“မဟာဆန်(MAHASEN)မှအတွေး”

ကမ္ဘာ့မိုးလေဝသလောကမှာ လွှမ်းမိုးမှုရှိတဲ့ အမေရိကန် လေတပ်နှင့် ရေတပ်ပူးတွဲထားသည့် တိုင်ဖုန်းလေ့လာစောင့်ကြည့်ရေး စင်တာ(JTCW)၏ ၉ရက်နေ့နှောင်းပိုင်း ကြေညာချက်အရ မေလ ၁၄ ရက် ဂရင်းနစ် စံတော်ချိန် ညနေ ရ နာရီ (မြန်မာ စံတော်ချိန် မေ ၁၅ ရက် မနက် ၁ နာရီခွဲ) တွင် မုန်တိုင်းတစ်ခု မြန်မာကမ်းရိုးတန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
aa
မေလ ၁၁ရက်နေ့မှာတော့ ခန့်မှန်းထားတဲ့အတိုင်း ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာပြီး ဆိုင်ကလုံးမုန်တိုင်းအဆင့်သို့နောက် ၂၄နာရီအတွင်းမှာရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီတခေါက် နာမည်ပေးဖို့ အလှည့်ကျတဲ့ သိရိလင်္ကာနိုင်ငံက ဒီမုန်တိုင်းကို မဟာဆန်(MAHASEN) လို့နာမည်ပေးလိုက်ပါတယ်။

ဒီမုန်တိုင်းဟာ နောက် ၄၈နာရီအတွင်းမှာ အားကောင်းလာပြီး ၁၄ရက်နေ့ ညပိုင်း ဒါမှမဟုတ် ၁၅ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံ ဗူးသီးတောင်၊ မောင်းတော ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်း ကို ဦးတည်နေပါတယ်။ ဖြတ်ကျော်တိုက်ခတ်တဲ့ အချိန်မှာ အဆင့် ၂ အဖြစ်သတ်မှတ်ခံရတဲ့ မဟာဆန်မုန်တိုင်းဟာ ၁နာရီကို လေတိုက်နှုန်း ၉၅-၁၀၅ မိုင်ရှိနိုင်ပါတယ်။ မုတ်သုန်မုန်တိုင်းရဲ့ထုံးစံအတိုင်း မိုးကြီးမှာဖြစ်သလို ဒါနဲ့တဆက်တည်း ဒီရေပါ ၅လက်မကျော်ကျော်တက်နိုင်တယ်လို့ခန့်မှန်းရပါတယ်။
ဒါက လက်တလော မိုးလေဝသ သတင်းဌာနတွေရဲ့ထုတ်ပြန်ချက်တွေဖြစ်ပါတယ်။

တကယ်က မိုးလေဝသနဲ့ဆက်နွယ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့နိုင်ငံရေးအခင်းအကျင်းကို ခန့်မှန်းတင်ပြချင်တာပါ။

