+++++++++++++++++++++++++++++++

တစ်နေ့သ၌ “သွားရေကျ” မည်သော လက်ဖက်ရည်ဆိုင်လေး၏ လွန်စွာ ချောင်ကျသော စားပွဲဝိုင်း တစ်ခုတွင် ဆိုင်နံရံအား ကျောမှီလျက် (၂၀) တန် ဆေးပေါ့လိပ်အား ဇိမ်ခံ ဖွာရှိုက်လျက် ရှိသော အသက်အားဖြင့် (၃၀) ဝန်းကျင်ရှိ လူရွယ်တစ်ဦးအား တွေ့ရလေ၏။ ထိုလူရွယ်သည် ခြေကလိန်ချိတ် ထိုင်နေခြင်း ဖြစ်ပြီး ၎င်း၏ မျက်လုံးများကိုလည်း မှေးစင်းထားကာ တစ်စုံတစ်ခုသော အကြောင်းအရာအား လေးနက်စွာ တွေးတောနေလျက် ရှိသည်ကို တွေ့ရလေ၏။

များမကြာမီ အချိန်တွင် လွန်စွာမှ အသားမည်းနက်လှသော လူတစ်ဦးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးအတွင်းသို့ ဝင်ရောက်၍ လာပြန်လေ၏။ ထိုလူသည် လူရွယ်ထိုင်နေလျက်ရှိသော စားပွဲဝိုင်းသို့ သွားရောက်ကာ ထိုင်လေ၏။ ပြီးနောက် စားပွဲပေါ်တွင် လူရွယ်တင်ထားဟန်ရှိသော (၂၀) တန် ဆေးပေါ့လိပ်အား ကောက်ယူကာ မီးညှိ ရှိုက်ဖွာနေတော့၏။

အသားမည်းနက်သော လူ ဝင်ရောက်လာပြီး မကြာမီ အချိန်တွင် လွန်စွာမှ အပိုးမကျိုးလှသော မျက်နှာပေး၊ ဆောင့်ကြွားကြွား အမူအယာရှိသော လူတစ်ဦးသည်လည်း ထပ်မံ၍ ဝင်ရောက်လာကာ လူရွယ်ရှိသော ဝိုင်းသို့ပင် သွားရောက် ထိုင်ပြန်လေ၏။ ပြီးနောက် (၂၀) တန် ဆေးပေါ့လိပ်အား ကောက်ယူ ဖွာရှိုက်ပြန်လေသည်။ လူရွယ်မူကား ၎င်းတို့နှစ်ဦး ရောက်ရှိလာခြင်းကိုပင် သိပုံ မရပါပေ။ ၎င်း၏ အတွေး၌သာ နစ်မြောနေဟန် ရှိလေ၏။

နောက်ထပ် တစ်အောင့်လောကမျှ အကြာတွင်မူ လွန်စွာမှ အရပ်ပုလှသော လူတစ်ဦးနှင့် လွန်စွာမှ အရပ်ရှည်လှသော လူတစ်ဦးတို့သည် တူယှဉ်တွဲလျက် ဝင်ရောက် လာပြန်လေ၏။ ထိုဆန့်ကျင်ဘက် လူနှစ်ဦးသည်လည်း လူရွယ်ရှိရာ လက်ဖက်ရည်ဝိုင်းသို့ပင် သွားရောက်ပြန်လေ၏။ ၎င်းတို့ နှစ်ဦးသည်လည်း ရှေ့လူများ နည်းတူ စာပွဲပေါ်မှ လက်ကျန် (၂၀) တန် ဆေးပေါ့လိပ်အား ကောက်ယူကာ ဖွာရှိုက်ပြန်လေ၏။

ထိုအခိုက်တွင် လက်ဖက်ရည်ဆိုင် စားပွဲထိုးလေးမှ “ဘာသောက်မလဲ ဆရာတို့” ဟူ၍ လာရောက် မေးမြန်းလေရာ ရောက်လာသူ အသီးသီးမှာ ၎င်းတို့၏ ဦးခေါင်းများအား ညင်သာစွာ ယမ်းပြလိုက်လေ၏။ ၎င်းတို့သည် ယင်းသို့ တစ်ဝိုင်းထဲ ထိုင်နေကြခြင်းပင် ဖြစ်သော်လည်း တစ်ယောက်နှင့် တစ်ယောက် စကား တစ်ခွန်းမျှ ပြောခြင်း မရှိပေ။

သို့ရာတွင် များမကြာမီ အချိန်တွင်မူ စဉ်းစားခန်း ဝင်နေသော လူရွယ်၏ မျက်နှာသည် တစ်စုံတစ်ရာအား အမိအရ ဆုပ်ကိုင်ပြီးသူ၏ မျက်နှာပေးကဲ့သို့ ဝင်းပလာပြီးလျှင် ၎င်း၏ မှေးစက်ထားသော မျက်လုံးအစုံကို ဖွင့်လိုက်လေ၏။ ဖင်ဆီစံအထိ လောင်ကျွမ်းနေပြီ ဖြစ်သော ဆေးပေါ့လိပ်တို အားလည်း ဆေးလိပ် ပြာခွက်အတွင်းသို့ ထိုးချေလိုက်လေ၏။ ပြီးနောက် ၎င်း၏ ဝိုင်းတွင် ထိုင်လျက်ရှိနေသော လူလေးယောက်၏ မျက်နှာများအား တစ်ယောက်ချင်း စေ့စေ့ ကြည့်လိုက်ပြီးနောက် ဤသို့ စကားဆိုလေသည်။

 

“ဒီနေ့ည သန်းခေါင်အချိန်မှာ သူကြီးဦးခိုင် အိမ်ကို ဖောက်မယ်”

 

ဒန်တန့်တန် …….

:kwi: :kwi:

+++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။