“ဒေဝေါကြီး လာမှာစိုးတယ်´´

 

ကလေးဘဝငယ်ငယ်တုန်းက ရန်ကုန်မြို့ စမ်းချောင်းမှာ ဦးလေးတွေ အဒေါ်တွေနဲ့ ခင်ခ တို့မိသားစု ပေါင်းစည်း ကာနေခဲ့စဉ်က မိုးရာသီ မိုးချိန်းသံတွေ လျှပ်စီးလက် တဲ့ အလင်းတွေကြားမှာ အကယ်လို့များ ပြောမရတာရှိတဲ့ အခါ  ဥပမာ- အိမ်ရှေ့ လမ်းပေါ်ဆော့နေတော့ မိုးတွေ ချိန်း လျှပ်စီးလက်လို့ မိုးရွာတော့မယ့် ဟန်မှာ အဒေါ်က အိမ်ထဲဝင်တော့ ပြောပေမယ့် အဆော့မက်နေတော့ မဝင်ဖြစ်သေးရင် “အေး အေး ဆက်ဆော့နေ ခဏနေ ဒေဝေါကြီး လာ လိမ့်မယ်´´ လို့လည်းဆိုရော ဒေဝေါ ဆိုတာ ဖြူသလား မဲသလား ဘယ်လိုမှန်းမသိပေမယ့် စိတ်ထဲ ကြောက် တာ နဲ့ ဆော့တာရပ်ပြီး အိမ်ထဲဝင်ခဲ့ရတဲ့ အဖြစ်လေးတွေက အခုလိုမိုးရာသီရောက်ခါနီးဆို ပြန်လည်က အမှတ် ရစရာလေးဖြစ်ခဲ့တာပေါ့။ အဲဒီအခြောက်ခံရတဲ့ ဒေဝေါကြီး ဆိုတဲ့ ဇတ်လိုက်ကျော်ပါတဲ့ ပုံပြင်လေးလည်း ရှိခဲ့ ပါတယ်။ ကလေးဘဝမှာ အဲဒီ ဒေဝေါ ပုံပြင်ကို ကြားခဲ့နားထောင်ခဲ့သူတွေလည်း ရှိမှာပါ။ အဲဒီပုံပြင်ကို ရွာသူတစ်ယောက်က ပြန်ရေးကာပို့ပေးခဲ့ပြီး ခင်ခ ငယ်က ဦးလေး/အဒေါ်တွေပြောခဲ့တဲ့ ဒေဝေါ၊ ပြောမရတိုင်း အလန့်ခံ အခြောက်ခံခဲ့တဲ့ ဇတ်လိုက်ကျော ဒေဝေါ၊ ဘာမှန်းမသိ ခင်ခ ကြောက်ခဲ့မိတဲ့ ဒေဝေါ ဆိုတဲ့ပုံပြင် ကတော့ ဒီလိုပါ။

လယ်စောင့် တောသားလေးက.. မိုးခြိမ်းသံ ကြားတော့.. ဟာ ဒေဝေါ လာတော့မှာပဲ.. အဲ့ဒီ အချိန်မှာ သူခိုးက အိမ်ပေါ်ရောက်နေပြီ.. ဒေဝေါ ဆိုတဲ့ အသံကြားတော့ ဘာမှန်း မသိပဲ လန့်သွားတယ်။ လယ်စောင့် ကို စားဖို့ ကျား တကောင်ကလည်း သူ့ တဲ နားကို ရောက်နေတယ်.. ကျားကလည်း ဒေဝေါ ဆိုတာ ဘာကြီးလဲ ဆိုပြီး တွေးပြီး လန့်သွားတယ်။ အမှောင်ထဲမှာ သူခိုးက ဒေဝေါ ဆိုတာ ဘာမှန်း မသိတော့ တခုခုဆို မဟန်ဘူး ဆိုပြီး တဲပေါ်က ခုန်ချ လိုက်တာ ကျား ရဲ့ ကျောပေါ် ကျသွားတယ်။ သူခိုးက သူ့ကို ဒေဝေါ က သယ်သွားတယ်လို့ ထင်ပြီး ကြောက်ကြောက် နဲ့ လိုက်သွားတယ်။ ကျားကလည်း သူ့ ကျောပေါ် ဒေဝေါ ရောက်နေတယ် ဆိုပြိး ကြောက်ကြောက် နဲ့ ပြေးတာ.. မိုးလင်းခါနီး အလင်းရောင် ရောက်လာမှ သူခိုးက ကျားပေါ် ရောက်နေမှန်း သိပြီး ခုန်ချပြီး ထွက်ပြေးသွားပါသတဲ့.. အဲ့ဒီ ပုံပြင်လေး ကို အကြောင်းပြုပြီး ဒေဝေါ လို့ ပြော ကြတာ။

 

၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာ ခင်ခ ဆိုသော အမည်နာမပေးကာ ဒီ ဂဇက်ဆိုသော ရွာမှာ မန်ဘာရွာသား အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ဖတ်ခဲ့ဖူးသမျှ နားထောင်ခဲ့ဖူးသမျှ လေ့လာခဲ့ဖူးသမျှသော အသီး အနှံ အရွက် ဟင်းသီးဟင်းရွက်နဲ့ စပ်ဆက်သော တိုင်းရင်းဆေးသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေကို ကောက်နုတ် ကာ မျှဝေရေးခဲ့လို့တသွယ် တကယ်ဟုတ်တာတွေကော တကယ်မဟုတ်တာတွေကော တွေးခဲ့သမျှကို စာစီကာတစ်မျိုး မြင်သမျှ ကြားသမျှတွေထဲက ဖြစ်စေချင်တာ ဖြစ်သင့်တာတွေကို တစ်ဖုံ အဲလိုတွေ ပိုစ့်တွေရေး လာခဲ့တာ ဂဇက်ရွာနဲ့ တစ်နှစ်ကျော်ကာလကို အခုဆိုဖြတ်ကျော်လာခဲ့ပြီပေါ့ဗျာ။

အရင်တုန်းကပေါ့ဗျာ ခင်ခ သိတဲ့အသိခေါ်မလား ယူဆချက်လို့ဘဲ ခေါ်မလား ဘယ်လိုဘဲခေါ်ခေါ် ဒီ ဂဇက် ဝက်ဆိုဒ်မှာဖော်ပြထားတဲ့ သတ်မှတ်ထားတာက

 

4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာ တပိုဒ် ကိုဖော်ပြရန်။

 

အဲဒီတော့ ခင်ခ အခြားသူရေးတဲ့ ဆောင်းပါး၊ သတင်း တွေကို သိစေချင်တော့ ပြန်လည်မျှဝေချင်စိတ်ကြောင့် ကိုယ့်ရဲ့ထင်မြင်ချက်လေးရေး၊ ဒီသတင်း ဒီဆောင်းပါးက ဘယ်သူရေးတာပါ Ref: ခရက်ဒစ်တူ ပေးပြီးတင်ခဲ့ တာပေါ့၊ ဖော်ပြပါအချက်အရလည်း အဲလိုရတယ်ထင်တာပေါ့နော့။

သို့ပေသိ ကိုဘလက်ချောရဲ့ “မိမိကိုယ် မိမိ ခိုးယူပေါင်းသင်းကြသူများ´´ ပိုစ့်မှာ သဂျီးက အခုလိုမန့်တာ ဖတ်လိုက်ရတယ်ဗျ။

 

မူပိုင်ခွင့်ခံစားချင်ရင်..ကမ္ဘာတန်း မှတ်ပုံတော့တင်ရမှာပါ.. စာရေးဆရာကလည်း.. သူရေးတဲ့စာ.. မှတ်ပုံတင်ရုံးပို့.. မှတ်ပုံတင်ရတာပါ..။ မှတ်ပုံတင်ရုံးက.. ဘာမှထူးမလုပ်ပါဘူး.. နေ့စွဲတပ်သိမ်းထားလိုက်တာလို့..သိထားပါတယ်..။ မူပိုင်ခွင့် ပြဿနာဖြစ်လာရင်.. နေ့စွဲအရအရင်မှတ်ပုံတင်ထားသူ.. စားကြေးပေါ့…။ ရှေ့ကအရင်ရေးတာ.. နောက်ကရေးတာ.. မသိ.. မှတ်ပုံတင်နေ့နဲ့သတ်မှတ်ပုံ..ဆုံးဖြတ်ပုံရပါတယ်..

မူပိုင်ခွင့်နဲ့ပါတ်သက်ရင်.. ဥပဒေ.. တရားတဘောင်ကိစ္စ… အင်မတန်ရှုပ်ထွေးပါတယ်..
သိသလောက်.. မြန်မာဇာတိနွယ်ထဲ.. မူပိုင်ခွင်နဲ့ပါတ်သက်တဲ့.. ရှေ့နေလုပ်စားနေသူ.. ယူအက်စ်မှာ.. မရှိသေးပါ..
ကော်ပီရိုက်.. ပက်တန့်နဲ့ပါတ်သက်တဲ့..လောစကူးသွားတက်သူတယောက်တော့.. လွန်ခဲ့တဲ့.. ၈နှစ်လောက်ကကြားဖူးတယ်..
ကျောင်းပြီး…ပြီးမသိ…
ဆိုတော့.. တရားရေးပိုင်းရောက်ပါပြီ..
ကျုပ်အနေနဲ့.. အတိအကျ.. နားမလည်ပါ…
သိတာကတော့.. မန်းဂဇက်ဝက်ဘ်ဆိုက်ထဲတော့.. မူပိုင်ခွင့်နဲ့ပါတ်သက်တာတွေ.. ငြိနိုင်တာတွေ.. ရှယ်တာတွေ.. ပေးတာတွေ..( ပြောလာသူ..ထောက်ပြသူ.. သတိပေးသူရှိရင်).. တင်ခွင့်မရှိပါကြောင်း…. ရယ်..။

