ဘားလမ်းက ပြန်ဖို့ ဘက်စ်ကားခ မရှိတဲ့ နေ့က

122053-bigthumbnail

အဲဒီလမ်း .. ဟုတ်တယ် အဲဒီလမ်း

ဘေးမှာ သစ်ပင်တွေ အစီအရီ ပေါက်လို့

မြစ်ကလေး နှစ်သွယ်က ပန်းလေးတွေကို ခူးလို့

ငှက်မောင်နှံများစွာက ချစ်ကြိုးတွေသွယ်လို့

တိမ်ဝါ တိမ်ပြာတွေက စွတ်စိုစိမ့်လို့

အဲဒီလမ်း… ဟုတ်တယ် အဲဒီလမ်းပါပဲ …

ဘေးဘီဝဲယာကို ငေးမောခံစား

ပြီး … ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက်

အဝါရောင် အရွက်နဲ့ အပင်တွေ

နီညိုရောင် ရွက်ကြွေ ခင်းတဲ့လမ်း

ဥဩတေးကို နားစင်ရမယ်

လုလင်ပျိုတစ်ယောက်ရဲ့ စောင်းသံ သဲ့သဲ့

မိန်းမပျိုတစ်ယောက်ရဲ့ ဆံနွယ်တွေဝဲလို့

လေပြေတစ်ချို့က စိမ့်ခနဲ အေးစေမယ်

ဟိုး …  ဟိုး…. လမ်းဘေးကို ကျော်ကြည့်လိုက်

ယုန်လေးနှစ်ကောင် စိန်ပြေးတမ်းဆော့ကစား

သမင်မလေးက လည်ပြန်ကြည့်လို့

အဲဒီလမ်း.. ဖြည်းဖြည်းချင်းသာ လျှောက်သွားလိုက်ပါ

မြင်မြင်သမျှ ယိမ်းနွဲ့လှုပ်ရှားနေကြ

ဟိုးအဝေးက စိမ်းညှို့ညှို့တောင်တန်းတွေ

အဲဒီတောင်တွေဆီက တောင်ကျချောင်းရေ

ရေတံခွန်ဆီက အရှိန်နဲ့ ဆင်းလာတဲ့ ရေကျသံများ

အဝေးတောအုပ်တစ်နေရာက

မျောက်အုပ်တွေရဲ့ အော်ဟစ်သံသဲ့သဲ့

ကောင်းကင်ဝန်းကျင်က သိန်းငှက်တွေ လေဟုန်စီးနေကြ

ဆူးမရှိတဲ့ ပန်းပွင့်ရောင်စုံများ

ပွင့်ချပ်တစ်ချို့ပေါ်က အရောင်စုံ လိပ်ပြာများ

နေရောင်ခြည်နွေးနွေးအောက်က အဝါရောင် နေကြာပန်းများ

စပါးပင်လေးတွေက အပျိုစင်တစ်ယောက်ရဲ့ ကကွက်တွေလို ကနေကြ

အဲဒီစပါးခင်းကြားထဲက ချောင်းငယ်တစ်ခု

အဲဒီချောင်းရေကြည်ကြည်လေးအောက်က

ကျောက်စရစ်ခဲလေးများကြား

ငါးကလေးတွေ ပြေးလွားဆော့ကစား

လမ်း…

အဲဒီလမ်းပါပဲ …

လမ်းလေး အဆုံးမှာ တောင်ကြီး တစ်ခု

တောင်ခြေအောက်က ဝါးနဲ့ ဆောက်တဲ့ အိမ်လေး တစ်လုံး

အိမ်အပြင် မြက်ခင်းပြင်တစ်နေရာဝယ်

ပြေးလွှားကစားနေတဲ့ ကလေးငယ်လေးတစ်ဦး

လမ်း …..

အဲဒီလမ်းလေး

အနာဂတ်ဆီမှာလား

အတိတ်ဆီမှာလား

ပစ္စုပ္ပါန်မဟုတ်တဲ့ လမ်းသွယ်တစ်ခု

မေတ္တာဓါတ်အပြည့်နဲ့ ပေါင်းချည်ခဲ့ဖူးတဲ့ လမ်း

မေမေ့မေတ္တာ .. ဖေဖေ့မေတ္တာတွေ ရှိနေမယ့် လမ်း

လူတွေ အများကြီးကြားထဲ

ခုတော့

ကိုယ်တစ်ယောက်တည်းရယ် ………….။

 

 

ရင်နင့်အောင်

6 comments

  • ကို ငြိမ်းမောင်

    May 16, 2013 at 4:31 pm

    ဘာလမ်းက ပြန်ဆိုလို့ ရန်ကုန်မြို့ထဲ ဘားလမ်းလားဆိုပြီး ဖွင့်ဖတ်မိတာလေ။
    ရင်နင့်အောင် သွားတဲ့လမ်းက တန်ဖိုးရှိလမ်းခေါ်မလား မှော်လမ်းလို့ဘဲခေါ်မလား စုံလင်စွာ ဖန်တီးထားတာဘဲဗျ။

  • မောင် ပေ

    May 16, 2013 at 6:54 pm

    ဘားလမ်း
    ဖားရမ်း
    ကျားငမ်း
    အားစမ်း
    ပျားဖမ်း
    စားသမ်း

  • kyeemite

    May 17, 2013 at 4:13 pm

    စိတ်ကူးနိုင်စွမ်းက အံ့မခမ်းပါပဲဗျာ….
    “ဘားလမ်းက ပြန်ဖို့ ဘက်စ်ကားခ မရှိတဲ့ နေ့က” လမ်းလျှောက်ပြန်လာရင်း
    စိတ်ကူးထဲကလမ်းလှလှလေးပေါ်လာတယ်ထင်ပ…
    အနုပညာသမားတွေဆိုတော့လည်း…ဘက်စ်ကားခ မရှိလို့ လမ်းလျှောက်ရလည်း
    ကဗျာလှလှတစ်ပုဒ်ရတာပဲနော… :hee:

  • Mobile13

    May 18, 2013 at 1:02 am

    ကားခမရှိလည်းဗျာ
    စကားပြောတတ်ရင် လေယဉ်ပျံတောင် လဂါးစီးလို့ရဆိုလားပဲ။
    ကဗျာ လေးကို အားပေးသွားတယ်ဗျာ……………..

  • အဲ့ဒီလမ်းလေးနဲ့ အိမ်လေးသာ ရှိမယ်ဆို
    ဘယ်လောက် သာယာလိမ့်မလဲနော် …
    အင်းး သွားဖို့ ကားခ ပြန်တော့လည်း အခက်သား …
    အားပေးသွားပါတယ်ဗျာ …
    “ဥဩတေးကို နားစင်ရမယ်” ဆလိမ်လေးနဲ့ ပါလို့ ….။

  • အလင်းဆက်

    September 5, 2013 at 2:11 pm

    ကဗျာ ထဲမှာမှ ဒီလို ကဗျာမျိုးကို
    ဆာလောင်လာလို ့
    ကဗျာဆရာထထဲမှာမှ
    ကိုယ့်ဆရာရင်နင့် ရဲ့ကဗျာ
    ရှာပြီး ဖတ်သွားတယ်ဗျို ့

Leave a Reply