ရခိုင်ပြည်နယ်ဟာရှိတဲ့ ပြည်သူတွေအတွက် မုတ်သုန်ရာသီမှာ မုန်တိုင်းဝင်တာထူးထူးခြားခြားတော့မဟုတ်ပါဘူး။ ဒါကဖြစ်နေကျပါ။ ပြီးခဲ့တဲ့ ၂၀၁ဝ တုန်းကတောင် ဆိုင်ကလုံးမုန်တိုင်းဂိရီ ဝင်ရောက်လို့ ဆုံးရှုံးမှုတွေများခဲ့ပါသေးတယ်။ ဒါပေမဲ့ အရင်နှစ်တွေနဲ့မတူတာက ရခိုင်မှာပြီးခဲ့တဲ့နှစ်က ဘင်္ဂလီတွေနဲ့ ရခိုင်တွေကြားမှာ ပေးဆပ်မှုများတဲ့ အထိကရုံးဖြစ်ခဲ့တာကစပါတယ်။ ဒီအတွက်ကြောင့် ရခိုင်မှာ လူအုပ်စုမှာ ၂ခုကွဲသွားပါတယ်။ ဘင်္ဂလီတွေကတဖက် ရခိုင်ကတဖက်ဆိုပေမဲ့ မုန်တိုင်းကတော့ဘယ်သူဘယ်ဝါရွေးနေမှာမဟုတ်ပါဘူး။ သူ့ဖြတ်သန်းရာလမ်းကြောင်းတလျှောက်လုံးကို သူ့စွမ်းအားရှိသလောက် ဖျက်ဆီးသွားမှာဖြစ်ပါတယ်။
a
ပြီးခဲ့တဲ့နှစ်ကအထိကရုံးတွေကြောင့် ရခိုင်ဒေသက ဗူးသီးတောင်၊ မောင်းတော၊ မြေပုံ၊ ကျောက်ဖြူ၊ စစ်တွေ မြို့တွေမှာ ဒေသခံတွေရဲ့အိမ်ခြေထောင်ပေါင်းများစွာ မီးလောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒုက္ခသည်ပေါင်းသိန်းချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒီအတွက် ပြည်တွင်းပြည်ပအကူအညီတွေယူပြီး အစိုးရကဒုက္ခသည်စခန်းတွေဆောက်ပေးခဲ့ပါတယ်။ UNHCR ရဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်တလွှားမှာ ဒုက္ခသည်ပေါင်း ၁သိန်းခွဲနီးပါးရှိပါတယ်။ ဒီထဲကမှ ၆သောင်းလောက်က ဗူးသီးတောင်၊ မောင်းတောဘက်မှာဖြစ်ပြီး အများစုက ဘင်္ဂလီတွေဖြစ်ပါတယ်။ မုန်တိုင်းရဲ့ဦးတည်ရာ တည့်တည့်နီးပါးမှာရှိပါတယ်။ အများစုကလဲ Shelter လို့ခေါ်တဲ့ရွက်ဖျင်တဲတွေနဲ့နေထိုင်နေရတာပါ။ ဒါကြောင့်မုန်တိုင်းဖြတ်တဲ့အခါမှာ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ထားရင်တောင် ဆုံးရှုံးမှုတွေကြီးမားနိုင်ပါတယ်။
dd
ခန့်မှန်းထားချက်တွေအရ လူတထောင်နီးပါး အသက်ဆုံးရှုံးရနိုင်ပါတယ်။ ဒီထက်လည်းအများကြီးပိုနိုင်ပါတယ်။ အများစုကလဲ အဲမှာခိုလှုံနေကြတဲ့ ဘင်္ဂလီတွေဖြစ်ကြမှာပါ။ မုန်တိုင်းရဲ့နောက်ဆက်တွဲရေကြီးမှုပြသနာက စစ်တွေအပါအဝင်အခြားမြို့တွေတွေမှာပါ ဖြစ်ပေါ်လာနိုင်လို့ ပိုပြီးကိုင်တွယ်ရခက်နိုင်ပါတယ်။ ရေကြီးတဲ့ဒေသမှာ သေချာပေါက်ရင်ဆိုင်ရမဲ့ ပြသနာက ဝမ်းရောဂါပါ။ ဒုက္ခသည်စခန်းတွေမှာ မိလ္လာပြသနာတွေရှိနေတဲ့အတွက် ရေကြီးလာရင်အလျှင်အမြန်ကူးစက်လာနိုင်ပါတယ်။ ဒီကမှရခိုင်ဒေသတခုလုံးကို ပျံ့နှံ့လာနိုင်ပါတယ်။ လူဦးရေ သိန်းဂဏန်းထိကူးစက်လာနိုင်ပါတယ်။ ဒါကိုမထိန်းချုပ်နိုင်ရင် ဒါဟာနိုင်ငံရဲ့ကြီးမားတဲ့ပြသနာတွေဖြစ်လာမှာပါ။ သမ္မတကလည်း မန္တလေးခရီးစဉ်မှာ လိုအပ်တာတွေကိုညွန်ကြားခဲ့တယ်ဆိုပေမဲ့ လက်တွေ့ကိုင်တွယ်ရမဲ့အရေးကပိုရှုပ်လာမှာပါ။
aaa
မုန်တိုင်းကြောင့် အသက်အိုးအိမ်တွေဆုံးရှုံးရတဲ့သူတွေကိုကူညီတဲ့နေရာမှာ ၂ပိုင်းကွဲသွားမဲ့အရေးရှိနေပါတယ်။
မူဆလင်အသိုင်းအဝိုင်းက ဘင်္ဂလီတွေကိုကူညီသလို၊ ပြည်တွင်းအလှုရှင်တွေကတော့ ရခိုင်တွေကိုသာကူညီဖို့ရှိပါတယ်။ ကုလသမ္မဂ္ဂနဲ့ အနောက်နိုင်ငံတွေကတော့ ၂ဖက်စလုံးကိုကူညီမှာပါ။ အစိုးရအနေနဲ့လည်း ၂ဖက်စလုံးကို ကူညီနိုင်ပေမဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရခိုင်အများစုကို ထောက်ပံ့ဖို့ရှိပါတယ်။ ဒီအချိန်မှာ အစိုးရအနေနဲ့ သေချာစဉ်းစားပြီးမကိုင်တွယ်ဘူးဆိုရင် မူဆလင်အသိုင်းအဝိုင်းနဲ့ မြန်မာတွေကြားမှာ လူမျိုးရေးအထိကရုံးတွေပိုဖြစ်လာနိုင်ပါတယ်။ အစွန်းရောက်တွေရဲ့ ဝါဒဖြန့်မှုတွေကိုကြုံရနိုင်သလို အကြမ်းဖက်မှုတွေလည်း ပိုပေါ်ပေါက်လာနိုင်ပါတယ်။