အဲဒါကြောင့်.. ကိုပေါက်လည်း..(ဟိုးတခါပြသနာဖြစ်တော့) တင်ပြီးသားကို.. ဖျက်ပေးသွားပါတယ်..
သာမန်အားဖြင့်…
သီချင်း.. ရုပ်ရှင်..စာပေ.. အင်တာနက်ထဲအပြင်လောကမှာ.. ပါစင်နယ်..လေ့လာဖို့.. ပရိုမိုးရှင်းလုပ်တာ.. ရှားပါးလို့သိမ်းပေးဖြန့်ပေးတာ.. စသဖြင့်… (ဘယ်အကြောင်းပြချက်နဲ့မှ) ရှယ်ခွင့်.. ဖြန့်ခွင့်.. မရှိပါ..။
ပြောရရင်..
သတင်း.. စာမူ.. ဓါတ်ပုံ.. တပိုဒ်.. တပုဒ်.. ရှယ်ခွင့်မရှိပါ…။
ကိုးကားမှီငြမ်းပြီးရင်.. ခရက်ဒစ်တူ.. ဆိုပြီးလည်း.. လုပ်ခွင့်မရှိပါ… အဲလိုလုပ်လို့.. မူပိုင်ခွင့်ကနေလွတ်မသွားပါ…။

လုပ်ခွင့်ထဲ.. (အင်မတန်ပါးလှပ်လှပ်ကလေး..) ဖဲယူစ့်ဆိုပြီးတော့ရှိပါတယ်..
သိချင်ရင်ဖတ်ကြည့်ပါ…။
http://en.wikipedia.org/wiki/Fair_use
အဲဒါမျိုး.. ဒီဟာမျိုး.. ဆိုတာတွေရှိပြီး.. အဲဒါတရားတဘောင်ဖြစ်လာရင်.. ရှေ့နေများအလုပ်ဖြစ်ပါကြောင်း…။

 

ဪ ဂဖက်ရွာထဲ ရောက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်သက်တမ်းလေး ရလာကာမှာ ငါရေးခဲ့တာတွေ အများသူဌာ ဗဟုသုတ အဖြစ်သိပါစေတော့ဆိုပြီး မျှဝေခဲ့တာတွေကို အပေါ်ကသတ်မှတ်ချက်အတိုင်း နားလည်ခံစားပြီး ရေးခဲ့တာပါ အခုလို ခရက်ဒစ်တူ လို့ ပေးပြီးလည်း တင်ခွင့်မရှိဘူးဆိုတော့ ရေးတာလည်း ရေးခဲ့ပြီးပြီ ဖတ်တဲ့ သူတွေလည်းဖတ်ခဲ့ပြီးပြီ အခုထိတော့ ခင်ခ ကို ပြဿနာရှာတဲ့သူတော့ တစ်ယောက်သလေမရှိပေမယ့် သဂျီး မန့်ချက်အရ အခုတော့ ဘယ်ကနေ ဘယ်အချိန် ဘယ်လိုပေါ်လာမှန်းမသိ ငယ်ငယ်ကကြောက်ခဲ့တဲ့ ဒေဝေါကြီး ကို စိတ်ထဲတွေးထင်ကြောက်သလို မူပိုင်ဆိုတဲ့ ဒေဝေါကြီး ကို ကြောက်ရပြန်ပြီပေါ့ တစ်ခါ။

ထိုတော့ကာ ခင်ခ အနေနဲ့  မူပိုင် ဒေဝေါကြီး ကို ကြောက်လွန်လွန်းလို့ ဘဲ အောက်ပါတိုင်း ကောက်ချက်ချကာ ရွာအပြင် ဇနပုဒ်တဲလေးရဲ့ရှေ့ကပြင်ကွပ်ပျစ်လေးမှာ လက်ပေါ်နဖူးတင်ပြီး အေးရာအေးကြောင်း အိပ်တော့မယ် ဗျို့၊ အဲ မူပိုင်ဆိုတဲ့ ဒေဝေါကြီး လာရင်တော့ သတိပေးကာ နိုးပါအုံးနော် ပြေးချင်လွန်းလို့ပါ။

 

Admin Kai says သတင်း.. စာမူ.. ဓါတ်ပုံ.. တပိုဒ်.. တပုဒ်.. ရှယ်ခွင့်မရှိပါ…။
ကိုးကားမှီငြမ်းပြီးရင်.. ခရက်ဒစ်တူ.. ဆိုပြီးလည်း.. လုပ်ခွင့်မရှိပါ… အဲလိုလုပ်လို့.. မူပိုင်ခွင့်ကနေလွတ်မသွားပါ…။)
ခင်ခရေး = ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူ ဖြင့် ရေးကြကုန်ရာ၏။
ဖြန့်ချီ မျှဝေ အသိပေး တဆင့်လေးတွေ ကင်းကြကုန်ရ၏။
ဤကား ဂဇက်ဝက်ဆိုဒ် အလိုတည်း…….။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

(ကိုယ်တိုင်အတွေး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အရေး ဖြစ်ပါ၏)

About ခင္ခ

ခင္ ခ has written 458 post in this Website..