မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)

Mr. MarGaMay 23, 20131min948154

ဒေါက်……….ဒေါက်………..ဒေါက်
ဒေါက်……….ဒေါက်………..ဒေါက်
ဒေါက်……….ဒေါက်………..ဒေါက်
***********************************
မန်းဂဇက် ကဗျာပြခန်း တာဝန်ခံ ဦးမာဃ ပြခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
အိပ်ပျော်ရှာမပေါ့ တစ်ညလုံး လုပ်စရာရှိတာ မလုပ်ဘဲ လုပ်ချင်ရာလုပ်နေပြီး အရုဏ်လာမှ လုပ်စရာရှိသည်များကို ကမန်းကတန်း လုပ်လိုက်ရရှာသကိုး။
သို့သော် ကြာကြာကား အိပ်လို့မရတော့ပေ။ အပြင်မှ တဒေါက်ဒေါက် အသံများက နားဝမှ ဝင်ရောက်ကာ ဦးနှောက်သို့ သတင်းပို့ကြလေတော့သည်။
မနက် စောစောစီးစီး ဘယ်သူတွေပါလိမ့်နော်…………….
ဦးမာဃ အိပ်ချင်မူးတူး မြည်တွန်တောက်တီး၍ အိပ်ယာထဲတွင် အတွေးနယ်ချဲ့ရင်း မျက်လုံးက အခန်းထောင့်ရှိ ပြက္ခဒိန်ဆီသို့ အလည်အပတ် ရောက်ရှိသွားသော အခါတွင်မတော့
ဟိုက်………..မြတ်စွာဘုရား……..ဒီနေ့ ကဗျာပြခန်း ဖွင့်ပွဲလုပ်ရမယ့် နေ့ပါလားဟ။
အချိန်တောင် အတော် လင့်နေပြီ……….. မဖြစ်ချေဘူး အမြန် ပြင်မှ ဆင်မှ ဖြစ်တော့မယ်။
ထိုသို့ဖြင့် ပြင်ဆင်စရာ ရှိသည်များကို ကမန်းကတန်း ပြင်ဆင်ပြီးသကာလ ပြခန်းတံခါးကို ဖွင့်လိုက်သောအခါတွင်ကား…………………..
ဦးမာဃခမျာ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်သွားပေတော့သည်။
ကြည့်ကြပါဦး အရပ်ကတို့ ဘယ်အချိန်ကတည်းက ဝီရိယကောင်းကောင်းနှင့် စောင့်နေကြသည်မသိ
သဂျီးနှင့် ဆယ်အိမ်ခေါင်းမှလွဲ၍ တစ်ရွာလုံးနီးပါး ပြခန်းရှေ့တွင် ရောက်နေကြပေသကိုး။
ရွာ့ ဆယ်အိမ်ခေါင်း ရွှေတိုက်စိုးနှင့် သဂျီး ဦးခိုင်တို့မှာကား သဂျီးအိမ်ကို ဖောက်ထွင်းခံရမည်ဟု ရွာထိပ်မှာ စာလာကပ်သွားသောကြောင့် လုံခြုံရေး တိုးမြှင့်ကာ ကင်းပုန်းဝပ်နေရသဖြင့် အခုထိ ရောက်မလာနိုင်သေးပေ။
ရှေ့ဆုံးမှ ရွာမီးသတ်ဗိုလ် ဦးခင်ခမှ စိတ်ဆိုး မာန်ဆိုးဖြင့်
