ရုပ်ရှင်ကြည့်ခြင်း

 

“ပြီးပါပြီ” ………..

စာတန်းထိုးလိုက်တဲ့ အခါ ခင်ဗျားတို့ ထင်သလို မင်းသားနဲ့ မင်းသမီး မပေါင်းလိုက်ရပါဘူး။ ကွဲသွားကြရင်လည်း ဘာအကြောင်းကြောင့်ကွဲသွားရတယ်လို့ မပြသွားဘူး။ ဒါမှမဟုတ် မင်းသားကသေသွားတာမျိုး၊ မင်းသမီးက သေသွားတာမျိုးလည်း မဟုတ်ပြန်ဘူး။

ဒါပေမယ့် ဇာတ်လမ်းက ပြီးသွားခဲ့ချေပြီ။

တကယ်တော့ ခင်ဗျားတို့ ကိုယ်တိုင်က ဒီဇာတ်ကားကို အချစ်ဇာတ်လမ်းရယ်လို့ သတ်မှတ်ခဲ့ကြတာ မှားတယ်။ တကယ်တော့ ခင်ဗျားတို့ ကိုယ်တိုင်က ဒီဇာတ်ကားကို အနိုင်အရှုံး၊ အမုန်းအချစ်၊ အလွမ်းအဆွေးတွေနဲ့ ဇာတ်လမ်းဆင်ခဲ့တယ်လို့ ထင်ခဲ့ကြတာ မှားတယ်။

အမှန်တော့ ဒီဇာတ်ကားဟာ အစကတည်းက မင်းသား၊ မင်းသမီး မပါခဲ့တဲ့ ဇာတ်ကားပါ။ အစကတည်းက ဇာတ်ညွှန်းရော ဝတ္ထုပါ မပါခဲ့တဲ့ ဇာတ်ကားပါ။ ဒါရိုက်တာလည်း မရှိ၊ တည်းဖြတ်သူလည်း မရှိတဲ့ ဇာတ်ကားပါ။ ကဲ …… ခင်ဗျား ဘယ်လို ခံစားမတုန်း။

 

ဇာတ်လမ်းအတွင်းမှာတော့ သေသူကသေသွားခဲ့ပြန်တယ်။ ခင်ဗျားတို့ထင်ထားတဲ့ လူဆိုးက ခင်ဗျားတို့ထင်ထားတဲ့ မင်းသားကို အမြဲတမ်းလိုလို နိုင်လို့။ ခင်ဗျားတို့ ထင်ထားတဲ့ ဇာတ်ပို့က ခင်ဗျားတို့ ထင်ထားတဲ့ မင်းသမီးထက် ပိုတော်၊ ပိုလှလို့။ ခင်ဗျားတို့မလုပ်နိုင်တဲ့ အရည်အချင်းတွေလည်း မင်းသားက မတတ်ခဲ့လေဘူး။ သူဟာ လူထဲက သာမန်လူတစ်ရောက်ရယ်။ ခင်ဗျားတို့ လိုချင်တဲ့ အနှစ်သာရတွေလည်း မပါခဲ့ပြန်ဘူး။ ဒီဇာတ်ကားဟာ ဘာဆိုလိုချင်မှန်းကို မသိလိုက်ရတဲ့ ဇာတ်ကားရယ်။

“ဟာ .. ဘာကြီးလဲကွ ..”

“အေးလေ .. ညံ့လိုက်တဲ့ မင်းသား …”

“ဟာ .. ဘယ်သူက မင်းသမီးလဲဟ …”

အဲဒီလို ခင်ဗျားတို့ မတုန့်ပြန်လိုက်လေနဲ့။ ဇာတ်ကားဟာ ဇာတ်ကားအစစ်မဟုတ်လေဘူး။ ဇာတ်ကားဟာ လောကရဲ့ ပုံရိပ်မျှသာ ဖြစ်တယ်။ ငါတို့အားလုံးဟာ ဇာတ်လိုက်ဖြစ်နိုင်သလို ငါတို့အားလုံးဟာ ဇာတ်ရံတွေချည်း ဖြစ်နိုင်တာပဲ။ ဘာလို့ ခင်ဗျားက ခင်ဗျားပတ်ဝန်းကျင်မှာ မင်းသားဖြစ်ချင်ရတာတုန်း။

