ပုညကြိယာဆယ်ပါး

who whoMay 24, 20131min1936

ကုသိုလ်ကောင်းမှုဆိုရင် ဒါန၊ သီလ၊ ဘာဝနာရယ်လို့ သုံးမျိုးကိုသိပြီးဖြစ်ပါတယ်။ အဲဒီကနေမှ ပုညတြိယဝတ္တု ဆယ်ပါး ကို ဆက်လို့ သိရပါဦးမယ်။ပုညတြိယဝတ္တုဆိုတာက ကောင်းကျိုး လိုလားသူတိုင်း ပြုသင့်ပြုထိုက်တဲ့ ကောင်းမှုတရားများကို ဆိုလို ပါတယ်။ အဲဒီ ဆယ်ပါးက ဘာတွေလည်း ဆိုတော့
၁။ဒါန
၂။သီလ
၃။ဘာဝနာ
၄။အပစာယန
၅။ဝေယျာဝစ္စ
၆။ပတ္တိဒါန
၇။ပတ္တာနုမောဒနာ
၈။ဓမ္မဿဝန
၉။ဓမ္မဒေသနာ
၁၀။ဒိဋ္ဌိဇုကမ္မ

ဒါန ၊ သီလ၊ ဘာဝနာကိုတော့ ရင်းနှီးပြီးဖြစ်တာကြောင့် နံပါတ်လေးကစလို့ ပြောကြပါစို့ဆိုတော့…..

(၄)အပစာယနဆိုတာက ကိုယ့်ထက် အသက်အရွယ်၊ အကျင့်သိက္ခာကြီးတဲ့သူကို ရိုသေလေးစားခြင်းကို ဆိုလိုပါတယ်။ ကိုယ့်ထက် အသက်သိက္ခာ တစ်ရက် ၊ တစ်မနက် ကြီးတဲ့သူကို တောင် ရိုသေသင့်တယ်၊ ပူဇော်သင့်တယ်ဆိုတဲ့ အသိလေးရှိနေ ရပါမယ်။ အဲဒီအသိနဲ့ပဲ မိဘ၊ အစ်ကို၊ အမတွေ ၊ ဦးလေး ၊ အဒေါ် တွေ၊ ဆရာသမား လူကြီးများကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရိုသေ လေးစား ပြုစုလုပ်ကျွေးလို့ အပစာယန ကုသိုလ်အမှုကို ပြုကြ ရပါမယ်။ ဒါသည်ပင် ကောင်းမှုကုသိုလ် ပြုခြင်းဖြစ်တာကြောင့် ကုသိုလ်အလုပ် လုပ်နေရပြီရယ်လို့ ဝမ်းမြောက်ဝမ်းသာ လုပ် ဆောင်နိုင်ကြရပါမယ်နော်။

(၅)နောက်တစ်ခုကတော့ဝေယျာဝစ္စကုသိုလ်ပါပဲ။ ကိုယ် ပြုမယ့် ကုသိုလ်အလုပ်မှာ ကိုယ်ထိလက်ရောက် ပါဝင် လုပ် ဆောင်တာရော၊ သူတစ်ပါးရဲ့ ကုသိုလ်ကိစ္စတွေမှာ ဝိုင်းဝန်း လုပ်ဆောင်ပေးတာမျိုးကိုပါ ဝေယျာဝစ္စကုသိုလ်ထဲမှာ ပါပါတယ် နော်။ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်ကို အောင်မြင်စေလိုတဲ့စိတ်နဲ့ ကူညီ ဆောင်ရွက်ပေးရပါမယ်။ ဘာပဲဖြစ်ဖြစ်သူတစ်ပါးကုသိုလ် အလုပ်ပဲဖြစ်ဖြစ် ၊ ကိုယ့်ကုသိုလ်အလုပ်မှာပဲ ဖြစ်ဖြစ် ကောင်းသ ထက် ကောင်းအောင် ပြီးမြောက်အောင်မြင်စေဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ကူညီဆောင်ရွက်ပေးမယ်ဆိုရင် ဒါဟာ အဆင့်မြင့်သော စိတ်နဲ့ ကုသိုလ်ပြုနေရပြီလို့သာ မှတ်လို့ရပါတယ်နော်။