ဒါကြောင့်အစိုးရဟာ ဒီပြသနာကိုသိမ်သိမ်မွေ့မွေ့အကျိုးရှိရှိကိုင်တွယ်ရမှာပါ။ တစုံတခုလွဲချော်ခဲ့ရင်သော်လည်းကောင်း အထင်အမြင်လွဲချော်ခဲ့ရင်သော်လည်းကောင်း ဒါဟာလူမျိုးရေးပြသနာတွေကိုမီးပြန်မွှေးသလိုဖြစ်သွားနိုင်ပါတယ်။ အစိုးရအနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရင်တော့ မူဆလင်အသိုင်းအဝိုင်းနဲ့ မြန်မာလူထုကြားမှာ သင့်မြတ်မှုပြန်လည်တည်ဆောက်နိုင်မှာပါ။ ဒီနေရာမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့အခန်းကဏ္ဍက အရေးပါတဲ့နေရာမှာရှိနေပါတယ်။ အားလုံးထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်လျှင် ဒီကိစ္စဟာ အဆင်ပြေချောမွေ့စွာပြီးဆုံးပြီး အသိုင်းအဝိုင်း ၂ခုလုံးအတွက် အဆင်ပြေစေမဲ့ Win-Win ပေါ်လစီဖြစ်လာနိုင်ပါတယ်။ ဒါဟာနိုင်ငံအတွက်လည်းအတိုင်းထက်အလွန်အကျိုးရှိမှာပါ။ ဒီလိုမဟုတ်ဘဲ မြှောက်ပင့်ပေးတဲ့ အဖျက်သမားတွေရဲ့ ဝါဒဖြန့်မှုတွေကို ယုံစားမိပြီး စိတ်ခံစားမှုကို ဦးစားပေးခဲ့မယ်ဆိုရင် ဘယ်သူအတွက်မှအကျိုးမရှိတဲ့ အားလုံးပျက်သုံးသွားနိုင်တဲ့ Zero Sum Game လည်းဖြစ်သွားနိုင်ပါတယ်။

