ပြည်သူ့ သဘောထား

Mr. MarGaJune 6, 20131min26826

၁။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။

၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
၄။ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။
*********************************************************************
ဦးမာဃတို့ ရွာသူားတွေ ဒီစကားရပ်လေးတွေကို ရေးတေးတေးတော့ မှတ်မိနေဦးမယ်လို့ ထင်ပါတယ်။
နှစ်ပေါင်းများစွာ မီဒီယာတွေပေါ်မှာ နေရာယူခဲ့သော စာသားများပါ။
ပြည်သူ့ သဘောထား ပါတဲ့။
ပြည်သူတွေရဲ့ သဘောထားအစစ်အမှန် ဟုတ်တာမဟုတ်တာတော့ ဦးမာဃ မငြင်းတော့ဘူးနော်။
လူ ဆိုတာ အတော်ခက်သဗျ။
ကိုယ် တွေ့နေကျ မြင်နေကျ အရာတစ်ခုကို မတွေ့ရ မမြင်ရပြန်ရင်လဲ လွမ်းမိ၊တမ်းတမိတတ်တယ်။
အခုလဲ ဒီစာသားလေးတွေကို ပြန် တမ်းတမိလို့ တင်လိုက်တာပါ။
နှစ်ပေါင်းများစွာ ပြည်သူတွေရဲ့ သဘောထားအဖြစ် မှတ်တမ်းတင်ထားတဲ့ အရာပေကိုး
လွယ်လွယ်မေ့ရင်တော့ ဘယ်ကောင်းမလဲ….နော။
အဲဒါလေးတွေကို အခု ပြန်ဖတ်ရင်းနဲ့
လက်ရှိ ပြည်သူတွေ ဘယ်လိုသဘောထားတွေများ ရှိနေကြပါလိမ့်မလဲ ဆိုတာ သွား တွေးမိတယ်။
အဲဒီတုန်းကတော့
ပြည်ပအားကိုး ပုဆိန်ရိုးလို့ တစာစာအော်ခဲ့ပေမင့်
အခုတော့ ပြည်ပကို အားကိုးတိုင်း ပုဆိန်ရိုး မဟုတ်တော့တာ အတော်များများလဲ သိသွားပေါ့။
ဒါပေမင့် အဆိုးမြင်ဝါဒီတွေကတော့ ရှိဆဲပဲ ဗျ။
အဆိုးမြင်ဝါဒီ လို့ ဆိုပြန်တော့လဲ ဘယ်လိုအရာကို အဆိုးမြင်မလဲ ဆိုတာက ရှိသေးတယ်။
အရာရာတိုင်းကို ဆန့်ကျင်ဘက်အမြင်နဲ့ ကြည့်တိုင်း အဆိုးမြင်တယ်လို့ ပြောလို့ မရဘူးလေ။
အဲဒီလို ဆန့်ကျင်ဘက်အမြင်တွေကို သိရမှ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နိုင်မကိုး။
ဒါကြောင့် အခုအချိန်မှာ အဆိုးမြင်ဝါဒီကို ဆန့်ကျင်တဲ့အထဲ မထည့်ချင်တော့ပေမယ့် အဆိုးတွေဖြစ်မှ လက်ခမောင်း ခတ်နိုင်မယ့် အဆိုးမြင်သူကြီးတွေ ရှိနေတော့လဲ
သူတို့ကိုတော့ ဦးမာဃတို့ ပြည်သူများ အခုအထိ ဆန့်ကျင်ချင်နေဆဲ ဖြစ်မယ်လို့ ထင်မိပါတယ်။
ဒုတိယအချက်ဖြစ်တဲ့
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများ ကိုတော့ ဘယ်အချိန်မှာပဲ ဖြစ်နေပါစေ ဆန့်ကျင် ကန့်ကွက်ကြမယ်လို့ ယုံကြည်မိပါတယ်။
ဦးမာဃတို့တတွေ လိုချင်တာက အေးအေးဆေးဆေး နေထိုင်လုပ်ကိုင် စားသောက်နိုင်မယ့် ပတ်ဝန်းကျင်ကလေးပဲလေ။
နိုင်ငံ မတည်ငြိမ်ဘဲ ဒီလိုအခြေအနေမျိုး၊ ဒီလို ပတ်ဝန်းကျင်မျိုးက ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတော့
