အိနိ္ဒယသမ္မတက မြန်မာစစ်ခေါင်းဆောင်ကို သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံ

True FaithJuly 27, 20101min2005

အိနိ္ဒယနိုင်ငံ သမ္မတ Pratibha Patel က မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သူ၏ အိမ်တော်ဝင်းတွင် ယနေ့ နံနက် ၉ နာရီက လက်ခံတွေ့ဆုံခဲ့သည်။

အိနိ္ဒယနိုင်ငံ၏ မြို့တော်နယူးဒေလီမြို့လည်တွင် တည်ရှိသည့် သမ္မတအိမ်တော်ဝင်းတွင် ကော်ဇောနီခင်းကာ မြန်မာစစ်ခေါင်းဆောင်အား တခမ်းတနား ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

အိနိ္ဒယ သမ္မတနှင့် မြန်မာစစ်ခေါင်းဆောင် ယနေ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ - AFP)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိနိ္ဒယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna နှင့်လည်း သမ္မတ အိမ်တော်ဝင်း၌ ဆက်လက်တွေ့ဆုံခဲ့သည်။

ထို့ပြင် အိနိ္ဒယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh နှင့် ဗိုလ်ချုပ်မှူးကြီးတို့သည် ယနေ့ ညနေ အိနိ္ဒယစံတော်ချိန် ၄ နာရီတွင် အစိုးရ ဧည့်ဂေဟာ Hydrabad House တွင် တွေ့ဆုံကာ နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။

မြန်မာစစ်ခေါင်းဆောင်သည် အိနိ္ဒယခရီးစဉ်ကို ယခုလ ၂၅ ရက်နေ့က စတင်ခဲ့ပြီး ၂၉ ရက် နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ အိနိ္ဒယ အရှေ့မြောက်ဒေသ နှစ်နိုင်ငံ နယ်စပ်ရှိ သူပုန်များ ပူးပေါင်း နှိ်မ်နှင်းရေးအတွက် နားလည်မှု စာချွန်လွှာများကိုဦးစားပေး လက်မှတ် ရေးထိုးဖွယ်ရှိသည်ဟု အိန္ဒိယသတင်းဌာန NDTV တွင် ဖော်ပြထားသည်။

သတင်းတွင် ဖော်ပြထားချက်အရ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ လက်နက်မှောင်ခို တင်သွင်းမှုများ၊ အကြမ်းဖက်မှု နှိမ်နှင်းရေးကိစ္စရပ်များ၊ ငွေမဲကို ငွေဖြူအဖြစ် လျော်ဖွတ်မှုများနှင့် မူးယစ်ဆေးဝါး တင်သွင်းခြင်းကိစ္စများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နှင်းရန် သဘောတူညီမှု လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရသည်။

အိနိ္ဒယသမ္မတသည် ၅ ရက်ကြာ အလည်အပတ်ရောက်ရှိနေသော မြန်မာကိုယ်စားလှယ် အဖွဲ့အား ယနေ့ညပိုင်းတွင် ၎င်း၏ အိမ်တောင်၌ ညစာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်၏ နယူးဒေလီခရီးစဉ်သည် ညစာစားပွဲပြီးသည့်နောက် ပြီးဆုံးမည် ဖြစ်ပြီး မနက်ဖြန် နံနက် ၉ နာရီတွင် အိန္ဒိယရှိ အကြီးဆုံး စက်မှုကုမ္ပဏီဖြစ်သည့် Tata တည်ရှိရာ ဟိုက်ဒရာဘတ်မြို့သို့ လေကြောင်းဖြင့် သွားရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယမန်နေ့က ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ကို ဖူးမျှော်ခဲ့ပြီး ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်ကာ စေတီထိန်းသိမ်းပြုပြင်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁ သောင်း လှူဒါန်းခဲ့သေးသည်။

“ခုလို လှူတန်းခြင်းကြောင့် ဘာရသွားနိုင်သလဲဆိုတော့ သူဟာ ရွှေဝါရောင် တော်လှန်ရေးတုန်းက သံဃာတွေကို ရိုက်တယ်၊ သတ်တယ်၊ ဖမ်းတယ်။ သံဃာတွေကို ထောင်ချတယ်။ ခုထက်ထိ လွှတ်မပေးသေးဘူး။ ဒီပဲယင်းအရေးအခင်းတုန်းကလည်း အဲလိုပဲ။ အန်အယ်ဒီပါတီဝင်တွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေစတဲ့ အသက်ပေါင်းများစွာ သတ်ဖြတ်ခဲ့တယ်”

“နောက်သံဃာတွေကို သင်းကွဲအောင်လုပ်တယ်။ ဒီအကုသိုလ်တွေကြောင့် သူဟာ ဦးဇင်းတို့ ဗုဒ္ဓဘာသာအရဆိုရင် ငရဲပြည်ကို သွားကို သွားရမှာဖြစ်တယ်။ အဲတော့ ဒီအပြစ်တွေကို လျော့အောင်၊ ကျေအောင်၊ ပြေပျောက်အောင်ဆိုပြီး ဒီမှာလာ ကုသိုလ်ပြုတယ်လို့ပဲ ဦးဇင်းမြင်တယ်” ဟု ဗုဒ္ဓဂါယာရှိ မြန်မာစာသင်သား သံဃာတော်တပါးက မိန့်ကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၄ ခုနှစ်က အိနိ္ဒယသို့ တကြိမ်လာရောက်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်သည်။

ကိုးကား – AFP (New Delhi)
မဇ္ဈိမ သတင်းဌာန

5 comments

  • True Faith

    July 27, 2010 at 12:01 pm

    ကျနော် တင်ထားတဲ့ပို့စ်မှာ ဓာတ်ပုံက ဦးသန်းရွှေနဲ့ အိနိ္ဒယ သမ္မတပုံထည့်ထားတာပါ။ ဒါပေမယ့် သတင်း ရှေ့စာမျက်နှာမှာ ပန်းဖြူနဲ့ သူ့ဘဲ ပုံပေါ်နေတယ်။ မှားများ တင်မိသလားလို့ အထဲဝင်ကြည့်တော့ ပန်းဖြူတို့ပုံ မတွေ့တော့ပဲ ဦးသန်းရွှေနဲ့ အိနိ္ဒယ သမ္မတပုံပဲ ဖြစ်နေတယ်။ ဘယ်လိုဖြစ်တာလဲ မသိ။ မျက်လှည့်များ ပြနေသလား။ သိတဲ့သူများ ပြောကြပါဦး။

  • Pyaung Gye

    July 27, 2010 at 1:52 pm

    အလိတိုရော် ပေါ့

  • cobra

    July 27, 2010 at 3:10 pm

    နောက်တခါ ဗုံးထောင်ပစ်မယ်..ဟင်း…။

  • etone

    July 28, 2010 at 3:44 am

    ဘာတွေခိုးကြောင်ခိုးဝှက်လုပ်နေလဲမသိဘူး အခွက်ကိုက ပုပ်သိုးနေတာပဲ ။

  • char too lan

    July 28, 2010 at 7:51 am

    ဘယ်လိုကြည့်ကြည့်ကြက်သရေကိုမရှိတာ
    တောက်ညင်ကပ်တရ်…………..

Leave a Reply