အမေရိကန်အနေဖြင့် ငွေကြေးနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုသာ ထောက်ပံ့ပြီး ဒီအရေးမှာလက်ရှောင်ဖို့များပါတယ်။ အခြားစစ်သင်္ဘောတွေ၊ စစ်သည်တွေ၊ အဆင့်မြင့်ဆေးကုခန်းတွေပါတဲ့သင်္ဘောတွေ၊ လေကြောင်းအကူအညီတွေကိုပေးချင်ပေမဲ့ ရခိုင်ပြည်နယ်က တရုတ်ရဲ့မဟာဗျူဟာမြောက်စီမံကိန်းတွေရှိတဲ့အတွက် ချက်ချင်းတော့ဝင်လာမှာမဟုတ်ပါဘူး။ နာဂစ်တုန်းကနဲ့မတူတာက အဲတုန်းကအထောက်အပံ့အမေရိကန်စစ်သင်္ဘောတွေကို အစိုးရ ကသူ့ကိုယ်သူစိုးရိမ်တာဖြစ်ပြီးတော့ ဒီတခေါက်မှာတော့ တရုတ်နဲ့ ဆက်ဆံရေးတွေကိုမထိခိုက်စေရေးအတွက် ငြင်းဖို့များပါတယ်။ နိုင်ငံရဲ့အရှေ့ဘက်နဲ့ မြောက်ဘက်မှာဖြစ်နေတဲ့ လက်နက်ကိုင်စစ်ပွဲတွေမှာတရုတ်က အလွန်အရေးပါတဲ့နေရာမှာရှိတာကြောင့်ပါ။

တကယ်တော့ သဘာဝတရားကြီးဟာ လူတွေရဲ့မကောင်းမှုတွေကို ဒဏ်ခက်ဖို့ရောက်လာတယ်လို့တောင်ပြောလို့ရာပါတယ်။ဘာလို့လဲဆိုတော့ ဒီလူမျိုးရေးအထိကရုံးတွေဟာ အရင်ခေတ်စနစ်ရဲ့အားနည်းချက်တွေကြောင့်ဖြစ်သလို အယူအဆလွဲမှားနေတဲ့ မူဆလင် အစွန်းရောက်တွေနဲ့ ဗုဒ္ဓဘာသာအစွန်းရောက်တွေကြောင့် ဖြစ်ရတာပါ။ ဘယ်ဘာသာမှတော့မကောင်းမှုကိုအားမပေးပါဘူး။ လူတွေကိုလူလို့ဘဲမြင်ပြီး လူသားချင်းစာနာထောက်ထားမှု၊ ကိုယ်ချင်းစာစိတ်ထားမှုတွေသာရှိရင် ကမ္ဘာလောကကြီးကသာယာအေးချမ်းပြီး ကြီးပွါးတိုးတက်မှာအမှန်ပါဘဲ။
aaaa
ဥပမာ- ဘင်္ဂလီတွေကလည်း မိမိတို့ဟာဒီနိုင်ငံမှာနေတယ်၊ ဒီမှာမွေး၊ ဒီမှာကြီး၊ ဒီရေကိုသောက်တဲ့အတွက် ဒီနိုင်ငံကိုချစ်ရမှာဖြစ်သလို ဒေသခံတွေနဲ့လည်း အဆင်ပြေအောင်ဆက်ဆံသင့်ပါတယ်။ ဒီနိုင်ငံအရေးကြုံလာရင် (လောလောဆယ် မဖြစ်နိုင်သေးပေမဲ့) ဒီနိုင်ငံသားဆိုတဲ့စိတ်ဓာတ်ရှိမွေးမြူပြီး ဒီနိုင်ငံဘက်ကသာကာကွယ်သင့်ပါတယ်။

(စာရေးသူ မလေးရှားနဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ မူဆလင်စစ်သွေးကြွတွေရှိတဲ့ ထိုင်းနယ်နိမိတ်အတွင်းက SONGKLA ဆိုတဲ့မြို့လေးကိုရောက်တော့ မြို့လူဦးရေရဲ့ထက်ဝက်နီးပါး (အထူးသဖြင့်မလေးရှားနယ်စပ်မှာ) မူဆလင်ဘာသာဝင်တွေဖြစ်တာကိုတွေ့ခဲ့ရပါတယ်။ အကုန်လုံးက မူဆလင်ကုလားမျိုးနွယ်တွေဖြစ်ပေမဲ့ ထိုင်းလိုသာပြောပြီး ထိုင်းနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ သူတို့ကို မလေးလူမျိုးလား ဒါမှမဟုတ် မလေးစကားနဲ့သွားစကားပြောလျှင် အလွန်စိတ်ဆိုးတတ်ပါတယ်။ သူတို့ဟာ ထိုင်းတွေသာဖြစ်တယ်လို့ပြန်ဖြေကြပါတယ်။ ဒါကြောင့်လည်း ထိုင်းကမူဆလင်စစ်သွေးကြွတွေအရေးဟာ အကောင်းဘက်ကိုဦးတည်နေပါတယ်- စကားချပ်)