ဒီ နိုင်ငံတော် တည်ငြိမ်ရေးကို နှောင့်ယှက်နေကြသူတွေကိုတော့ ဆန့်ကျင်သင့်တာပေါ့…..နော။
နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူတွေ ကတော့
တိုးတက်မှုကို မမြင်မတွေ့ချင်တဲ့ သူတွေပဲ ဖြစ်မယ်ထင်တယ်နော်။
သူတို့အတွက်တော့ တိုးတက်တာဟာ ဘတ်စ်ကားနဲ့ ငွေကြေးဓနကလွဲလို့ ကျန်တာတွေဆို မကောင်းဘူးလို့ပဲ ထင်နေကြသလားမသိ။
ဘာပဲဖြစ်ဖြစ် တိုင်းပြည်တိုးတက်မှ ပြည်သူတွေလဲ တိုးတက်လာမှာလို့ ယေဘုယျ တွက်နိုင်တဲ့ အတွက်ကြောင့်
ဒီ တိုးတက်မှုကို ကဖျက်ယဖျက် လုပ်နေကြသူတွေကိုတော့ ဦးမာဃတို့ပြည်သူတွေ ဆန့်ကျင်ရဦးမှာပါပဲ။
နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပ နိုင်ငံများ ကိုတော့ ဆန့်ကျင်သင့်သလား မသင့်သလား တစ်ချက်လောက် တွေးကြည့်ရအောင်။
ပြည်ပ နိုင်ငံ ဆိုကတည်းက အိမ်နီးချင်းရော အိမ်ဝေးချင်း နိုင်ငံတွေရော ပါပြီပေါ့နော။
ဦးမာဃတို့ မြန်မာနိုင်ငံ ကလဲ အရှေ့တောင်အာရှရဲ့ တကယ့် မဟာဗျူဟာကျတဲ့ နေရာမှာ ရှိနေတာဆိုတော့
ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတွေကလဲ စိတ်ဝင်စားမှာ အမှန်ပဲ။
ဒီနေရာမှာ ပြည်တွင်းရေးကို ဝင်နှောင့်ယှက်တာ၊ လွှမ်းမိုးတာကိုတော့ ဘယ်ပြည်သူမှ သည်းခံနိုင်မယ် မထင်။
ထားပါလေ။ အဲဒီ တတိယ အချက်ကိုတော့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး။
နောက်ဆုံး အချက်
ပြည်တွင်းပြည်ပ အဖျက်သမားတွေ
ဒါတွေကတော့ အရင်ကလဲ ရှိဆဲ အခုလဲ ရှိဆဲပဲနော့
ပြည်တွင်းကနေ မှိုုင်းတိုက်နေသူတွေရော ပြည်ပကနေ မှိုင်းတိုက်နေသူတွေရော ပိုလို့ တောင် များလာသလားပဲ။
သူတို့တွေကိုတော့ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ယူဆတာကြောင့်
ပြည်သူတွေရဲ့ ရန်သူ၊ တိုင်းပြည်ရန်သူ လို့ပဲ ပြောပါရစေတော့…
ဒါကတော့ ဟိုတုန်းက သိခဲ့၊ မှတ်ခဲ့၊ ဖတ်ခဲ့ရတဲ့ ပြည်သူ့ သဘောထား အပေါ် အမြင်လေးပါ။
ဘယ်ပြည်သူတွေ ဘယ်လို သတ်မှတ်သလဲတော့ မသိ၊ သဘောထား အစစ်အမှန် ဟုတ်မဟုတ်လဲ မသိတော့ပါဘူး။
ဒါပေသိ အဲဒီခေတ်က ပြည်သူ့သဘောထားထဲက အချက်တချို့ကို အခုထိ လက်ခံချင်နေတုန်း၊ လက်ခံသင့်နေတုန်းလို့ မြင်မိတယ်။
ဒါ့အပြင် အခုလက်ရှိ ပြည်သူတွေရဲ့ သဘောထားကို စစ်တမ်းကောက်ရင် ဘယ်လိုအဖြေ၊ ဘယ်လို ရလာဒ်တွေ ထွက်လာမလဲ ဆိုတာ သိချင်နေမိတယ်။
ပြည်သူတွေဆီက သဘောထားစစ်တမ်းလေး လိုက်လံ ကောက်ချင်စမ်းပါဘိ…………..။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

