“ဘေးကင်းကြပါစေ´´

ခင္ခMay 13, 20131min1548

“ဘေးကင်းကြပါစေ´´

 

“ ဒိုင်း ´´

ကြားရအသံ ဘာသံလို့မေး

ကချင်မြေတနင်း စစ်ခင်းနေသေး

ထိုနေရာရှိ ရွာလူထုလည်း ဟိုပြေး ဒီပြေး

စစ်ဘေး။

 

“ ဝုန်း ´´

ကြားရအသံ ဘာသံလို့မေး

နာဂစ်ရေလှိုင်း ပုတ်ခတ်သံလေး

ပြေးကြသူဌာ ဆူညံစွာနဲ့

ရေဘေး။

 

“ ရှီး ´´

ကြားရအသံ ဘာသံလို့မေး

တစ်နာ၈ဝနှုန်း တိုက်တဲ့လေသံ

မုန်တိုင်းဟန်တဲ့

ပြိုလဲသစ်ပင် လွှင့်ပျံသွပ်မိုး

ပျက်စီးအဆောက်အအုံ ရွဲစိုကြရဲ့

လေဘေး။

 

“ ဟဲ ´´

ကြားရအသံ ဘာသံလို့မေး

ဝါယာရှော့ဆိုလား ပေါ့စတာလား

ဘာဘဲဖြစ်ဖြစ် အိုးအိမ်ပစ်လို့

ပြေးကြသူဌာ ငိုယိုကာနှင့်

မီးဘေး။

 

“ ဟင့် ´´

ကြားရအသံ ဘာသံလို့မေး

လမ်းမချဲ့မလို့ အိမ်ရှေ့ဥပဇာနောက်ဆုတ်ပေး၊

ဒီမှာအကွက် စီမံကိန်းတဲ့ ဖယ်ရှားပေးရေး လယ်မြေလေး၊

မြို့ရွာလှရေးတည်ဆောက်ပေးမလို့ သင်တို့ပြောင်းကြ အိမ်လေးများက၊

ဟိုက်ဝေးလမ်းဖော် မလွှတ်သနော် သိမ်းပါမနှေး နေရာပေး၊

ထိုထိုအခါ ပြည်သူများမှာ ကြိတ်ကာသာဆွေး

မင်းဘေး။

 

စစ် ရေ လေ မီး မင်း ကပ်ဆိုးကင်း

ပြည်သူများစွာ ပျော်ရွှင်စွာဖြင့်

ရောက်ကြပါစေ တူမျှဝေသည်

သာယာဝေစီ မြန်မာပြည်။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

8 comments

  • လေးခနဲ.ထပ်တူ ကျွန်တော်လဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…….
    ဘေးကင်းကြပါစေ..
    ရန်ကင်းကြပါစေ..
    သဘာဝကပ်ဆိုးကြီးများမှ လွတ်ကင်းကြပါစေ…

  • P chogyi

    May 13, 2013 at 2:25 pm

    မော်ဒန် ရန်သူမျိုး ငါးပါးပေါ့။

    • ခင်ခ

      May 13, 2013 at 2:33 pm

      ထပ်ဆင့်ဆုတောင်းပေးသူ ကိုရွှေတိုက်စိုး ကျေးဇူးပါ။
      (မော်ဒန် ရန်သူမျိုး ငါးပါးပေါ့။) အဲလိုရယ်တော့ မပြောပါဘူး ကိုချိုကြီးရေ၊ ဘေးဆိုးတွေမို့ မဖြစ်စေ မကြုံစေချင်တာပါ။

  • kyeemite

    May 13, 2013 at 3:26 pm

    ကိုခင်ခ ဆုတောင်းပြည့်စေသတည်း… :528:

  • ဥခင်ခဂျီးနဲ့ ထပ်တူထပ်မျှ ဆုတောင်းဘာဒယ် ခီည …
    ပီးဒေါ့ ခု မလာ့တလာ ဖစ်နေဒဲ့
    မဟာစင် ဂျီးနဲ့လည်း လွဲဘာစေ .. ဖယ်ဘာစေ ..

  • kai

    May 13, 2013 at 4:34 pm

    ဆိုတော့…
    – ကချင်စစ်ဘေးကင်းချင်ရင်.. ချိုင်းနားနဲ့ညှိပါ။ ကချင်နယ်ထဲ.. ဗမာတွေဝင်ရှုပ်နေတာတွေလျှော့ချပါ..
    – မာလာ-နာဂစ်-ဂီရိ-မဟာဆန် မုန်တိုင်းဒဏ်ခံနိုင်ချင်ရင်.. မုန်တိုင်းသတိပေးချက်တွေ ဒေသခံတွေသိသာစေရန် ကြိုထုတ်ပါ။ အကာအကွယ်တွေစီမံပါ။ ကယ်ဆယ်ရေးကို မြန်မြန်ပေးပါ။
    – မီးဘေးလျှော့ကင်းချင်ရင်.. မီးနဲ့ပါတ်သက်တဲ့ ဥပဒေလုပ်ထုံးတွေ သေသေချာချာထုတ်ပြန်ပါ။ အိမ်တွေမှာ အကာအကွယ်အစီအမံတွေကြပ်မတ်ဆောင်ရွက်ပါ။ မီးသတ်ကားတွေအတွက် ဘက်ဂျက်ငွေများများရအောင်တောင်းဆိုပါ။
    – အိမ်ပြောင်းမြေပြောင်း ကင်းချင်ရင်.. ဒေသဆိုင်ရာလွှတ်တော်အမတ်ကို တောင်းဆိုခိုင်းပါ။ အစိုးရကိုတိုက်ရိုက်ဆန္ဒပြတောင်းဆိုပါ။ တန်ရာကြေးလျှော်ခိုင်းပါ.။ ပါတီ၊ သမဂ္ဂဖွဲ့ရင်ဆိုင်ပါ။ ပူးပေါင်းဆောင်ရွက်ပါ။

