။

ကျော်ကျော် ခေါင်းငိုက်စိုက်လျှောက်လာရာမှ ရှေ့ကို လှမ်းကြည့်တော့ သူ့ကို လူတစ်စုက အကဲ ခတ်နေသလို အကြည့်များနဲ့ ဝိုင်းကြည့်နေတာတွေ့လိုက်တယ်။ ထားပါလေ။ သူတို့ဘာသာ ဘာကြောင့်ကြည့်ကြည့်ပေါ့။ ကျော်ကျော် ဆက်လျှောက်လာတော့ သူတို့နဲ့ တဖြည်းဖြည်းနီးလာတယ်။

“ဒီလူတွေနဲ့တော့ ငါ့ကို ဘာလို့ကြည့်နေပါလိမ့်”

ကျော်ကျော် စိတ်ထဲ တွေးရင်း သူတို့ နား ရောက်လာတယ်။

“အစ်ကို ..”

သူတို့ထဲက မိန်းခလေး တစ်ဦး အသံပဲ။

“အစ်ကို ..  အစ်ကို ..”

“ဟင် .. ငါ့ခေါ်နေတာများလား” ကျော်ကျော် နည်းနည်း တွေဝေသွားပေမယ့် သူတို့ကို မကြည့်ဘဲ ခေါင်းကို ငိုက်စိုက်ချလို့ ကျော်ကျော် လျှောက်လာတယ်။

“အစ်ကိုလို့ ဆံပင်ရှည်နဲ့ အစ်ကို”

သေချာသွားပြီ။ သူ့ကို ခေါ်တာပဲ။ ကျော်ကျော် သူတို့ နားရောက်တော့ အဲဒီကောင်မလေးက ဆက်ပြောတယ်။

“အစ်ကို ကျွန်မတို့နဲ့ လိုက်မလား”

“ဟင် .. ဘာတုန်းဗျ”

ကျော်ကျော် ရုတ်တရက် လိုက်မလား အခေါ်ခံရတော့ လန့်သွားတယ်။

“မဟုတ်ဘူးလေ .. အစ်ကို ရဲ့

ကျွန်မတို့က ကမ်းခြေသွားပြီး အပန်းဖြေမှာ အစ်ကိုလိုက်မလားလို့

အစ်ကိုလည်း လည်လို့ရတာပေါ့ ..ဒီမြို့လေးမှာနေ ပျင်းစရာကြီး.. လိုက်ခဲ့နော်”

ကျော်ကျော် စိတ်ညစ်သွားတယ်။ ဘာတုန်းပေါ့။ သူမသိတဲ့ လူတွေက မသိဘဲ ဘာလို့များ ဇွတ်ခေါ်နေကြသလဲ။ ပုံစံတွေကတော့ ရိုးသားကြမယ့်ပုံတွေ။ လူလိမ်တွေ ပုံတော့ မပေါ်လောက်။ ကျော်ကျော့်အတွေး မဆုံးခင် သူတို့ထဲက အမျိုးသား တစ်ယောက်က ရှင်းပြတယ်။

“ဒီလိုပါ အစ်ကိုရာ.. ကျွန်တော်တို့မှာ လက်မှတ်တစ်စောင်ပိုနေတယ်

အစ်ကို လိုက်ခဲ့ပါလား.. ဟိုမှာ နေစရာ စားစရာ အားလုံး အစ်ကို အတွက် စားရိတ်ငြိမ်းလိုက်ရမှာလေ”

ကျော်ကျော် အဲတော့မှ နည်းနည်း သဘောပေါက်သွားတယ်။

“စိတ်မရှိပါနဲ့ ကျွန်တော့်မှာ သွားစရာတွေ ရှိတယ်.. ဘယ်နေရာလဲတော့ မသိသေးပေမယ့်

တစ်နေရာရာကို ကျွန်တော် သွားစရာရှိနေတယ် ..ခင်ဗျားတို့နဲ့ ကျွန်တော် မလိုက်နိုင်ပါဘူး”

“အစ်ကိုရယ် လိုက်ခဲ့ပါ ညီမကို မခင်ဘူးလားလို့

အစ်ကိုပုံစံက ခင်ဖို့ကောင်းမယ် ထင်လို့ ခေါ်တာ

လိုက်ခဲ့နော် … နော်”