 

ခုတော့ ဇာတ်လမ်းက ပြီးသွားခဲ့ပါပြီ။

မီးအလင်း အမှောင် ထိုးပြမယ့်လူလည်းမရှိပေမယ့် ဒီဇာတ်ကားမှာ ခင်ဗျားတို့ အပြင်လောကလို လင်းချင် လင်းမယ်။ မှောင်ချင် မှောင်မယ်။ လုံးဝ မမြင်နိုင်တဲ့ အမှောင်ညက ပြကွက်တွေဆိုလည်း ခင်ဗျားတို့ လုံးဝမြင်ကြရမှာ မဟုတ်ပေဘူး။ ဒါကို မီးထိုးတဲ့ကောင် ညံ့တယ်ရယ်လို့ အပြစ်တင်လိုက်မလို့လား။ ခက်လိုက်တာ။ ဒီဇာတ်လမ်းမှာ ဆက်တင်တွေမပါဘူး။ အလိမ်အညာ အဖိအဖေါ့တွေ မပါခဲ့ဘူး။ ကားမှောက်ရင် မှောက်မယ်။ တိုက်ပြိုရင် ပြိုမယ်။ မီးလောင်ရင် လောင်မယ်။ ဗုံးပေါက်ရင် ပေါက်မယ်။ အားလုံး အမှန်အကန်တွေချည်း။ မင်းသားကျမှ ကံကောင်းစွာ ဘာမှ မဖြစ်ရဘူးလို့ မသတ်မှတ်ထားဘူး။ မင်းသားဟာ အားလုံးထက် တော်နေရမယ်လို့ မပြဌာန်းထားဘူး။ မင်းသားဟာ ညံ့ပေမယ့်လည်း စေတနာ၊ မေတ္တာတရားကြီးမားသူလို့ မတင်ပြခဲ့ဘူး။

 

မှန်တယ်။ ခုတော့ ဇာတ်လမ်းက ပြီးသွားခဲ့ချေပြီ။

ဇာတ်လမ်းပြကွက်တွေက တစ်ခန်းနဲ့ တစ်ခန်းလည်း အဆက်အစပ်မရှိခဲ့လေဘူး။ ဇာတ်လမ်း ပြကွက်တွေက ဟိုရောက် ဒီရောက်။ သေသူကသေ။ ရှင်သူကရှင်ကြ။ သေလည်း ဝမ်းနည်းစရာဖြစ်အောင် မပြသွားပြန်ဘူး။ ဟာသကိုလည်း ဟာသဖြစ်အောင် မလုပ်ခဲ့ပြန်ဘူး။ မင်းသမီးကလည်း အလှပြင်မထားဘူး။ မင်းသမီးနေမကောင်းရင် မိတ်ကပ်မလိမ်းထားဘူး။ မင်းသမီးဟာ လူကြားမှာ အရှက်မရှိ လေလည်ချင်လည်မယ်။ မင်းသမီးဟာ မာနလည်း မကြီးဘူး။ မင်းသမီးဟာ မင်းသားနဲ့လည်း (ဇာတ်လမ်းသာ ဆုံးသွားတယ်) မတွေ့လိုက်ဘူး။ မင်းသမီးမှာ မိဘတွေရှိတယ်။ မင်းသမီးရဲ့ သူငယ်ချင်းတွေက မင်းသမီးထက် ပိုတော်နေသေးတယ်။ မင်းသမီးရဲ့ စကားလုံးတွေက မှတ်လောက်သားလောက်အောင် တစ်လုံးမှ မပါခဲ့ပြန်ဘူး။

 

