“မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ”

IMG_6104 [640x480]

 

“မိုးသည်းတဲ့နေ့ကစိန်ပန်းပင်အောက်မှာ”

(အလွမ်းတစ်)

မေလရဲ့အပူလွန်ကဲတဲ့နွေတစ်ရက်မှာပေါ့။

နေ့လည်ခင်းနာရီပြန်တစ်ချက်

အကာကွယ်မဲ့သောကတ္တရာလမ်းထက်မှာ

နေရောင်ခြည်တွေအခ

အပူပျံ့ငွေ့တွေကချောင်းချောင်းထ။

အဲဒီအချိန်ကြီးမှာ

မိုးစက်တွေက

ပိုးပိုးပေါက်ပေါက်နဲ့

ရုတ်တရက်အကျ

ကျနော် လဲ နီးရာအပင်နံဘေး အမြန်ပြေးအခို

စိန်ပန်းပင်အိုကြီးအောက် မထင်မှတ်ဘဲ ရောက်သွားပါတယ်။

မိုးစက်တွေက ရက်ရက်စက်စက်ရွာအချ

စိန်ပန်းပွင့်အနီတွေကလဲ ပက်ပက်စက်စက်ကြွေကျ

မြင်ရတာ လွမ်းစရာကြီးပါဗျာ။

အဲဒီအချိန်ခဏလေးမှာ

အဖြစ်ခြင်းတူလွန်းပါတဲ့

လွန်ခဲ့သော

နှစ်ပေါင်းများစွာက အဖြစ်အပျက်တွေ နောက် တွေရဲ့နောက်

ကျနော့်စိတ်တွေက ကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်။

(အလွမ်းနှစ်)

ကလေးတုံးကလိုပြောရင်ဟိုရှေးရှေးတုံးကလိုု့ဆိုပါစို့.။

အဲဒီတုန်းကခေတ်စားတဲ့ ကိုင်ဇာ့သီချင်း

“ငယ်ငယ်တုန်းကသူငယ်ချင်း မင်းအရမ်းချစ်ဘို့ကောင်းတယ်

အိမ်အပြန်ကျောင်းအဆင်းမှာသိချင်းလေးဆို”ပေါ့

နေ့စဉ်အတူတူ ကျောင်းသွားနေကျလမ်းနံဘေးမှာပေါက်နေတဲ့

စိန်ပန်းပင်ကြီးအောက်

ရောက်ပြီဆိုမှဖြင့်

ဆော့တဲ့အခါဆော့

ထိုင်တဲ့အခါထိုင်

ငေးတဲ့အခါငေး

မုန့်တွေအပြန်အလှန်ကျွေးတဲ့အခါကျွေး

တောင်စဉ်ရေမရ စကားတွေပြောတဲ့အခါပြော

ကျနော်တို့အတွက်ကတော့ ကွန်းခိုစရာနေရာလေးပါဘဲ။

မူလတန်း

အလယ်တန်း

အထက်တန်း

အဆင့်ဆင့်ဖြတ်သန်း

သူနဲ့ကျနော့်ရင်ထဲမှာလဲသံယောဇဉ်တွေယှက်သန်း

အပျံသင်စငှက်ကလေးလို့ အချစ်စိတ်ကလေးတွေက ဖလန်းဖလန်းထနေပေမယ့်

 “ခင်မင်ရတဲ့အချစ်ဆုံးသူငယ်ချင်းရယ်

နှစ်ဦးသားဖွင့်မပြောပေမယ့်လဲ

………………

…………………………………………….

…………………………………………………………………………

ဆုံနေကြတဲ့အကြင်နာမျက်ဝန်းဟာအချစ်ရဲ့ဖော်ကောင်လေးတွေပါ”

စာသားပါတဲ့ သီချင်း သူကြားအောင်မကြားတကြား

ညည်းပြတတ်တာကလွဲလို့ ဘာဆို ဘာမှ မပိုခဲ့ကြတာလဲ

အကြာဆိုအကြာကြီးပါဘဲ။

ဒါပေမယ့်

မိုးဖွဲဖွဲကျနေတဲ့တစ်ရက်

ရင်ထဲမှာဝှက်ထားတဲ့သံယောဇဉ်တွေကို

သူမြင်အောင်လှစ်ဟ လို့အပြမှာ

ပန်းနုရောင်ပါးနှစ်ဖက်လုံး

ရှက်ပြုံးတွေဝေနေပေမယ့်

မျက်ဝန်းအစုံမှာတော့ ကြည်နူးရိပ်တွေဖုံး

နှစ်ဦးစလုံးရဲ့ရင်ထဲမှာ

အပျော်တွေစွန်းခဲ့ကြတာကလဲ

ဒီစိန်ပန်းပင်ကြီးအောက်မှာပါဘဲ။

(အလွမ်းသုံး)