ဒီလိုဘဲ ဒေသခံနဲ့ မြန်မာတွေကလည်း ဒီအသိုင်းအဝိုင်းကို အကြမ်းမဖက်ဘဲ မှန်မှန်ကန်ကန်သာဖြေရှင်းသင့်ပါတယ်။ ဥပမာ- အမျိုးသားရေးအရဆို ဥပဒေခိုင်ခိုင်မာမာချမှတ်ပြီးတော့ ကန့်သတ်သင့်ပါတယ်။ ဘာသာရေးအရဆိုလဲ မိမိတို့ဘာသာကိုမိမိတို့အရင်နားလည်းအောင်လုပ်ပြီး နောင်လာနောင်သားတွေကိုလည်း လက်ဆင့်ကမ်းသင့်ပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွေနဲ့ထိထိရောက်ရောက် သင်ကြားသင့်ပါတယ်။ဒါဆို မိရိုးဖလာဗုဒ္ဓဘာသာမဟုတ်တော့ဘဲ ကိုယ်တကယ်ယုံကြည့်လို့ကိုးကွယ်တာဖြစ်လို့ ဝါဒဖြန့်မှုတွေကို လျှစ်လျူရှုနိုင်ပါတယ်။
ဒါဟာပြသနာကိုရေရှည်ဖြေရှင်းနိုင်ဖို့နည်းလမ်းဖြစ်ပါတယ်။ အစိုးရကလည်း အရှုံးထဲကအမြတ်ဆိုသလို ဒီမုန်တိုင်းအရေးကို အောင်မြင်အောင်ဖြေရှင်းသင့်ပါတယ်။

တကယ်တော့ဒါတွေဟာ မုန်တိုင်း ဝင်ရောက်လာခဲ့ရင်ဖြစ်ပေါ်လာနိုင်တဲ့အရေးတွေသာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မုန်တိုင်းဟာ လမ်းကြောင်းပြောင်းပြီး မြန်မာနိုင်ငံကို မဝင်ရောက်ခဲ့ရင်တော့လည်း အကောင်းဆုံးပေါ့ဗျာ။ ဒါဆိုဒီပြသနာတွေဟာ ပိုမရှုပ်ထွေးလာနိုင်သလို ပိုလည်းကောင်းမလာနိုင်ပေမဲ့ ရေရှည်တည်တံ့မဲ့နည်းလမ်းကို အစိုးရကခေါင်းအေးအေးနဲ့စဉ်းစားနိုင်မယ်လို့ယုံကြည်မိပါကြောင်း မိမိဉဏ်မှီသလောက် တင်ပြလိုက်ပါတယ်ဗျာ။

ဆင်ဖြူရှင်
မေ ၁၁၊ ၂၀၁၃

10 comments

  • ကထူးဆန်း

    May 12, 2013 at 9:31 am

    00:00 GMT မှာ ပြည်ပ မိုးလေဝသ သတင်း သတိပေးချက်မှာတော့ မြန်မာပြည် မပါတော့ပြန်ဘူး ။ အဖျားတော့ခတ်မယ်ထင်ပါတယ် ။

  • GaviaGirl

    May 12, 2013 at 1:39 pm

    ်အခုလောလောဆယ်တော့ နိုင်ငံသားဟုတ်မဟုတ် သေချာစိစစ်မှုတွေလုပ်နေတယ်လို့ ကြားမိပါတယ်ရှင့်။ ဘယ်ဘာသာဝင်မဆို နိုင်ငံသားမှန်ရင် နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်ပါတယ်။ တရားဥပဒေစိုးမိုးမှုကို အစိုးရအနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ပေးမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။

