အတိတ်က ခြေရာတွေပြန်ကြည့်ရအောင်

Aung Myat LinMay 22, 20131min1816

အတိတ်က ခြေရာတွေပြန်ကြည့်ရအောင်

သူငယ်ချင်းတို့ရေ ဒီဆောင်းပါးလေးကိုရေးတာဟာ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ မဟုတ်ပါဘူး။ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ယောက် အနေနဲ့လည်း မဟုတ်ပါဘူး။ သူငယ်ချင်း အပေါင်းအသင်း အနေနဲ့သာရေးသားခြင်း ဖြစ်ပါကြောင်း ရိုးသားစွာ ဝန်ခံပါရစေ။

တို့တွေရဲ့ ဆရာကန်တော့ပွဲဟာ ဒီနှစ်မှာ (ဒုတိယ)အကြိမ်ကျင်းပခါနီးပြီနော်။ မနှစ်က တို့တွေ ပညာသင်ကြားခဲ့ရတဲ့ကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တို့ရဲ့ ပညာရင်နို့သောက်စို့ခဲ့တဲ့ ကျောင်းတော်ကြီးမှာ ကျင်းပခွင့်ရခဲ့ကြတယ်။ တို့သူငယ်ချင်းတွေရဲ့ ခင်မင်မှုတွေ ရင်းနှီးမှုတွေ သံယောဇဉ်တွေ အတိတ်က အလွမ်းတွေ ……………… တွေ အရာရာအားလုံးဟာ ဒီကျောင်းတော်ကြီးထဲမှာပဲ ရှိခဲ့ကြတာပါကွာ။ တို့တွေရင်းနှီးခဲ့တဲ့ ကျောင်းအဝင်က လမ်းလေးတွေ၊ တစ်ခါစီးမှ (၅)ကျပ်ပေးရတဲ့ တို့ကျောင်းကဖယ်ရီကားတွေ၊ ညောင်ပင်ကြီးအောက်က ခုံဝိုင်းလေးတွေ၊ စိန်ပန်းပင်တွေ၊ ကန်တင်းတွေ၊ Drawing Room တွေ၊ Work Shop တွေ ………… တွေ အရာရာအားလုံးဟာ အတိတ်က အမှတ်တရတွေပဲ။ သူငယ်ချင်းတို့လဲ မှတ်မိကြမယ်လို့ ယုံကြည်ပါတယ်။

တို့တွေလဲ မတွေ့ကြတာ ကြာခဲ့ပြီနော်။ မနှစ်က တချို့တဝက်သာလာခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အားလုံးစုံအောင် တွေ့ချင်တယ်ကွာ။ တို့တွေ အလွမ်းတွေသယ်ကြတာပေါ့။ နောက်ပြီး တို့ရဲ့ ဆရာသခင် ကျေးဇူးရှင်တွေဖြစ်တဲ့ ဆရာကြီး/ဆရာမကြီးတွေကို ကျေးဇူးဆပ်ကြရအောင်လေကွာ တို့တွေရဲ့ ရွှင်ပြုံးတဲ့မျက်နှာလေးကို မြင်တွေ့ပြီး ဆရာ/မတွေလည်း ပီတိဖြစ်ကြမှာပါ။

တို့တွေလွမ်းတဲ့ ကျောင်းရှေ့က လက်ပံပင်ကြီးလဲ နွေရာသီတုန်းက တို့တွေကို လွမ်းတဲ့အသိနဲ့ ကြွေကျခဲ့ပြီလေ ………. ။ ခုလဲ တို့တွေကို စိန်ပန်းပွင့်နီနီတွေက အလိုက်သိစွာ စောင့်ကြိုနေလေရဲ့။ တို့ကျောင်းဘောလုံးကွင်းကြီးကလဲ အရင်အတိုင်းပါပဲကွာ မပြောင်းလဲသေးပါဘူး။ တို့တွေ ဘောလုံးကန်ကြရအောင်လေကွာ။ အနိုင်မခံအရှုံးမပေး တစ်ဖက်အသင်းနဲ့ တစ်ဖက်အသင်း အပြိုင်အဆိုင်ပေါ့။ တကယ်မကန်ရင်လဲ အမှတ်တရလေးတွေပါကွာ။ တချို့ဆရာတွေက ကျောင်းတွေပြောင်းသွားပေမယ့် တချို့ဆရာတွေလဲ ကျောင်းမှာပါပဲ မပြောင်းလဲပဲ တို့ကို ကြိုဆိုနေကြတယ်။ တို့အားလုံးပြန်လည်ဆုံတွေ့တာကို ဆရာတွေက အရင်လိုပဲ ပြန်မြင်ချင်ကြတယ်လေ။