ဟေ့ မောင်မာဃ ဘယ်အချိန် ရှိနေပတုန်းကွ မင်းပဲ ကနေ့ ကဗျာပြခန်း ဖွင့်မယ်ဆို
တကတဲ နှိုးလိုက်ရတဲ့ဖြစ်ခြင်း ကာလနဂါးများ ရောက်နေသလား အောက်မေ့ရတယ်။ ဟု
စတင် နှုတ်ခွန်းဆက်သလိုက်ပေသည်။
ဟဲဟဲ…………… ညက နည်းနည်း များ သွားလို့ပါ လေးခ ရယ်။ ကဲ ပြခန်း ဖွင့်ပွဲ စကြရအောင်လား
ထိုအခါကျမှ မီးသတ်ဗိုလ်လဲ စိတ်ပြေသွားပြီး ပြခန်းဖွင့်ပွဲ စတင်ရန် ပြင်ကြ ဆင်ကြလေတော့သည်။
ပြခန်းဖွင့်ပွဲကား ခမ်းနားလှပါဘိတောင်း။
ပြခန်း၏ ညာဘက်တွင် အခမ်းအနားမှူးအဖြစ် ရွာအပျိုချောများ ဖြစ်ကြသည့် အိတုန်နှင့် ဗုံဗုံ
ဘယ်ဘက်တွင်ကား ဖဲကြိုးကိုင်ဆောင်ရန် အထူးတလည် ရွေးချယ်ထားသော ရွာသူ ကဗျာဆြာမများ ဖြစ်ကြသည့် ခိုင်ဇာ၊ ရွှေကြည်နှင့် လုံမလေး မွန်မွန်တို့မှာ ဖဲကြိုးများဖြင့် အရန်သင့် စောင့်နေကြပေသည်။
ပြခန်းရှေ့တွင်ကား ရွာသူား ကြီး၊ ငယ်၊ ရွယ်၊ လတ် တို့မှာ ပြခန်းဖွင့်ပွဲကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
အခမ်းအနားမှူးမှ အစီအစဉ် စတင်ကြောင်း ကြေညာပြီးသည့်နောက်ဝယ် ပြခန်းတာဝန်ခံ ဦးမာဃ မိန့်ခွန်းပြောရန် အလှည့်ကျလာ၏။
ဦးမာဃလဲ ဟန်ပါပါဖြင့် စင်ပေါ်သို့ တက်သွားရာ မိန့်ခွန်းစာရွက် မေ့ကျန်နေသဖြင့် အင်း……အဲ ဟု ဖြစ်နေစဉ် အလိုက်သိရှာသော အံဇာတုံးမှ မိန့်ခွန်းစာရွက် လှမ်း ပေးလိုက်ရပေသည်။
ကဲ ဦးမာဃ မိန့်ခွန်း စတင် ပြောပါပြီ။
ချစ်ခင် လေးစား အပ်ပါသော မိဘ ပြည်သူများ (အဲလေ) မန်းဂဇက် ရွာသူားများခင်ဗျာ
ဒီနေ့မှာတော့ ကျွန်တော်တို့ ကဗျာချစ်သူများရဲ့ ကဗျာပြခန်းကို မကြာမီမှာ စတင်လို့ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
အဲ မဖွင့်လှစ်ခင်မှာဖြင့် ကျွန်တော်က မြန်မာကဗျာသမိုင်းကို အနည်းငယ် တင်ပြ လိုပါတယ်ခင်ဗျ။
ဒါကြောင့်မို့ ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားလို့ မြန်မာကဗျာသမိုင်းကို အနည်းငယ် ပြောခွင့်ပြုပါ။