  • ကိုရင်စည်သူ

    May 12, 2013 at 2:09 pm

    ကိုဆင်ဖြူရှင် ရေးတဲ့ ပို့စ်တွေဟာ အရမ်းဓမ္မဓိဌာန်ကျပြီး..
    စနစ်တကျ တင်ပြမှုတွေရှိတာ သတိထားမိတယ်…။
    သင်္ဘောသီးဆိုရင်တော့ ကြီးလေးကြီးက တစ်ကြီးကြီး
    ဖြစ်လောက်မယ်ထင်ရဲ့… :mrgreen: :mrgreen:

    • ဆင်ဖြူရှင်

      May 12, 2013 at 5:27 pm

      အဲ
      မဟုတ်ပါ ကိုရင်စည်သူရေ
      ကျွန်တော်ဟာ အငယ်တန်းအင်ဂျင်နီယာလူငယ်တစ်ယောက်သာဖြစ်ပါတယ်ခင်ဗျာ
      အသက်အရွယ်၊ ရာထူး၊ အတွေ့အကြုံတွေဟာ အဓိကကျတာမှန်ပေမဲ့
      အသက်ကြီးတိုင်းအတွေ့အကြုံများတာမဟုတ်သလို လူမှာလည်း အသက်ကြီးတာမှန်ပေမဲ့ အတွေ့အကြုံအမျှော်အမြင်ရှိတဲ့ “လူကြီး” တွေရှိသလို၊ လောကမှာနေတာကြာပြီး မရင့်ကျက်သေးတဲ့ “လူကြာ” တွေလဲရှိတက်ပါတယ်ခင်ဗျာ
      ဒီ Geopolitics လို့ခေါ်တဲ့ ပထဝီနိုင်ငံရေးကို မိမိစိတ်ဝင်စားတဲ့အတွက် လေ့လာမိသလောက်ကိုသာ ဉဏ်မှီသလောက် တင်ပြဆွေးနွေးခြင်းဖြစ်ပါတယ်ခင်ဗျာ
      ကျေးဇူးတင်ပါတယ်ခင်ဗျာ
      🙂

  • kai

    May 12, 2013 at 3:21 pm

    လူသားတွေကို.. လူသားတွေလို့သဘောထားပြီး.. ကူညီရမှာပါ…။
    နိုင်ငံတကာက..အကူအညီများလည်း.. များစွာရမယ်ထင်ပါကြောင်း..။

  • အရီးခင်လတ်

    May 12, 2013 at 3:41 pm

    ၁၆ရက်နေ့ အတွက် ကို ၁၁နေ့လောက်မှန်းထားရင် ပြောင်းသွားနိုင်ပါရဲ့။

    လောလောဆယ်တော့ ရန်ကုန် မှာ စိုးရိမ်တတ်သူတွေကတော့ အစာတွေ ကြိုဝယ်စုထားတယ်ပြောတယ်။
    တကယ်က မြန်မာပြည်က လူတွေဟာ သတိပေးသတင်းတွေ၊ အမိန့် ဥပဒေတွေကို လိုက်နာဖို့ ဝန်လေးတဲ့ စိတ်တွေ မရှိကြပါဘူး။
    ဒီလို လူတွေအတွက် သူတို့ကို စောင့်ရှောက်ပေးတဲ့ သတင်းမှန်လေးတွေ၊ အကျိုးပြု ဥပဒေလေးတွေ ကို အစိုးရအနေနဲ့ စိတ်စေတနာလေးနဲ့ လုပ်ပေးသင့်တယ်။
    ဒါမှ ပြည်သူကို ချစ်သော အစိုးရ၊ ပြည်သူက ချစ်သော အစိုးရ ဖြစ်မှာပါ။

    မုန်တိုင်း အခြေအနေ ကတော့ အင်အားနည်းသွားပါစေ။ လူအားလုံး အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပါတယ်။

