စာနာသော နှလုံးသားများ………..

teekaunglayJuly 28, 20101min630

ဟို…….. အဝေး တစ်နေရာ က တိုက်ခတ်လျက်ရှိသော လေပြင်းများသည် ကျွန်တော်နေထိုင်ရာ အခန်း၏ ပြတင်းပေါက်မှန်များကို လာရောက် ထိခတ်လျက်ရှိနေသည်။ ထိုသို့သော အချိန်များ ကြုံရတိုင်း ကျွန်တော် ထိတ်လန့်မိပါသည်။ ကြောက်ရွံနေသာ စိတ်ခံစားများမှုများသည် လွန်ခဲ့သော နှစ်များက အဖြစ်အပျက်များကို ပြန်လည်ရောက်ရှိစေခဲ့ပါသည်။……………………………………
ထိုနေ့ညနေတွင် အများသူငါ ပြောသောစကားများ၌ မုန်တိုင်းဆိုသော စကားလုံးသည် ရေပန်းစားလျက်ရှိနေသည်။ မုန်တိုင်းလာမည် ဟူသော စကားသံသည် လူတိုင်းအတွက်တော့ အရေးတယူလုပ်စရာ မလိုသော ရယ်စရာ စကားလုံးတခုသာ ဖြစ်ခဲ့သည်။………………..
သို့သော် ထိုနေ့ည ၁ဝ နာရီ ခန့်မှ စ၍ ပြင်းထန်စွာ တိုက်ခိုက်လျက်ရှိသော လေများသည် ကျွန်တော်တို့ အိမ်နား ဝန်းကျင် အုန်းပင်များကို ခါရမ်းလှုပ်ရှားစေခဲ့သည်။ ကျွန်တော် တစ်သက်တွင် ထိုများလောက် ပြင်းထန်သော လေတိုက်ခတ်မှုများကို မကြုံတွေ့ခဲ့ဘူးပေ။ ထိုနေ့ည ပြင်းထန်စွာ လေပြင်းသံများကြားတွင် ကြောက်ရွံစွာ အိပ်စက်ခဲ့ရပါသည်။ ထိုနေ့ မနက်တွင် ညီမလေး လာနှိုး၍ အိမ်ပတ်ဝန်းကျင်ကို ပြတင်းတံခါးမှ တဆင့် ကြည့်မိရာ အိမ်ပတ်ဝန်းကျင်တစ်ခုလုံး ပြိုလဲနေသာ သစ်ပင်များဖြင့် ရှုပ်ထွေးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ သို့သော် ပြင်းထန်စွာ တိုက်ခတ်လျက်ရှိသော လေများနှင့် မိုးများသည် ရပ်တန့်မှု မရှိပဲ ပြင်းထန်းစွာ ဆက်လက် ရွာသွန်းဖြိုးလျက်ရှိနေပါသည်။ လျှပ်စစ်မီးများ ပြန်တောက်လျက်ရှိပြီး မိမိ၏ ခြံဝင်းအတွင်း၌ မကြုံစဖူး ရေများဖြင့် ပြည့်နေသည်ကို တွေ့ရှိရပါသည်။ ထို့နေ့ တနေ့လုံး အိမ်ပြင်မထွက် ပဲ ညနေစောင်း လေပြင်းများ ငြိမ်သက်သွားချိန်တွင် အပြင်သို့ထွက်၍ လေ့လာခဲ့ရာ လမ်းတစ်ခုလုံး လူသွားဖို့ရန် ပင် မလွယ်ကူပဲ ပြိုလဲလျက်ရှိသော သစ်ပင်များနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။ အချိန်ဆွဲမနေပဲ မိမိတို့ လမ်းတွင်းရှိ မိသားစုများ ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများကို စတင်ခဲ့ပါသည်။ ည ရ နာရီကျော်ကျော်ခန့်တွင် လူများသွားလာနိုင်ဖို့ရန်သာမက ကားများပင် စတင်သွားလာနိုင်ခဲ့ပါသည်။
ထို့နေ့ရက်များတွင် မိမိတို့ နေအိမ်များတွင် လုံခြုံဘေးကင်းစွာ နေထိုင်ခဲ့ရသော်လည်း ဟိုအဝေးတနေရာက မိတ်ဆွေများကတော့ လောကငရဲကို ကိုယ်တိုင်ကိုယ်ကြ ကြုံတွေ့ခံစားခဲ့ရ ပါသည်။ အသက်ရှင်နေထိုင်နေဖို့အတွက် လိုအပ်သော နေ့စဉ် အာဟာရများအတွက်ပင် ကြိုးစားရုန်းကန်လျက်ရှိကြပါသည်။ ထို့သူတို့ ကို ကြည့်လျက် မိမိတို့ကို မိမိတို့ ကံကောင်းလှပြီးလို့ အဘယ်သို့သော နှလုံးသားဖြင့် ပျော်ရွင်ဝမ်းမြောက်နိုင်အံ့တော့မည်နည်း။ ငိုကြွေးနေသော မျက်လုံးများ ၊ နာကျင်နေသော နှလုံးသားများ ၊ ပြန်လည်အစားထိုးလို့ မရနိုင်အောင် ဆုံးရှုံးမှုများကို ကြုံတွေ့နေသော ဘဝများ ၊ နေ့စဉ် အသက်ရှင်ရန်ဖို့ပင် အကူအညီလိုအပ်နေသော အခြေအနေများ အတွက် မိမိတို့ ရင်မှာ စာနာခံစားလျက် နွေးထွေးသော မေတ္တာဖြင့် ကူညီနိုင်ဖို့ရန် ကြိုးစားဆောင်ရွက်ရတော့မည်ဖြစ်ပါသည်။