မြန်မာစာပေသမိုင်းတွင် မြန်မာစာအရေးအသားသည် ပုဂံခေတ် (၁၁-ရာစု) ၌ အစပြုခဲ့သည်ဟု ဆိုုနိုင်သည်။ သက္ကရာဇ် ၁၁၁၂-ခု သို့ ရောက်သောအခါ ပုဂံကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြစေတီကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာ စကားပြေကို ရေးထိုးခဲ့သည်။ တွေ့ရသမျှသော မြန်မာစကားပြေထဲတွင် ယင်းကျောက်စာ စကားပြေသည် အစောဆုံး မြန်မာစကားပြေဖြစ်သည်။ ဤမြစေတီကျောက်စာ စကားပြေပေါ်ထွန်းပြီးနောက် နှောင်းကာလတွင် မြန်မာကဗျာများလည်း ပုဂံခေတ်၌ ပေါ်ထွန်းသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ပုဂံခေတ်၌ မြန်မာကဗျာသည် အင်အားမကောင်းသေးပေ။

အင်းဝခေတ် (၁၃၀၁ – ၁၅၃၈) သို့ ရောက်လာသောအခါတွင်မှ မြန်မာကဗျာသည် တစ်ရှိန်ထိုး တိုးတက်ထွန်းကားလာပေသည်။ အင်းဝခေတ် စာဆိုများသည် ဘုရင်နှင့် ဆွေတော်မျိုးတော်များ ဘုန်းတော်ကို ဖွဲ့ဆိုသော ဧချင်းကဗျာများကိုလည်း ဖွဲ့ဆိုကြသည်။ ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော်အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း ဖွဲ့ဆိုသည့် မော်ကွန်းကဗျာမျိုးကိုလည်း ဖွဲ့ဆိုကြသည်။ ဗုဒ္ဓဘုရားရှင်တော်ကို အာရုံပြုလျက် ရေမြေတောတောင်၏ တင့်တယ်ဟန်ကို ဖွဲ့ဆိုသော တောလားကဗျာများကိုလည်း ဖွဲ့ဆိုကြသည်။ ဗုဒ္ဓဘာသာစာပေဖြစ်သော ဇာတ်နိပါတ်တော်များမှ နှစ်သက်ရာ ဝတ္ထုကြောင်းတို့ကိုရွေးလျက် ဝေဝေဆာဆာဖွဲ့ဆိုသည့် ပျို့ကဗျာမျိုးကိုလည်း ဖွဲ့ဆိုကြသည်။ အထူးသဖြင့် ထိုပျို့မျိုးကို ဦးစားပေးဖွဲ့ဆိုကြသည်။ ဖွဲ့ဆိုရာ၌ အင်းဝခေတ်ကဗျာများသည် ကြွယ်ဝသော စကားအသုံး၊ သုတိသာယာသော ကဗျာဗန္ဓ၊ ဆန်းပြားသော အလင်္ကာတို့ဖြင့် ရေးဖွဲ့ထားသော ကဗျာများဖြစ်ရာ နောင်ဖြစ်ပေါ်လတ္တံ့သော မြန်မာကဗျာတို့အတွက် အမှီသဟဲဖြစ်နိုင်လောက်အောင် ခိုင်ခံ့သောကဗျာများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အင်းဝခေတ်ပြီးနောက် တောင်ငူခေတ် (၁၄၈၈ – ၁၅၈၈) သို့ ရောက်လာသောအခါတွင်လည်း စာဆိုများသည် ကဗျာများစွာကို ဆက်လက်ရေးဖွဲ့ခဲ့ကြသည်။ တောင်ငူခေတ်စာဆိုများသည် များသောအားဖြင့် မင်းမှုထမ်းများ ဖြစ်သည်နှင့်အညီ စစ်လည်းတိုက်ရင်း တစ်ဘက်ကလည်း ကဗျာများဖွဲ့ဆိုကြသည်ကို တွေ့ရသည်။ ထိုစာဆိုများသည် ပျို့များ၊ မော်ကွန်းများကို ဦးစားပေးမဖွဲ့ဆိုကြတော့ဘဲ ဧချင်းများ၊ ရတုများကိုသာ အသားပေး ဖွဲ့ဆိုကြသည်။ ဧချင်းသည် ဘုရင်နှင့်တကွ ဆွေတော်မျိုးတော်များ၏ ဘုန်းတော်ကို ဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ရတုမှာမူ စစ်ချီပုံအကြောင်း၊ ဘုရားတိုင်ခြင်းအကြောင်း၊ ရာသီဥတု တောတောင်ရေမြေ ကျေးငှက်အကြောင်း စသည်တို့ကို အခြေပြုလျက် နန်းတွင်းသူ နန်းတွင်းသား မောင်မယ်တို့၏ အချစ်ကိစ္စကို ဦးစားပေးဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ဤရတုများသည် နောင်ဖြစ်ပေါ်လတ္တံ့သော ကဗျာများအတွက် စံပြုလောက်သော ကဗျာများဖြစ်ပေသည်။
တောင်ငူခေတ်ပြီးနောက် ညောင်ရမ်းခေတ်………………
ဟိုက် စာက ဒီတင်ဆုံးသွားပါလား………..အင်း………ဆက် ရွှီးဖို့ကလဲ ဘာမှ မပြောတတ်တော့
ကဲ လေ မီးစင်ကြည့် က ရုံပေါ့။
ဟုတ်ကဲ့ပါ ပရိသတ်ကြီးခင်ဗျာ
အချိန်ကို ငဲ့ကွက်လို့ ကျန်တဲ့ မြန်မာကဗျာသမိုင်းကိုတော့ ရှေ့ ဆက်လာမယ့် ကဗျာပြခန်းတွေမှာ ဆက်လက်လို့ ဖော်ပြပေးသွားပါမယ်ခင်ဗျ။