နောက်ပြီးသတိရလို့ တစ်ခုပြောဦးမယ်နော် တို့ကျောင်းက ဘုရားစေတီလေးမှာ ဆုတောင်းခဲ့ဘူးတဲ့ စုံတွဲတွေ ဘယ်နှစ်ဦးရှိလဲတော့မသိဘူး။ ကျောင်းမှာ တွေ့ပြီး မင်္ဂလာဆောင်သွားကြတဲ့ ရွှေဖူးစာစုံတွဲတွေတော့ တွေ့နေရတယ်။ လူတိုင်းမှာလဲ အမှတ်တရလေးတွေတော့ ရှိကြမှာပါ။ တို့ကျောင်းတော်ကြီးက သာမည ကျောင်းတော်ကြီးမှ မဟုတ်တာ။ နယ်ပေါင်းစုံက သူငယ်ချင်းတွေ ဆုံတွေ့ခဲ့ကြတဲ့ အဓိက မှတ်တိုင်ကြီးပေါ့။ နောက်ပြီး ဆရာတွေအပေါ်မှာ ဆိုးခဲ့နွဲ့ခဲ့ကြတာတွေ မှတ်မိကြဦးမှာပါ။ ပြန်ပြောရင် ဘာလိုလိုနဲ့ ရင်ထဲမှာ လွမ်းမိတယ်။ နောက်ပြီး လာမယ့် (၂၅)ရက်နေ့ကို မျှော်လင့်နေမိတယ်။ ကြိုတင်ရင်ခုန်နေမိတယ်။ ကျွန်တော့လို လွမ်းတတ်တဲ့သူတွေလဲ ရှိဦးမှာပါ။ အလွမ်းတွေအပြည့်နဲ့ ရင်ခုံစရာတွေစုပေါင်းနေတဲ့နေ့ကို တို့တွေတွေ့ဆုံကြမယ် 2013 ခုနှစ်၊ မေလ (25)ရက်နေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့လား။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် သူငယ်ချင်းတို့ရေ လာမယ့် 25 ရက်(စနေနေ့)မှာ တို့ခြေရာတွေပြန်ကြည့်ရအောင် လာခဲ့ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အောင်မြတ်လင်း

6 comments

  • Lutt Latt Thu

    May 22, 2013 at 7:40 am

    ခြေရာကြည့်
    နေရာမသိ
    အသေအချာမိ
    ဝေဒနာသတိ
    ရင်မှာရှိ။

  • Ko chogyi

    May 22, 2013 at 8:34 am

    ခြေရာတွေကောက်ပြီးရင် ပြန်ရောင်းစားလို့ရလားဟင်……………

  • kyeemite

    May 22, 2013 at 10:14 am

    ဘယ်ကျောင်းတော်ကြီးဆိုတာလေးတော့…သိချင်သား ❓

  • ဦးကြောင်ကြီး

    May 22, 2013 at 10:23 am

    ဥက္ကဌ
    ဗရုတ်ကျ
    တရုတ်မ
    အဟုတ်လှ
    နဂုတ်ဝ
    စားပုတ်ဗျ
    ခလုတ်ချ
    ပလုပ်တ..

  • အရီးခင်လတ်

    May 22, 2013 at 2:26 pm

    ရန်ကုန် RIT ထဲ မှာ ဘုရားစေတီတို့၊ လက်ပံပင်ကြီး တို့ ရှိတာ သတိမထားမိဘူး။
    ကားခ ၅ကျပ် ဆိုတော့ ကျုပ်တို့ခေတ် လဲ မဟုတ်တော့ဘူး။ 😛

  • Ma Ma

    May 23, 2013 at 8:01 am

    ခြေရာကောက်ကို
    ခြေရာခံမလို့ကို
    ခြေရာဖျောက်ထားတော့ကာာာာာာာာာာာာာာ :buu:

Leave a Reply