26 comments

  • ခင် ခ

    June 6, 2013 at 4:32 pm

    ပြည်သူသဘောထားကို ရွာထဲမှာ ကောက်တော့ ရွာသူရွာသား(ဂဇက်)သဘောထား ဖြစ်တော့မပေါ့နော်။
    အဲလိုဆို ဒီလိုများပြောင်းရေးရမလားဘဲ
    အခြားမီဒီယာနဲ့နှိုင်း ရွာ မကောင်းပြောသူများ ဆန်ကျင်ကြ။
    ရွာတည်ငြိမ်အေးချမ်းရေးနှင့် ရွာတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
    ရွာ၏ အတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော အနုတ်ပေးသူများအား ဆန့်ကျင်ကြ။
    ရွာအတွက် ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။

    • Mr. MarGa

      June 6, 2013 at 8:01 pm

      လေးခရေ
      လေးခပြောသလိုပဲ ဂဇက် သဘောထား ပေါ့ဗျာ
      ဆိုတော့ အဲဒီလေးချက်ကို သဂျီးဆီ တင်ဦးမဗျို့
      :harr:

  • အလင်း ဆက်

    June 6, 2013 at 5:34 pm

    အဟမ်းးးး
    အူးမာဃ ရေ
    ပြည်သူ ့သ ဘောထား ကို အ တွေး ကောင်းကောင်းး
    အ ရေး ကောင်း ကောင်း နဲ ့တွေးပြ / ရေးပြသွားလိုက်တာများးးး

    ဒီလောက် ဆို သဘောပေါက်ပြီ ထင် တယ်နော်။
    ကဗျာချစ်သူများ၏ သ ဘောထား ကိုလည်းးးး
    ဒီလို အ တွေး ကောင်း အ ရေး ကောင်း
    အူးမာဃ သာ တင်ပြ လိုက် ရင်

    ကဲ ကဲ ဒါပါပဲကွယ်
    :kwi:

    • Mr. MarGa

      June 7, 2013 at 11:49 am

      ဒါပဲ
      တစ်ခုခုဆို ဆွဲထည့်ဖို့ပဲ ချောင်းနေတယ်
      မရဘူး
      အဲဒီတာဝန်က မဲချပြီး ဆုံးဖြတ်မယ်
      :harr:

  • padonmar

    June 6, 2013 at 9:30 pm

    ဗွီဒီယိုဖွင့်လို့ အဲဒါကြီးပေါ်လာရင် ကျော်ဖို့လို့ အလိုလိုသိထားတာပဲ။
    ခုသိကြားမိန့်တော့လည်း ဟုတ်နေသလိုလို။
    နောင် အနှစ် ၂ဝလောက်ဆို ကလေးတွေ အဲဒါကို ကျောင်းသင်ခန်းစာအဖြစ်သင်ရတဲ့ ခေတ်ပြန်ဖြစ်မလားလို့ ထင်မိ။

    • Mr. MarGa

      June 7, 2013 at 11:51 am

      ပြောလို့ မရဘူးဗျ
      ဖြစ်ချင်လဲ ဖြစ်လာနိုင်တယ် ဒေါ်လေးရဲ့
      ဟိုတစ်ခေတ်က ရဲရဲတောက် ဆုံးဖြတ်ခဲ့တဲ့ ပြည်သူများ ဆိုပြီးတော့လေ
      :kwi:

  • အရီးခင်လတ်

    June 6, 2013 at 10:51 pm

    အပြင်က တွန်း နေတဲ့ သဘောထား တွေ နဲ့ အတွင်းက ဖြစ်နေတဲ့ သဘောထားတွေ (စေတနာ တွေ နဲ့ ပေမဲ့) မညီညွတ်တော့ဘဲ တိုက်မိကုန်မှာလဲ စိုးလာမိတယ် မောင်သိကြား ရေ့။

    • Mr. MarGa

      June 7, 2013 at 11:52 am

      အပြင်က စေတနာတွေလဲ နားလည်
      အတွင်းက ဖြစ်စေချင်တာတွေလဲ သဘောပေါက်ပြီး
      စည်းလုံးဖို့ကိုပဲ မျှော်မိပါတယ်အရီးရေ့
      မညီညွတ်ရင်တော့
      နွားကွဲလို့ ကျားဆွဲတယ် ဖြစ်လာနိုင်သနော့
      :buu:

  • kyaw hteik

    June 6, 2013 at 11:11 pm

    ပြည်​သူ့သ​ဘောထားဆို​တော့ ကျ​နော်​သ​ဘောထားလည်​း ဖြစ်​ပါ​ကြောင်​း
    အသိ​ပေး ​လိုက်​ပါတယ်​ ခင်​ဗျာ။

    • Mr. MarGa

      June 7, 2013 at 11:54 am

      ဦးမာဃ သဘောထားကတော့
      အဲဒါနဲ့ နည်းနည်း ဆင်တူယိုးမှားလိုလို ဖြစ်နေပါတယ်ကွယ်
      :kwi:

  • mashwetote

    June 6, 2013 at 11:20 pm

    “၁။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။
    ၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
    ၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
    ၄။ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။”

    ဒီစာတွေကို တွေ့လိုက်တာနဲ့ ခေါင်းထဲမှာ အရင်က တီဗွီထဲမှာကြားရသလို အသံနဲ့ ပြန်ကြားနေရတယ်။ ငယ်ငယ်ကတော့ ဘာမှန်းမသိဘူး။ အဲဒါလာရင် သူ့လိုအသံကိုလိုက်တုပြီး ဆိုရတာ ပျော်ဖို့ကောင်းသား။