တစ်ခါမှ မသိဖူး၊ မမြင်ဖူးတဲ့ မိန်းခလေးတစ်ယောက်က သူ့ကို ဇွတ်ခေါ်နေတာ ကျော်ကျော် အားတော့ နာသွားတယ်။ ဒါပေမယ့် သူ အပန်းဖြေဖို့ စိတ်မပါ။ အပန်းဖြေရအောင်လည်း သူ့မှာ စိတ်ပင်ပန်းစရာ ဘာမှ ရှိနေတာ မဟုတ်။

“အစ်ကို လိုက်မယ်မလား လိုက်ခဲ့နော်”

“လိုက်ခဲ့လိုက်ပါ အစ်ကိုရယ် မိမိုးက အစ်ကို့ကို ခင်လို့ ခေါ်တာပါ သူက သူလုပ်ချင်တာ မလုပ်ရရင် ကျွန်တော်တို့ကို ဂျီကျတော့မှာ … အစ်ကို့မှာ အရေးကြီး အလုပ်ရှိလို့လား သုံးရက်ပဲ ကြာမှာပါ”

အရေးကြီးအလုပ်။ ပြန်စဉ်းစားတော့ သူ့မှာ အရေးကြီးအလုပ်ရော၊ အရေးမကြီး အလုပ်ရော ရှိတာမဟုတ်။ ဒါပေမယ့် ဘဝဆိုတာ ကိုယ့်လမ်းကိုယ် လျှောက်ရမှာပဲ။ တစ်စုံတစ်ခုကြောင့် ကိုယ့်လမ်း၊ ကိုယ့်ခရီးကို ပြောင်းလဲပစ်ဖို့လိုအပ်လို့လား။ မလိုအပ်ဘူးလား။ ကျော်ကျော်တွေဝေနေတယ်။

“အစ်ကို ကားက ထွက်တော့မှာ အစ်ကိုအတွက် အဝတ်အစားလဲစရာလည်း မိုးသူငယ်ချင်းတွေဆီက ငှားဝတ်နော် လာပါ လိုက်ခဲ့ပါ” ဆိုပြီး ကောင်မလေးက သူ့လက်ကို ဆွဲကိုင်လိုက်တယ်။

ကျော်ကျော် မငြင်းချင်တော့။

 

၅။

အပန်းဖြေခရီးတဲ့။ ကားကြီး တစ်စင်းကတော့ တစ်ညလုံး မောင်းနှင်လို့ လာခဲ့ပြီ။ ဘယ်ကမှန်းမသိတဲ့ လူတွေ ဒီကားပေါ်ပါလာကြတယ်။ ပြီးတော့ ဘယ်လမ်းတွေမှန်းမသိတဲ့ လမ်းပေါ် အဲဒီကားကြီးက သွားနေတယ်။ သူ့ကို ဇွတ်ခေါ်ခဲ့ကြတဲ့ လူတွေက ကားပေါ်မှာ အိပ်ပျော်နေကြ။ ကျော်ကျော်တစ်ယောက်သာ မအိပ်ဘဲ ကားပေါ်မှာ ပါလာတယ်။

မိုးလင်းတော့ ကားကြီးဟာ သူတို့တည်းရမယ့် တည်းခိုခန်းထင်တယ်။ အဲဒီနေရာမှာ ရပ်လိုက်တယ်။ ဒါလား အပန်းဖြေခရီးဆိုတာ။ လူတွေဟာ သူတို့ အိတ်တွေကို သယ်ဆောင်လို့ အောက်ကို ဆင်းကြတယ်။ ကျော်ကျော်မှာ ဘာမှ သယ်ဆောင်စရာ ပါမလာ။

ခဏနေတော့ သူတို့ ကမ်းခြေဘက်သွားပြီး ပင်လယ်ထဲကို ဆင်းကြတယ်။ ဘောလုံးကန်သူတွေ သောင်ပြင်မှာ ကန်နေကြတယ်။ စိန်ပြေးတမ်းဆော့သူတွေ ဆော့နေကြ။ မြင်းစီးသူတွေ စီးနေကြ။ စက်လှေစီးသူတွေ စီးနေကြ။

“ပုဇွန်ကင် … ငါးကင်

အစ်ကို .. ပုဇွန်ကင် စားမလား အစ်ကို”