(၆)ပတ္တိဒါနတဲ့။ အဲဒါက ဘာကိုပြောတာလဲဆိုရင် ကိုယ့် ကုသိုလ်ကောင်းမှုကို သူတစ်ပါးကို အမျှပေးဝေတာပါပဲ။ ကိုယ် ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်တွေကို ကိုယ့်နည်းတူ သူတစ်ပါး လည်း ရကြပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ အမျှဝေပေးတာကို ဆိုလို ပါတယ်။ ဒို့တော့ဖြင့် ဘယ်နေ့ဘယ်ရက်က ဘယ်လို ကုသိုလ် တွေကို ဝမ်းသာအားရ ပြုခဲ့ကြတာမို့ အားလုံးလည်း ကိုယ်ရတဲ့ ကုသိုလ်များ ကိုယ့်နည်းတူ ရကြပါစေရယ်လို့ အမျှတွေပေးဝေလို့ ဒါနပြုကြရပါမယ်။

(၇)ပတ္တာနုမောဒနာ ဆိုတာက ကျတော့ (၆)နဲ့ အပြန် အလှန်ပါပဲ။ သူတစ်ပါး ရင်ထဲမှာ ကုသိုလ်ကောင်းမှုတွေ အထ မြောက်အောင်မြင်သွားတယ်၊ ဒါမှမဟုတ် သူတစ်ပါး ကုသိုလ် ကောင်းမှုတွေကို ပျော်ပျော်ပါးပါး အောင်မြင်စွာ ပြုနေကြတယ် ဆိုတာကို ကိုယ်ကိုယ်တိုင် ပြုရသလို စိတ်မှာ ဝမ်းမြောက်ဝမ်းသာ စွာနဲ့ သာဓုခေါ်တာကိုဆိုလိုပါတယ်။ ကောင်းမှုကုသိုလ် ပြုကြသူ များကို ကြည့်လို့ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်တာ မျိုးကို ပြုတာသည် ပတ္တာနုမောဒနာပြုတယ်လို့ ဆိုပါတယ်။

(၈)နောက်ထပ်တစ်ခုကတော့ ဓမ္မသာဝန ကုသိုလ်တဲ့။ ဒါကတော့ တရားနာတယ်။ တရားစာအုပ်တွေဖတ်တယ်။ တရား စကားတွေ နားထောင်တယ်။ တရားဆွေးနွေးတယ်။ ဒါတွေ အားလုံးလုပ်နေခြင်းသည်ပင် ဓမ္မသာဝန ကုသိုလ်အလုပ်ကို လုပ် နေခြင်းပါပဲနော်။

(၉)ဓမ္မဒေသနာ ဆိုတာကျတော့ရော။ ဓမ္မဒေသနာ ကတော့ တရားဟောတာမျိုး။ တရားစကားတွေ ဝေမျှတာမျိုး။ ကိုယ်သိတာကို သူများလည်း သိပါစေဆိုတဲ့ မေတ္တာစေတနာ သန့်သန့်နဲ့ ဟောတယ်။ ပြောတယ်။ နောက် ဘုရား သာသနာ ဆိုတဲ့ ဘုရား အဆုံးအမတွေ ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်တွေ နဲ့ ကုသိုလ်ပြုနေတာကို ပြောပါတယ်နော်။