ဆက်လက်ပြီး ကဗျာပြခန်းနဲ့ ပတ်သက်တာကို ဆက် ပြောရရင်
ကျွန်တော်တို့ အနေနဲ့ ကဗျာပြခန်းအတွက် ဝင်ပေါက် တစ်ခုသာ ထား ထားပါသဗျ။
ဒီ ဝင်ပေါက်ကနေသာ ပြခန်းကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။
အဲ ပြခန်းထဲကို လှည့်လည် လေ့လာလို့ ပြီးသွားပြီ ဆိုရင်ဖြင့် ဒီ ဝင်ပေါက်ကနေပဲ ပြန်ထွက်လို့ မှတ်ချက်များကို ပြောကြားစေလိုပါသဗျ။
ကနေ့ ပြခန်းဖွင့်ပွဲမှာ ဦးဦးဖျားဖျား ပါဝင်အားဖြည့်ထားကြတဲ့ ရွာသူားကဗျာဆရာတွေကတော့
ဦးခင်ခ
ခရီးသည်ကြီး
ဆရာထက်ဝေး
ကိုကမ်းဝေး
မိုး မင်းသား
မဟာရာဇာ အံစာတုံး @မောင်ရွာ
ပိတောက်မိုး
အလင်းဆက်
ဆရာမ ဝင့်ပြုံးမြင့်
ခိုင်ဇာ
ရွှေကြည်
လုံမလေး မွန်မွန် စသူတို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ကဗျာတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်အောင်လို့ ကဗျာချစ်သူ အဖွဲ့သား သုံးယောက်ကလဲ သူတို့ရဲ့ အနုပညာနဲ့ ဖန်တီးပြီး ကူညီပေးထားပါသေးတယ်ခင်ဗျ။
ကျွန်တော်တို့ရဲ့ ပထမဆုံး ပြခန်း ဖြစ်တာမို့ လိုနေတာ၊ ပိုနေတာများ ရှိခဲ့ရင်လဲ အားမနာတမ်း ဝေဖန်အကြံပြုနိုင်ကြပါတယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း နိဂုံး ချုပ်လိုက်ရပါတယ်ခင်ဗျာ။
ဦးမာဃ မိန့်ခွန်း ပြောပြီးသောအခါ ကဗျာပြခန်းကို ကဗျာချစ်သူ ပေါ်ပေါက်လာအောင် အစဖော်သူ အလင်းဆက်၊ ရွာလူကြီးများကိုယ်စား ဖတ်ရွေးအဖွဲ့ ငှက်ကထကြီး ဦးဦးပါလေရာနှင့် ပြခန်းတာဝန်ခံ ဦးမာဃတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ကြလေသည်။
ကောင်းလေစွ ကောင်းလေစွ။
ဖဲကြိုး ဖြတ်ပြီးသည်နှင့် ရွာသူသားများမှာ ပြခန်းအတွင်းသို့ဝင်ရန် တန်းစီကြလေတော့သည်။(ဝင်ပေါက် တစ်ပေါက်သာ ရှိသောကြောင့်)
တာဝန်ခံ ဦးမာဃမလဲ အားသည်မရှိတော့ပေ လက်ကလဲ ပြခန်းဝင်ခွင့် လက်မှတ်များ ထုတ်ပေးရင်း ပါးစပ်မှလဲ ပြခန်းရဲ့ တစ်ပေါက်ထဲသောဝင်ပေါက်ကနေ ဝင်ကြရန် ပြန်ထွက်လာမှ မှတ်ချက်ပေးရန် တစာစာ အော်နေလေသည်။
ဤသို့ဖြင့် မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ဖွင့်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားလေသည်………………..။
(ဒီတင်ပဲ ဖြတ်မယ် လူလဲ လက် အတော်ညောင်းနေပြီဗျ)
စာကြွင်းအနေနဲ့ နောက်တစ်ခေါက် ထပ်ပြောချင်တာကတော့
ကဗျာ ပြခန်းကို ဝင်ဖို့ ကျွန်တော်တို့ ပြခန်း လိုဂိုကို နှိပ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။
ဘေးက tab တစ်ခုမှာ ပြခန်း ပေါ်လာပါလိမ့်မယ်။
ပြခန်းထဲမှာ မှတ်ချက်ပေးခွင့် ပိတ်ထားတာကြောင့် ဒီပို့စ်မှာပဲ လာရောက် မှတ်ချက်ပေးရမှာ ဖြစ်ပါတယ် ဆိုတာကို ထပ်လို့ ပြောချင်ပါသဗျ။

ဒီပုံကို ကလစ်နှိပ်ပြီး ဝင်ပါ
ဒီပုံကို ကလစ်နှိပ်ပြီး ဝင်ပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေကိုလည်း ဒီနေရာမှာ ဗုတ်သွားပေးကြပါ။ တစ်ယောက်ကို သုံးပုဒ် ဗုတ်ခွင့် ပေးထားပါတယ်။

[polldaddy poll=”7123504″]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကား မစပ်

ကဗျာပြခန်းအတွက် ကဗျာများ ပေးပို့ လိုပါက

alinsett.art@gmail.com သို့

ပေးပို့နိုင်ပါကြောင်း……………….

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
3:06 AM (MST) 5/23/2013