ကျော်ကျော် ခေါင်းကို ခါရမ်းပြလိုက်တယ်။ မိမိုးတို့ အဖွဲ့က သူနဲ့ ခပ်လှမ်းလှမ်းက ကမ်းခြေမှာ အလှ ဓါတ်ပုံတွေ ရိုက်နေကြတယ်။ တစ်ချို့ကလည်း အရက်၊ ဘီယာတွေသောက်လိုက် ပင်လယ်ရေထဲ ဆင်းလိုက်နဲ့။ တစ်ချို့ကလည်း အုန်းသီးတစ်လုံးကို ကိုင်လို့ အုန်းရည် သောက်နေကြ။ လူတွေဟာ အပန်းဖြေဖို့ နည်းမျိုးစုံနဲ့ ဖြေနေကြပါလား။ ကျော်ကျော့်မှာ အပန်းဖြေစရာ မလိုအပ်တဲ့အတွက် သူတစ်ယောက်တည်းသာ ထိုင်နေမိတယ်။

 

၆။

နောက်ရက်မနက်မှာတော့ ကျော်ကျော် အစောကြီးနိုးလာတယ်။ ပင်လယ်လေဟာ အေးမြလတ်ဆတ်နေပြီး ကျော်ကျော် တဝကြီး ရှူလိုက်တယ်။

“အစ်ကိုဟိုဘက်နား သွားရအောင်လာ မိုးနဲ့ လိုက်ခဲ့”

သူထက်စောပြီး အိပ်ယာထနေတဲ့ မိမိုးဆိုသူက သူ့ကို လာခေါ်တယ်။ သူတို့ ကမ်းစပ်နားက ကျွန်းစွယ်လေးအထိ လျှောက်သွားကြတယ်။ ကောင်မလေးက သူ့ကို ဓါတ်ပုံရိုက်ခိုင်းတယ်။ ပုံစံမျိုးစုံ လုပ်ပြနေတဲ့ ကောင်မလေးကို ကြည့်ပြီး ကျော်ကျော် သဘောကျလာတယ်။ လက်ထဲက ကင်မရာခလုတ်ကို နှိပ်ပြီး တဖြတ်ဖြတ်နဲ့ ဓါတ်ပုံရိုက်နေမိတယ်။

 

၇။

နောက်ဆုံးနေ့။ သူတို့အားလုံး ထုံးစံအတိုင်း ပင်လယ်ရေထဲ ဆင်းတုန်း။ မြင်းစီးသူက လှေပြောင်းစီး၊ လှေစီးသူက မြင်းပြောင်းစီး။ တာယာဘောကွင်းကြီးထဲ အိပ်ပြီး နေသူက နေကြတုန်း။ ပုဇွန်ကင်၊ ငါးကင် ရောင်းသူတွေကလည်း သူမစားမှန်း သိရက် လာရောင်းကြတုန်း။ မိမိုးဆိုတဲ့ ကောင်မလေးကလည်း ဓါတ်ပုံတွေ ရိုက်နေတုန်း။

ညနေစောင်းတော့ လူတွေဟာ ရေချိုးကြပြီး အဝတ်အစားတွေ သိမ်းနေကြတယ်။ ကျော်ကျော်ကတော့ ဘာအဝတ်အစားမှ ပါလာသူမဟုတ်တော့ အေးဆေး ထိုင်နေလိုက်တယ်။ သူ့ကို အဝတ်လဲဖို့ ကောင်လေးတွေက အဝတ်ပေးပေမယ့် သူ မယူခဲ့။ အဝတ်တစ်ထည်နဲ့ ဘဝဟာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းလိုက်လဲ။ ကျော်ကျော် အဲလို ဘဝမှာ နေသားကျနေခဲ့တာ ကြာပြီ။

သူတို့ကားကြီးဟာ လူစုံပြီဆိုတာနဲ့ သူတို့နေထိုင်ရာ မြို့လေးဆီ ပြန်လာခဲ့ပြီ။ အားလုံးဟာ အပန်းဖြေပြီး ပင်ပန်းခဲ့ကြတဲ့ လူတွေပဲ။ ကားပေါ်မှာ စကားတောင်မပြောနိုင်ကြတော့ဘဲ အိပ်ပျော်ကုန်ကြပြီ။

 

၈။

ရေဒီယိုမှ သတင်းတစ်ခုကြေငြာနေသည်။

“….. ကမ်းခြေမှ ……..မြို့သို့ ပြန်လာသော ယာဉ်အမှတ် …/…….. သည်

……… တံတားအနား ည ၁၂ နာရီ ခန့်တွင် တိမ်းမှောက်သွားခဲ့သည်။

အမည် ကျော်ကျော်ခေါ် ခရီးသည်တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၃ ဦး သာ အနည်းငယ် ဒဏ်ရာရသွားခဲ့သည်ဟု သတင်းရရှိ…..”