(၁၀)နောက်ဆုံးတစ်ခုကတော့ ဒိဋ္ဌိဇုကမ္မတဲ့။ ဒါကတော့ အယူဝါဒ ဖြောင့်မှန်အောင် ထားတယ်။ အတွေးအခေါ်မှန်အောင် ထားတယ်။အသိအမြင်တွေ မှန်ကန်အောင် ၊အကျင့်တွေ မှန်ကန် အောင် ကျင့်ကြံအားထုတ်တာကို ပြောပါတယ်။
ကဲဒါဆိုရင်တော့ ကုသိုလ်ဆယ်မျိုးလုံး စုံသွားပါပြီ။ ဘယ် ကုသိုလ်ပဲလုပ်လုပ်၊ဘယ်အလုပ်ပဲလုပ်လုပ် ရည်ရွယ်ချက် မြင့်မြင့် မားမားထားပြီး လုပ်လေ စိတ်စွမ်းအားတွေ ထက်မြက်လေပဲ ဆိုတာလေးကို ဝေမျှရင်းနဲ့ နေ့စဉ်ရှင်သန်ရတဲ့ ကိုယ့်ဘဝလေးကို ကုသိုလ်ဆယ်မျိုးနဲ့ အလှဆင်နိုင်ကြပါစေလို့ ဆုတောင်းလိုက် ပါတယ်။

မှတ်ချက်။ ။ ဆရာတော် အရှင် ဆန္ဒာဓိက ရေးသားသော “တစ်ပွင့်ပန်လည်း လှပါတယ်”ဆိုတဲ့ ဓမ္မစာအုပ်လေးကို ဖတ်မိရာ မှ ပြန်လည် ဝေမျှလိုက်ရပါသည်။

6 comments

  • အရီးခင်လတ်

    May 24, 2013 at 2:53 pm

    သာဓု၊ သာဓု၊ သာဓု ပါ ဟူးဟူးရေ။
    ဒီလို တရားစကား လေးတွေ အတွက် ကျေးဇူးပါ။
    စိတ်ကို အမြဲ reminder ရစေတာပေါ့။

  • ခုလို ဓမ္မဒေသနာ ကုသိုလ်ပြုလုပ်လိုက်တဲ့
    (မ) (အန်တီ) ဟူးဟူး ကို သာဓု ခေါ်ပါတယ် ခင်ဗျာ ….။
    ဒီတော့ .. ကျွန်တော်လည်း ပတ္တာနုမောဒနာ ကုသိုလ် ရသွားပြီပေါ့နော် ….။
    ကျွန်တော် အခု သာဓု ခေါ်လို့ ရလိုက်တဲ့ ကုသိုလ် ကိုလည်း ထပ်မံပြီး ဝေမျှပါတယ် …။
    အမျှ … အမျှ … အမျှ ….
    ထပ်ပြီးတော့ … ပတ္တိဒါန ဖြစ်သွားပြန်ပါပြီကော ….။
    ဒီပီတိနဲ့သာ သေစမ်းပါစေလေ …။
    အပါယ်လားမှာ မဟုတ်ဘူး …။
    ဒါကြောင့်လည်း သေတတ်ဖို့ ဆိုပြီး ဆရာတော်ကြီး ဟောပြောနေကြတာ နေမှာ …။

  • မောင် ပေ

    May 24, 2013 at 5:09 pm

    ကျုပ် ထက် အသက်ပိုကြီးတဲ့ ဆရာမလေး ဝှူဝှူး ကို “အပစာယန” နဲ ့အညီ ဆည်းကပ် ပူဇော် ခွင့်ပြုပါလား ။
    ပို ့စ်ကနေ မသိသေးတာတွေ သိရတဲ့ အတွက်
    သာဓု သာဓု သာဓု ပါ ဝှူဝှူးလေးရေ

  • Foreign Resident

    May 24, 2013 at 6:20 pm

    သာဓု ၊ သာဓု ၊ သာဓု ၊ ပါကွယ် ။

  • kyaw hteik

    May 24, 2013 at 11:10 pm

    မှတ်​သားသိရှိရ၍​ကျေးဇူးတင်​ပါတယ်​။
    သာဓုပါ​နော်​။

Leave a Reply