သို့သော်…။ ဇာတ်လမ်းကတော့ ပြီးသွားခဲ့ချေပြီ။

မင်းသားက ရဲလည်းမဟုတ်သလို ဒီဇာတ်ကားမှာ မင်းသားဟာ သနားစရာကောင်းတဲ့ လူဆိုးလည်း မဟုတ်ခဲ့ပြန်ဘူး။ မင်းသားဟာ မင်းသားလို့ သတ်မှတ်လို့ မရတဲ့ မင်းသားတစ်ရောက်သာ ဖြစ်ခဲ့တယ်။ မင်းသားဟာ အချစ်ကြီးတဲ့လူလည်း မဟုတ်ပြန်ဘူး။ မင်းသားဟာ ပွေလီရှုပ်ထွေးနေတဲ့ မင်းသားလည်း မဟုတ်ခဲ့ဘူး။ မင်းသားဟာ သစ္စာတရားကို ကိုင်စွဲထားတဲ့ လူသားတစ်ယောက်လည်း မဟုတ်ခဲ့ဘူး။ မင်းသားဟာ အထက်လူကြီးလစ်တာနဲ့ အချိန်ခိုချင်ခိုမယ်။ မင်းသားဟာ ဘယ်သူမှ မသိလိုက်မှန်းသေချာနေရင် သူများ ပိုက်ဆံအိတ်ကို ခိုးချင်ခိုးမယ်။ မင်းသားဟာ လူလစ်တာနဲ့ အရက်ဆိုင်ပြေးချင်းပြေးမယ်။ မင်းသားဟာ စိပ်ပုတီးတစ်ကုံးနဲ့ မိန်းမတွေကို စိတ်ကုန်နေတာ ဖြစ်ချင်ဖြစ်မယ်။ မင်းသားဟာ နောက်ဆုံး တိတ်တိတ်ပုန်း မိန်းမလျှာတစ်ယောက်လည်း ဖြစ်ချင်ဖြစ်နေမယ်။ ဇာတ်လမ်းဟာ ဇာတ်လမ်းအတိုင်း သွားနေခဲ့သလို မင်းသားကလည်း သူလုပ်ချင်တာ လျှောက်လုပ်သွားခဲ့တယ်။

 

မှန်တယ်။ ခုတော့ ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ချေပြီ။

ဇာတ်လမ်းဆုံးသွားတော့ လူတွေက ထပြန်ကြရတော့မယ်။ မေ့လဲသူ၊ ကြေကွဲသူ၊ ငိုကြွေးသူ၊ ရယ်ပြုံးသူ ဘယ်သူမှမရှိဘဲ ဇာတ်လမ်းကတော့ ပြီးဆုံးသွားခဲ့ချေပြီ။ ဒီဇာတ်ကားမှာ ဇာတ်လမ်းနာမည် မရှိ။ ဇာတ်ကွက်၊ ဇာတ်အိမ်မရှိ။ ဘယ်ကစပြီး ဘာကြောင့်ပြီးသွားမှန်း မသိ။ ဘာအကြောင်း ရိုက်ပြသွားလို့ ရိုက်ပြသွားမှန်း မသိလိုက်ရဘဲ၊ ခုတော့ ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ချေပြီ။

မင်းသမီးကြေကွဲနေတာမျို့နဲ့ ဇာတ်လမ်းက မဆုံးသွား။ မင်းသား အောင်ပွဲခံနေတာမျိုးနဲ့ ဇာတ်လမ်းက မဆုံးသွား။ ပြီးသာ ပြီးသွားတယ်။ မင်းသားဟာ ညံ့နေတုန်း။ မင်းသမီးကလည်း ရုပ်ဆိုးနေတုန်း။ ဒါမှမဟုတ် ဇာတ်လမ်း စလိုက်ကတည်းက မင်းသားက သေသွားပြီး မင်းသမီးက ရူးသွားတာမျိုးလား။ မင်းသမီး ရူးသွားရင်လည်း မင်းသားကြောင့်မဟုတ်ခဲ့။ သူတို့နှစ်ဦးက ဇာတ်လမ်းသာ ပြီးသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း မသိလိုက်ကြ။ ခက်ချေပြီ။

သို့သော် ဇာတ်လမ်းကား ပြီးပါပြီလို့ စာတန်းထိုးသွားခဲ့ပါပြီ။ စာတန်းထိုးသွားတဲ့ အတွက် ခင်ဗျားတို့ကော ကျွန်တော်ပါ ထပြန်ရမှာပေါ့။ မဟုတ်ပေဘူးလား။ ဒါကို ဒေါသထွက်သူထွက်၊ ပြောင်သူပြောင်၊ ကဲ့ရဲ့သူ ကဲ့ရဲ့နဲ့ ဘာလို့ လုပ်နေကြတာတုန်း။