ရေဒီယိုသည် လိုင်းမမိ၍ အသံတိုးဝင်သွားသည်။

 

၉။

ခင်ဗျားတို့တော့ ဘယ်လို ထင်ကြမလဲ မသိဘူးဗျ။ လူ့ဘဝဆိုတာလည်း ဘုမသိ ဘမသိနဲ့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးတော့ ဘုမသိ ဘမသိနဲ့ သေသွားကြရတာပဲ မဟုတ်လား။

 

ရင်နင့်အောင်

 

19 comments

  • GaviaGirl

    May 11, 2013 at 2:04 pm

    သေကံဆိုတာ ပါလာရင်တော့ ရှောင်လွှဲလို့မရဘူးလို့ ထင်ပါတယ်… ဒီနေရာမှာ ဒီလိုသေရမယ်ဆိုရင် အဲဒီနေရာကို မဖြစ်မနေရောက်သွားတော့တာပဲ

  • ဦး ကျောက်ခဲ

    May 11, 2013 at 2:25 pm

    ကိုရင် ရင်နင့်အောင်ရဲ့ ဝထ္ထုတိုလေးဖတ်ပြီး…
    Alexander Pope ရဲ့ “Ode on Solitude” ဆိုတဲ့ ကဗျာလေးကို အမှတ်ရမိတယ်ဗျာ…
    နောက်ဆုံး အပိုဒ်မှာရေးထားတာက…

    ” Thus let me live, unseen, unknown;
    Thus unlamented let me die;
    Steal from the world, and not a stone
    Tell where I lie. ”

    ဟုတ်ပါရဲ့… လောကထဲအမှတ်တမဲ့ ရောက်လာခဲ့သလို… ငြိမ်းငြိမ်းချမ်းချမ်းရှင်သန်ပြီး…
    တိုးတိုးလေး လူမသိသူမသိထွက်သွားရရင် ကောင်းမှာပဲလို့….

    • အရီးခင်လတ်

      May 11, 2013 at 2:42 pm

      ကကျောက်ရယ်
      ဒီလို အခြေအနေသိရက် တကယ်ဘဲ အပူတောထဲ တိုးတော့မယ်ပေါ့လေ။
      နောက်တာဟေ့။
      တရာရမသွားနဲ့ဦး။
      အပူတောထဲလဲ နေတတ်ရင် ပျော်ဖို့ကောင်းပါတယ်။
      နေတတ်ရင် လို့ ပြောတယ်နော်။ 😉

    • Happy the man, whose wish and care
      A few paternal acres bound,
      Content to breathe his native air,
      In his own ground.

      Whose heards with milk, whose fields with bread,
      Whose flocks supply him with attire,
      Whose trees in summer yield him shade,
      In winter fire.

      Blest! who can unconcern’dly find
      Hours, days, and years slide soft away,
      In health of body, peace of mind,
      Quiet by day,

      Sound sleep by night; study and ease
      Together mix’d; sweet recreation,
      And innocence, which most does please,
      With meditation.

      Thus let me live, unseen, unknown;
      Thus unlamented let me dye;
      Steal from the world, and not a stone
      Tell where I lye.