    တကယ်လုပ်အဟုတ်ဖြစ်ပါသည်။
    အိုဘယ့်… အဖမြန်မာပြည်..။ :kwi:

    • မောင် ပေ

      May 13, 2013 at 8:24 pm

      စီအိုင်အေ လက်ထောက်ညွှန်မှူး သဂျီး ဆီမှ
      မြန်မာနိုင်ငံ ပြုပြင်ပြောင်းလည် ဖွံဖြိုးတိုးတက်ရေး အတွက်
      အလှူငွေ တောင်းယူပါ
      အိုအေးအေးအို
      တို ့ ဗမာ ထောင်ပြီ

  • etone

    May 13, 2013 at 8:20 pm

    အန်ကယ်ခင်ခရေ … မုန်တိုင်းဒဏ်ကို အလူးလဲ ခံခဲ့ရဖူးတဲ့ အတွေ ့ကြုံကြောင့် … မုန်တိုင်းလာမယ့် သတင်းက အတော့်ကို ခြောက်ခြားစေခဲ့ပါတယ် … ။ nargis တုန်းက …. ကိုယ်က ကုန်းတွင်းပိုင်းမှာမို့ .. အနည်းငယ်သာ အပျက်ဆီးရှိပြီး အသေပျောက်ကိုယ့်မိသားစု ဆွေမျိုးတွေကြားမရှိခဲ့ပေမယ့် …. dvb အင်တာဗျူးတစ်ခုက …. မိဘမဲ့ဖြစ်သွားတဲ့ ကလေးနှစ်ယောက်ကိုကြည့်ပြီး …. မျက်ရည်ဝဲခဲ့မိတယ် … ။ ကိုယ့်ဝေယျာဝစ္စတောင် ကောင်းကောင်းမလုပ်နိုင်သေးတဲ့ မောင်နှမ နှစ်ယောက် … တယောက်နဲ့တယောက်ဖက်တွယ်ပြီး အင်တာဗျူးဖြေသွားတဲ့ မြင်ကွင်းလေးရော … ထိခိုက်ကြေကွဲသံနဲ့ …. ပြောသွားတဲ့ သူတို့စကားသံတွေရော …ပြန်တွေးမိတိုင်း မြင်ယောင်ပြီး စိတ်မကောင်းဖြစ်တုန်းပဲ … အဲ့တုန်းက ရိုက်ပြတဲ့အထဲ …. လူသေ အလောင်းတွေပါပါတယ် …. ။ အနှစ်နှစ် လလ ရှိစုမဲ့စု တည်ထောင်ထားခဲ့ရတဲ့…. လက်လုပ်လက်စား လူတန်းစားတွေရဲ့ အိမ်လေးတွေလည်းပါသွားခဲ့ရတယ် …အသက်တွေရော .. မျှော်လင့်ချက်တွေရော .. ပိုင်ဆိုင်သမျှလေးတွေပါ… ဖဲ့ခြွေသွားခဲ့တဲ့ မုန်တိုင်းကို သူတို့လိုပဲ ထပ်တူ မုန်းမိတယ် …. ။

    တမိသားစုလုံးမှာ ၂ယောက်ပဲ အသက်ရှင်ကျန်ခဲ့တဲ့ ဘိုကလေးက မိသားစုတစုနဲ့လည်း . ကိုယ်တိုင် စကားပြောဖြစ်ခဲ့ဖူးတယ် … ။ မျှော်လင့်ချက်မဲ့တဲ့ မျက်ဝန်းတွေနဲ့ … ခါးသီးတဲ့ အနိဌာရုံမြင်ကွင်းတွေကိုပြန်ပြောပြတဲ့ သူတို့မျက်နှာက ….မြင်ရတဲ့ လူကိုတောင် ရင်နာစေခဲ့တယ် … ။ေြ ခာက်ခြားစေခဲ့တယ် …. ဒီလိုအဖြစ်မျိုး .. ဘယ်မိသားစုကိုမှမကြုံစေချင်တော့ဘူး … ။
    ဆုတောင်းမှုဆိုတာ မသေချာပေမယ့်လည်း …. လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ် …. မြန်မာတနိုင်ငံလုံး …. ဘေးကင်းကြပါစေ ။

Leave a Reply