ရပ်ဝေးက တက္ကသိုလ်ကိုတက်ဘို့သူ မသွားခင်တစ်ရက်

နုတ်ဆက်စကားတွေဆို

ရင်ထဲမှာအသံတိတ်ငိုနေကြတုံး

ဗြုန်းဆိုမိုးတွေရွာအချ

အေးစက်နေတဲ့သူ့ပုခုံးလေးက

ကျနော့်ရင်ခွင်ထဲ အိကနဲအကျ

နွေးထွေးသွားလိုက်ပုံက

အခုပြန်တွေးရင်တောင်

အခုဖြစ်နေသလိုပါဘဲ။

မခွဲကြခင်အချိန်လေးမှာ

တလိမ့်လိမ့်နဲ့ အလိုလိုကျလာတဲ့

သူ့ပါးပြင်ပေါ်ကမျက်ရည်စလေးများကို

အကြင်နာစွန်းတဲ့အနမ်းတွေနဲ့ သိမ်းဆည်းပေးရင်းက

“တို့သစ္စာရှိကြေး”ဆိုတဲ့

စကားလုံးကို

ယုံကြည်ပါလို့

နုနုရွရွနှုပ်ခမ်းအစုံနဲ့

အသံမဲ့စွာ

အကြိမ်ကြိမ်အခါခါ

သက်သေပြခဲ့ကြတာကလဲ

ဒီစိန်ပန်းပင်ကြီးအောက်မှာပါဘဲ။

(အလွမ်းလေး)

ခွဲစနှစ်

ချစ်ချင်းများနဲ့အမြဲသတိရ

ဒုတိယနှစ်

မကြာခဏသတိရ

တတိယနှစ်

တစ်ခါတစ်ခါမှသတိရ

စတုတ္ထနှစ်

မတူညီသော

သူ့ဘဝ

ကိုယ့်ဘဝ

ရုန်းကန်နေရင်း

သတိရခြင်းများပျောက်ဆုံး

နှစ်ဦးစလုံးရဲ့ရင်ထဲပဲ့တင်ထပ်လာတဲ့ သီချင်းစာသားလေးကတော့

“ဝေးကွာခြင်းက ဒို့အတွင်းထဲမှာ”

“ဝေးကွာခြင်းက ဒို့အတွင်းထဲမှာ”

“ဝေးကွာခြင်းက ဒို့အတွင်းထဲမှာ”

(အလွမ်းငါး)

ပူလောင်သောနွေရက်တစ်ရက်

မှတ်မှတ်ရရ အဲဒီတုံးက စိန်ပန်းတွေဝေနေအောင်ပွင့်နေခဲ့ပါတယ်။

ရုတ်တရက်ကြီးသူ ပြန်အလာ

ဆုံနေကြနေရာဟောင်းလေးမှာ

နှစ်ဦးသားချိန်းအတွေ့

“လက်ထပ်ကြစို့”ဆိုတဲ့သူ့စကား

နားအကြားများမှားသွားသလားထင်ရအောင်

အံ့အားတွေသင့်ခဲ့ရပါတယ်။

ဖခင်ကြီးကွယ်လွန်တာ တစ်နှစ်မပြည့်တပြည့်

ထမင်းချက်တာကလွဲလို့ ဘာမှနားမလည်တဲ့အမေ

ပေးစရာတစ်ဘက်  ရစရာတစ်ဘက်

ချိန်ခွင်လျှာအစွန်းမထွက်အောင်

မနည်းချိန်ဆနေရတဲ့ ကုန်စုံဆိုင်လေးကတစ်ဆိုင်

လူမမယ် မူလတန်းအရွယ်က  တစ်

အထက်အဆင့်ကို ဝင်တော့မယ် အလယ်တန်းကျောင်းသားတစ်

တက္ကသိုလ်ကိုမျှော်နေပြန်တဲ့ အထက်တန်းကျောင်းတော်သူကတစ်

သူုတို့ကို ကျနော်ပစ်မထားနိုင်ခဲ့တော့

လက်ကမ်းလာတဲ့ချစ်သူ့စကား

ရင်နာနာနဲ့အငြင်းမှာ

ငိုရှုက်သံတစ်ချက်ပေး

ရုတ်တရက်သူထွက်အပြေးမှာ

ဗြုန်းဆိုမိုးတွေရွာအချ

မြေအခ ကြွေကျလိုက်တဲ့စိန်ပန်းနီနီတွေထဲမှာ

ကျနော့်နှလုံးသားအစုံပါရောနှောပြီးကျေမွသွားသလိုလို…………………

…………………………………………………….

 (လက်တွေ့ဘဝ)

ဒီလိုနဲ့ဘဲခုထိ တစ်ကိုယ်တည်း နဲ့ဖြတ်သန်း

ဘဝကြီးကကြမ်းသလားနုသလား

ချိုသလား ခါးသလား

ပြန်မစဉ်းစားမိတာ ကြာမှကြာပေါ့။

လူ့ဘဝဆိုတာ အနာဂါတ်ကိုသွားရင်ကြာပေမယ့်

အတိတ်ကို ပြန်တွေး ခဏလေးဆိုမှတကယ့် ခဏလေး

ပြန်ပြန်တွေးတွေး ပြီး ဆွေးလို့မှ မဝသေးခင်

“ဟို မျက်မှန်နဲ့ဘိုးတော် မိုးတိတ်သွားတာတော်တော်လေးကြာပြီ”လို့

ကွမ်းယာသည်မလေး သတိပေးမှ

တွေးနေတာတွေအမြန်ရပ်

ဘဝသံသရာကြီးထဲစီးမျောဘို့ အတွက်

စိန်ပန်းပင်ကြီးအောက်ကထွက်ခဲ့ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ

27-5-2013

 

10 comments

  • Mr. MarGa

    May 29, 2013 at 10:46 am

    လေးပေါက်ရဲ့
    အလွမ်း ပါးပါးလေး ပေါ့
    ဖတ် ပြီးတော့
    လေးပေါက်နဲ့အတူ
    အတိတ်ကို လိုက်လံ စီးမျော သွားပါသဗျ

  • KZ

    May 29, 2013 at 11:02 am

    ကျန်း::::
    လေးပေါက်တို့ အလွမ်းကဗျာ အရှည်ကြီးပဲ။

    ပြခန်းအတွက်ရော ကဗျာ မပေးချင်ဘူးလားလို့။

    :harr:

  • ko pauk mandalay

    May 29, 2013 at 12:00 pm

    ဒီမှာတင်လိုက်ရင် ပြခန်းထဲဆွဲသွင်းပေးမယ်ဆို…………………………………..

  • weiwei

    May 29, 2013 at 2:46 pm

    စိုင်းစိုင်းခမ်းလှိုင် သီချင်းသံစဉ်နဲ့ ဖတ်သွားပါတယ် … :kwi:

  • kyeemite

    May 29, 2013 at 3:55 pm

    ကိုပေါက်ရဲ့ လွမ်းချင်းလေးက ကောင်းပါ့ဗျာ…
    ကျနော်လည်း ပြန်လွမ်းသွားမိတယ်…ငယ်ဘဝကိုလေ

  • Ma Ma

    May 29, 2013 at 3:58 pm

    ကဗျာနဲ့လိုက်ပြီး တွေးလာတာ ……
    “ဟို မျက်မှန်နဲ့ဘိုးတော် မိုးတိတ်သွားတာတော်တော်လေးကြာပြီ”
    ဆိုတဲ့ နေရာလည်းရောက်ရော စကားပြောသံကြားလိုက်ရသလို အတွေးစတွေ ဆတ်ခနဲ ပြတ်သွားတယ်။ :hee:

  • အရီးခင်လတ်

    May 29, 2013 at 4:42 pm

    ဟား ….
    ဒီနေ့ရွာထဲမှာ တယ်ပြီး ကဘာ ဆန်နေကြပါလား ဗျို့။
    ဒါကတော့ ကပေါက်ကြီး ကိုယ်တွေ့လို့ မထင်ပါဗျား။
    စိန်ပန်းပင်ကြီးက လှတယ် ကပေါက်ကြီး။

  • မောင် ပေ

    May 29, 2013 at 7:55 pm

    စိန်ပန်းပင်အောက်
    ချိန်နမ်းလျှင်ခြောက်
    နှိမ်အမ်းရင်ကြောက်
    ပိန်သမ်းဂွင်ပျောက်
    လိမ်စမ်းနင်ဂေါက်

  • အလင်း ဆက်

    May 31, 2013 at 2:59 pm

    ဝိူးးးးး
    အလွမ်း ကို
    ဒီလောက် ကျကျနန
    တစ်ခါမှ မခံစားခဲ့ဖူးဘူး

    လေးပေါက် ခံစား ပြသွာတဲ့ စတိုင် လေးက
    ဟတ်
    ထိ
    သွား
    တယ်
    ဗျာာာ

  • အလင်း ဆက်

    May 31, 2013 at 3:15 pm

    ပြခန်းထဲ ထည့်ပြဖိူ ့ဆိုပြီး ၂၀၁၃ မေလ တစ်ရက်နေ ့ကပြီး တင် ထားသမျှ
    ကဗျာ တွေကို လိုက် စု ထားပါတယ် လေးပေါက်ရေ။

    ဒါပေမယ့် ပြခန်းအတွက် ရည် ရွယ်ပြီး ပို ့လာတဲ့
    ကျွန်တော့် မေးလ်ထဲက ကဗျာ အ ရေ အတွက်က များလည်းများ
    ဂဇက်မှာ မတင် ဖူးသေးတဲ့ ကဗျာ သစ်လေးတွေ လည်း ဖြစ်နေ လေတော့
    ပြီးတော့ ကဗျာ အသစ် လေးတွေနဲ ့က ပြခန်းလေး ပို လတ်ဆတ်မလားလို ့

    လောလောဆယ် အသစ် လေးတွေ ကြားမှာ
    အဟောင်းလေးတွေ နည်းနည်း ပါးပါး ထည့်ပြီး ပြ နေမိပါ ကြောင်း

    ဂဇက်မှာ တင် ထား ပြီးသား ကဗျာ တွေ စုထားသမျှထဲက လည်း
    အဆင်ပြေ ရာလေးတွေကို ယူငင်ဖော်ပြ နေ မှာ ဖြစ်ပါကြောင်းး

    လေးစားစွာာာာ

Leave a Reply