  • ဦးဦးပါလေရာ

    May 12, 2013 at 3:43 pm

    မုန်တိုင်းတိုက်ရိုက်ထိမှမဟုတ်ဘူး-
    အခု ဒုက္ခသည်တွေ နေနေကြတဲ့ ရွက်ဖျင်တဲတွေဟာ တစ်နာရီမိုင်၆ဝလောက်လေပြင်းမျိုးထိရင် လွင့်ထွက်ကုန်မှာဖြစ်တယ်…။
    အဲဒီ ရွက်ဖျင်တဲတွေထဲမှာ မိန်းမတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေ လူနာတွေ အများကြီးရှိနေတယ်။
    တနည်းအားဖြင့် အကူအညီလိုတဲ့ လူ အစစ်တွေ အများကြီးရှိနေပါတယ်နော…။
    ဘယ်ခြံစည်းရိုးထဲက လို့ နာမည်တပ်တပ် လူဟာ လူပဲဖြစ်ပါတယ်…။
    လူလူချင်း အမြင်ရှင်းရှင်းနဲ့ စောင့်ရှောက်ကြစေချင်ပါတယ်။
    ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ကြပါစေနဲ့ …..။

  • နေဝန်းနီ

    May 12, 2013 at 9:32 pm

    ဆင်ဖြူရှင်ရဲ့ …………………
    ဒီလိုမဟုတ်ဘဲ မုန်တိုင်းဟာ လမ်းကြောင်းပြောင်းပြီး မြန်မာနိုင်ငံကို မဝင်ရောက်ခဲ့ရင်တော့လည်း အကောင်းဆုံးပေါ့ဗျာ။ ……………………… ဆိုတော့ကာ မြန်မာနိုင်ငံကိုမဝင်တော့လည်း လမ်းကြောင်းပြောင်းပြီး တစ်ခြားတစ်နေရာကို ရောက်သွားဦးမှာပဲ……။ အကောင်းဆုံးက သူ့အလိုလို အားပျော့ပြီးပျက်ပြယ်သွားခဲ့ရင် ပေါ့ဗျာ………..။ ဖြစ်တော့မဖြစ်နိုင်ဘူး အကောင်းဆုံးကိုပြောတာပါ……….။
    လူသားတိုင်း သောက ကင်းဝေး ပါစေဗျာ ……….။

  • မင်းမင်း

    May 13, 2013 at 9:31 am

    မုန်းတိုင်ဆိုတာကလည်း သူ့အချိန်သူ့အခါ သူ့ရာသီအတိုင်းဖြစ်ရမယ်။ဒါကိုလက်မခံချင်လို့မရဘူး။ဒါမှကုန်းတွင်းပိုင်းပုံမှန်ရာသီဥတုဖြစ်စဉ်ကိုပုံမှန်ဖြစ်ပေါ်စေမှာပါ။ဒါတွေကသဘာဝဖြစ်စဉ်အတိုင်းဖြစ်ရမဲ့အရာတွေပါ။လူတွေကမိမိအသိဉာဏ်ရှိ သရွေ့ အားရှိသ၍ ကျော်ဖြတ်ရမဲ့ကိစ္စဖြစ်ပါတယ်။ပဲုမှန်မုန်တိုင်းတွေဖြစ်မှ ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တွေညီမျှနေမှာဖြစ်ပါကြောင်းးး

  • kyeemite

    May 13, 2013 at 1:22 pm

    ဘယ်ဘာသာမှတော့မကောင်းမှုကိုအားမပေးပါဘူး။ လူတွေကိုလူလို့ဘဲမြင်ပြီး လူသားချင်းစာနာထောက်ထားမှု၊ ကိုယ်ချင်းစာစိတ်ထားမှုတွေသာရှိရင် ကမ္ဘာလောကကြီးကသာယာအေးချမ်းပြီး ကြီးပွါးတိုးတက်မှာအမှန်ပါဘဲ။
    အားလုံးသတိတရားလက်ကိုင်ထားပြီး အစွန်းနှစ်ပါးရှောင်ဖြေရှင်းပြေလည်နိုင်ကြပါစေ…

Leave a Reply