  • အရီးခင်လတ်

    May 11, 2013 at 2:40 pm

    မထင်တဲ့ဇာတ်သိမ်းလေးက တကဲ့ အမှန်တရားဘဲ ရင်နင့်အောင်ရေ။
    ရေးတတ်ပါပေတယ်။
    လောကဇာတ်ခုံ ထဲကနေ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုထွက်သွားရမယ်မသိ။
    ဒီလို အခြေအနေကို သိရက်နဲ့ နေရခိုက်လေးမှာ ကိုယ့်ဘဝ ကိုတန်ဖိုးရှိအောင် မနေနိုင်ဘဲ မောဟ ဦးဆောင်တဲ့ လောဘ၊ ဒေါသတွေနဲ့ ဖုံးနေကြရတာ။

    • ဒါမှမဟုတ် လူ့ဘဝဆိုတာကိုက တစ်စုံတစ်ခုရဲ့ လောဘကြောင့် အပိုလက်မှတ်နဲ့ ရလာတဲ့ အပန်းဖြေခရီးတစ်ခုပဲလား း)

      • အရီးခင်လတ်

        May 11, 2013 at 2:59 pm

        ကျော်ကျော် ကတော့ သူ့လောဘကြောင့် မဟုတ်ဘဲ အားနာပါးနာ နဲ့ ယူလိုက်ရတဲ့ လက်မှတ်။
        ဒါကတော့ တွေဝေစိတ် လို့ ပြောမလား။
        ပါဠိ မှာ ဆို ဘယ်လိုခေါ်လဲ မသိ။ 😛

  • ခင်ခ

    May 11, 2013 at 3:03 pm

    ဘရာဗိုပါ ကိုရင်နင့်အောင်။

  • kai

    May 11, 2013 at 3:27 pm

    ကောင်းတာလုပ်ရင်..ကောင်းတာဖြစ်မယ်..
    မကောင်းတာလုပ်ရင်မကောင်းတဖြစ်မယ်ဆိုပြီး.. ကံကံအကျိုးပြောနေတဲ့သူတွေကိုပြောချင်တယ်..

    ကောင်းတာ..မကောင်းတာ.. ဘာလုပ်လုပ်.. လုပ်ချင်တာလုပ်.. ဖြစ်ချင်တာတွေဖြစ်ချင်သလိုဖြစ်မှာပဲလို့..
    သင်တနေ့သေမည်… မသေခင်.. လုပ်ချင်တာလုပ်…

    အာဟိ… :kwi:

    • အရီးခင်လတ်

      May 11, 2013 at 3:59 pm

      လုပ်ချင်ရာလုပ်ပါ။
      ဒီမိုကရေစီ နဲ့ နေမယ် ဆိုရင် သူများ ကို မထိခိုက်ဖို့လိုမယ်။
      မဟုတ်ရင် တော့ အာဏာရှင်ဆန်တဲ့ ရှေးဦးဘုံမြေစနစ်မှာဘဲ ပျော်သလိုနေပါလေ့။ 😆

  • jujuma

    May 11, 2013 at 4:18 pm

    ကိုယ်ထင်ကုတင်ရွှေနန်းပေါ့ သူဂျီးမင်းရယ် …
    လုပ်ချင်ရာလုပ်ဖြစ်ချင်ရာ ဖြစ်တော့ မလုပ်ပါနဲ့ဂျာ ….
    တွေးကြည့်ရင် ကြောက်ချာဂျီးးးးး :kwi:

  • သူကလေး

    May 11, 2013 at 4:18 pm

    ဗိုလ်နင့်ရေ .. ဒါလေးကို ခုမှတွေ့မိတယ်
    ကံကြမ္မာဆိုတာကို အဲလိုလေး မီးမောင်းထိုးပြလိုက်တာကို သဘောကျမိတယ်
    ဗိုလ်နင့် ဘာရေးရေး သူကလေးကတော့ ကြိုက်တာပါပဲ 🙂

  • လုလင်ပျို

    May 11, 2013 at 9:54 pm

    ဘုလည်း…မတိ
    ဘလည်း..မတိ…
    တေတွားရတော့မယ့်…အတူတူ

    ဟောဒလို…ရသ အနုပညာကို ခံစားပြီးမှ တေမယ်..ဟာ

  • kyeemite

    May 14, 2013 at 11:14 am

    ဇတ်လမ်းက…တစ်ခုခုလိုနေသလိုခံစားရတယ်ဗျာ…
    “အားလုံးဟာ အပန်းဖြေပြီး ပင်ပန်းခဲ့ကြတဲ့ လူတွေပဲ” ဒါလေးတော့သဘောတွေ့သဗျို့..

  • kyeemite

    May 14, 2013 at 11:19 am

    မြတ်ဗုဒ္ဓအလင်း
    “ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။” (စွန်းလွန်းဆရာတော်ဘုရားကြီး)

Leave a Reply