ဟုတ်ပြီ။ ခင်ဗျား မကျေနပ်ရင် လောကနဲ့ မတူတဲ့ ရုပ်ရှင်ကိုသာ သွားကြည့်ပေါ့။ ဒီဇာတ်ကားက ပိတ်ကားပေါ်ပြနေတာ မဟုတ်လေဘူး။ ဒီဇာတ်ကားဟာ ကြိုတင်ပြင်ဆင်မထားတဲ့ အဖြစ်အပျက်တစ်ခုလေဗျာ။ ဒီဇာတ်ကားဟာ ဇာတ်ညွှန်းမရှိဘဲ ပြောချင်ရာပြောကြတဲ့ ဒိုင်ရာလော့ခ်တွေနဲ့။ ဒီဇာတ်ကားဟာ ဆက်တင်မပါဘဲ တကယ်အဖြစ်အပျက်တွေနဲ့လေဗျာ။ ဒီဇာတ်ကားဟာ သူရော ကိုယ်ရော ခင်ဗျားရော အားလုံး ဇာတ်လိုက်မဟုတ်ခဲ့ကြဘူး။ ဒီဇာတ်ကားဟာ ဒါကိုပြချင်တာဗျာရယ်လို့ အဓိပ္ပါယ်တွေ ဖွဲ့ဆိုမထားဘူး။ ကြည့်ပြီးပြီလား ခင်ဗျားက။

ဇာတ်ကားက ပြီးပါပြီဆိုမှ ဘာလို့ ပေကပ်ကပ်ထိုင်နေဦးမလဲ။ ပြန်တော့။ ပြန်ပါတော့။ ဇာတ်ကားက ပြီးသွားပြီတဲ့ဗျ။

 

 

ရင်နင့်အောင်

Sep-2012

4 comments

  • အရီးခင်လတ်

    May 22, 2013 at 3:05 pm

    ဇာတ်ကား က ပြီးသွားတယ်လို့ ပြောပြီး မပြီးတဲ့ ကား တွေ လဲ ရှိပါ့တော်။
    Star Wars ဆိုရင် ရှေ့ကနေ နောက်ကြောင်းပြန်လိုက် ရှေ့ပြန်သွားလိုက်နဲ့ မပြီးတော့ဘူး။
    ဆယ်စုနှစ် ၃ဆ မက ကြာလို့။ 😆
    ၁၉၇ရ ကထဲ က စလိုက်တာ မပြီးတာမှ ၂၀၁၅ မှာ ထပ်လာဦးမတဲ့။
    IV: A New Hope (1977)
    V: The Empire Strikes Back (1980)
    VI: Return of the Jedi (1983)
    I: The Phantom Menace (1999)
    II: Attack of the Clones (2002)
    III: Revenge of the Sith (2005)
    The Clone Wars (2008)
    VII (2015)

    just jk!!! 🙂

  • kyeemite

    May 22, 2013 at 4:28 pm

    အော်… ဇာတ်လမ်းကတော့ ပြီးသွားခဲ့ချေပြီ။
    နေပါအုန်းဗျာ..မပြီးပါနဲ့အုန်း..ကျုပ်စိတ်ချမ်းသာတဲ့အခန်းလေးပြီးမှ ဇတ်လမ်းဆုံးပါဗျာ..
    ကျုပ်တောင်းပန်ပါတယ်..နော်…နော်လို့ ကျုပ်မသေချင်သေးလို့ပါဗျာ..နော် မပြီးပါနဲ့အုန်း…

  • Mr. MarGa

    May 22, 2013 at 6:16 pm

    ဇာတ်လမ်း ပြီးသွားပလား
    ကျုပ်က ဇာတ်လမ်းတင်မက အကုန်ပြီးမှ ထ ပြန်တာဗျ
    ဆိုတော့
    ထိုင်ဦးမယ်ဗျာ :mrgreen:

  • အလင်းဆက်

    September 5, 2013 at 2:15 pm

    ပြန်ရမယ်မှန်း သိပေမယ့်
    မပြန်ချင်ဘူးးးဆိုသူ ရှိတယ်

    :kwi:

Leave a Reply