    • Mr. MarGa

      June 7, 2013 at 11:55 am

      အခုအထိ
      အဲဒီစာကြောင်းကို ဖတ်ရင်
      အဲဒီအသံ ကြားယောင်မိနေဆဲပေါ့ဗျာ
      ဒါလောက် နားထောင်လာရတာ
      ဘယ် မေ့နိုင်မတုန်း…….ဗျ

  • kai

    June 6, 2013 at 11:26 pm

    ယူအက်စ်မှာ အစိုးရက အဲလိုကြီးထုတ်လို့ကတော့.. လောက်တောင်လောက်မှာမဟုတ်..။ တရားစွဲခံရလို့လျှော်ရတာလေ..။

    နောက်ဆိုအစိုးရကအဲလို ပရိုပဂမ်ဒါတွေထုတ်ရင်… တရားစွဲပြီး လျှော်ကြေးတောင်း..။ ထည့်ခိုင်းခံရတဲ့မီဒီယာတွေကလည်း.. ကြော်ငြာခတောင်း.. :kwi:

    • Mr. MarGa

      June 7, 2013 at 11:58 am

      သဂျီးရေ
      အခုအချိန်မှာ ကျွန်တော်တို့ ဘယ်လိုသဘောထားတွေရှိတယ်
      ဘယ်လို အခြေအနေမျိုးကို လိုချင်တယ်ဆိုတာလေးတွေ
      တွေးမိလာလို့
      အရင်တုန်းက အမှတ်ထင်ထင် ရှိဖူးတာလေး ကောက်ရေးလိုက်တာပါ။
      ဒီခေတ်မှာ ဒီလိုထည့်ရင်တော့
      သဂျီး ပြောသလိုသာ လုပ်လိုက်ကြစို့လား
      :hee:

  • KZ

    June 7, 2013 at 9:02 am

    ပြည် သူ ရဲ့ သဘောထားပဲ လား။
    မန်းလေးသူ့ သဘောထားရော မသိချင်ဘူးလား။
    :kwi:

    • Mr. MarGa

      June 7, 2013 at 11:59 am

      ပြည်သူ ဆိုမှတော့
      မန္တလေးသူလဲ ပါသပေါ့
      လာပြောလှည့် ဘယ်လို သဘောရှိသလဲဆိုတာ
      :hee:

      • Ma Ma

        June 7, 2013 at 8:47 pm

        ပြည် သူ = ပြည်သူ
        ??????????????
        :harr:

        • Mr. MarGa

          June 8, 2013 at 11:26 am

          ပြည် သူ က ပြည်မှာ မွေးတဲ့သူ
          ပြည်သူက ပြည်သူ
          ဟီဟိ

  • ဦးကြောင်ကြီး

    June 7, 2013 at 10:13 am

    ပြည်သူ့ဘောထား
    ထီဆုအောကား
    ညီပုတောလား
    ကြည်နုချောသား…

    • Mr. MarGa

      June 7, 2013 at 12:05 pm

      ကြည်နုချော
      ဒီဘုပြော
      မီထူနှော :mrgreen:

  • မောင်ထက်ကြီး(မုံရွာ)

    June 8, 2013 at 11:02 am

    ပြည်တွင်း ပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။
    တွေ့တဲ့နေရာမှာအသေသတ် တစ်ယောက်မှအရှင်မထားနဲ့၊၊

    • Mr. MarGa

      June 8, 2013 at 11:25 am

      ကဲ
      လိုက် ရှာကြစို့လား ကိုထက်ကြီးရေ
      :hee:

  • may july

    June 8, 2013 at 1:29 pm

    ပြည်သူ့ သဘောထား ဆိုတော့ ..
    အထက်လူကြီးတွေ သဘောထားကရော ဘယ်လိုများလဲမသိ .. :kwi:

  • cobra

    June 8, 2013 at 10:12 pm

    ဘယ်လိုတွေလွဲကုန်တာလဲ ပြည်သူတွေရောမန်းလေးသူတွေရော
    ကျွန်တော်ကတော့ အခွေကြည့်လို့ အဲ့နေရာဆို ကျော်ပီးသားပဲ မေ့တောင်နေပြီ
    ခုမှပြန်မှတ်မိတော့တယ်။

  • uncle gyi

    June 8, 2013 at 11:36 pm

    ကိုမာဃရေ
    ကျုပ်မြင်တာပြောရရင်
    ပြည်သူကိုရှေ့တန်းတင်ပြီး
    သူတို့ဖြစ်ချင်တာတွေလုပ်ဖို့
    ရေးထားတဲ့စာတွေလို့ပဲမြင်တယ်ဗျာ
    အဆိုးမြင်တယ်ပြောချင်ပြောတော့

  • သခင် mobile

    June 17, 2013 at 7:30 pm

    ပြည်ပအားကိုး ပုဆိန်ရိုး……….
    အဲ့ဒီစာသားလေးကို အနှစ်သက်ဆုံးပဲ…………….

Leave a Reply