ကော်ဖီသောက်ချိန်နှင့်ကျန်းမာရေးအကျိုးကျေးဇူး

maypearlJuly 29, 20101min550

လုပ်ငန်းခွင်အစည်းအဝေးတွေပြီးတဲ့အခါ ၊သင်တန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြား နားနေချိန်တွေမှာ၊ တစ်နေ့လုံးလုပ်ရတဲ့အလုပ်မှာ ကော်ဖီသောက် ဖို့နားချိန်(Coffee Break) ပေးလေ့ရှိပါတယ်။ ကော်ဖီသောက်တာဟာ ကျန်းမာရေးအတွက် အကျိုးရှိတာကြောင့် တနေ့လုံးပင်ပန်းနွမ်းနယ်ချိန်မှာ ကော်ဖီတစ်ခွက်သောက်လိုက်ရတာဟာ နွမ်းနယ်မှုကို ပြေလျှော့လန်းဆန်းသွားစေပါတယ်။

ကော်ဖီတွင်နှလုံးရောဂါ ကာကွယ်နိုင်စွမ်းရှိခြင်း

ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပါအဝင် ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းများစွာ ပါဝင်နေတာကြောင့် ဟားဗတ်တက္ကသိုလ်ရဲ့လက်တလော လေ့ လာမှုအရ ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် နှလုံးသွေးကြောရောဂါကြောင့် အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ကို လျော့ကျစေ နိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ဘလက်ကော်ဖီမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် သင့်တော်ပါသည်။

ရောဂါများစွာကို ကာကွယ်နိုင်ခြင်း

လေ့လာမှုများစွာအရ ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးအစား (၂) ဆီးချို၊သွေးချိုရောဂါ၊ ပါကင်ဆန်ရောဂါ ၊အသည်းခြောက်ခြင်း၊ အသည်း၊ ရင်သားနဲ့ အူမကြီးကင်ဆာအန္တရာယ်တို့ကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါတယ်

ဦးနှောက်ကို လန်းဆန်းငြိမ်းချမ်းစေခြင်း

ကော်ဖီသောက်တာဟာ ခန္ဓာကိုယ်ကိုသာမက စိတ်ကိုပါ လန်းဆန်းစေပါတယ်။ လေ့လာမှုတစ်ရပ်အရ အိပ်ရေးပျက်နေတဲ့ကြွက်တွေဟာ ကင်ထားတဲ့ ကော်ဖီစေ့နံ့ကို ရှုရှိုက်ပြီးတဲ့အခါ ပိုပြီးလန်းဆန်းသွားတာကို တွေ့ရတယ်။

အသင့်အတင့်ကသာအကောင်းဆုံး

ကော်ဖီသောက်တဲ့အခါ နို့၊သကြား၊ ခရင်မ်တွေမပါဘဲ တစ်နေ့တစ်ခွက်၊ နှစ်ခွက်သောက်တာဟာ အကောင်းဆုံးဖြစ်ကြောင်း အာဟာရပညာရှင် အများစုကဆိုပါတယ်။ နှစ်ခွက်ထက်ပိုသောက်ရင် ရေဓာတ်ခန်းခြောက်ခြင်းနဲ့ သွေးဖိအားမြင့်တက်ခြင်း ဖြစ်စေနိုင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန် မှာတော့ ကော်ဖီအများအပြားသောက်ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများတဲ့အတွက် ကော်ဖီကိုမသောက်သင့်ပါဘူး။

(No.293,Wed ထုတ် GoodHealth မဂ္ဂဇင်းပါ ကြယ်စင်(Ref/RD) ရေးသားသော စာအား ပြန်လည်ဖော်ပြပါသည်။)