နားစွန်နားဖျားရပ်ကွက် ခေါင်းစဉ်နဲ့ ပို့စ်တစ်ပုဒ်ရေးသားနေတယ်ဆိုပြီး သတင်းပေးထားတာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းကပါ…။
ခေါင်းစဉ်ကြိုပေးပြီး ရေးစရာက မယ်မယ်ရရမရှိ…။
ခေါင်းစဉ် က ဘောင်ခတ်ပေးလိုက်သလိုဖြစ်ပြီး စိတ်လွတ်လက်လွတ်ရေးလို့ကို မရနိုင်ခဲ့ပါ…။
တတ်နိုင်သလောက်တော့ အားထည့်ရေးလိုက်ပါတော့မယ်…။
လိုရင်းရောက်မရောက်ကို သာ မိတ်ဆွေတို့ ဆုံးဖြတ်ပေးကြဖို့ပါ…။
*******************************************************************

ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ပြုလိုက်တာ မိတ်ဆွေတို့ သိထားပြီး ဖြစ်ကြမှာပါ…။
ကြေးမုံ နဲ့ မြန်မာ့အလင်း အစိုးရကိုယ်စားပြုသတင်းစာ ၂ စောင်လောက်နဲ့ လည်ပတ်နေခဲ့ရတဲ့
ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀ထဲကို ပုဂ္ဂလိကသတင်းစာတွေ အတည်ပေါက်ကြီး ၀င်လာခဲ့ပါပြီ…။
ရွေးချယ်ခွင့် ရလာတဲ့ သဘောပေါ့…။
အစိုးရသတင်းစာတွေဖြစ်တဲ့ ကြေးမုံတို့ မြန်မာ့အလင်းတို့ကလည်း ပုံသဏ္ဍန်တွေပြောင်း၊ ကာလာတွေထည့်လို့
ပုဂ္ဂလိက သတင်းစာတွေကို ဈေးကွက်အတွင်း ယှဉ်ပြိုင်လာခဲ့တာကို မြင်တွေ့နေရပါတယ်…။
စစ်မြေပြင်သဘောအရပြောရရင် အစိုးရသတင်းစာတွေက အသာစီးရနေပါတယ်…။
ဈေးနှုန်းကလည်း အစိုးရသတင်းစာတွေက သာပါတယ်…။
ဖြန့်ချိရေးစံနစ်အရလည်း အစိုးရသတင်းစာတွေက ခိုင်မာမှုရှိပြီးသား လမ်းကြောင်းအတိုင်း ဆက်လျှောက်ရုံပါပဲ…။
ပုဂ္ဂလိက သတင်းစာတွေကတော့ အခုမှ စတင်တည်ဆောက်နေရဆဲဆိုတော့ မခိုင်မာသေးပါဘူး…။
ပုဂ္ဂလိက သတင်းစာတွေ အနေနဲ့ အားယူရမှာက အစိုးရသတင်းစာတွေရဲ့ လိုအပ်သလို ဖြတ်တောက် တင်ပြတတ်တဲ့ သတင်းတင်ပြပုံတွေကနေ ခွဲထွက်လာတဲ့ ပြည့်စုံတဲ့ သတင်းတင်ပြပုံတွေပါပဲ…။
နမူနာလေးတစ်ခု ဆွဲထုတ်တင်ပြခွင့်ပြုပါ…။
(၂၅-၄-၂၀၁၃) ထုတ် စံတော်ချိန် (Standard Time) သတင်းစာရဲ့ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့

တပ်မတော်သားသုံးဦး သမီးရီးဇား စုံတွဲအား သတ်ဖြတ်…၊
ဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် ပြည်မြို့ခံများတောင်းဆို…

ဆိုတဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်…။
သတင်းခေါင်းစဉ်ကို မျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေနဲ့ ဖေါ်ပြခဲ့ပြီး…
သတင်း အပြည့်အစုံကိုတော့ စာမျက်နှာ ၁၀ မှာ ထည့်သွင်းဖေါ်ပြထားပါတယ်ဗျာ…။
သတင်းရေးသူအမည်က ငြိမ်းချမ်းဝေ ဖြစ်ပါတယ်…။
မူရင်းသတင်းကို ဖတ်ကြည့်ကြရအောင်ပါ…။

ပြည်၊ ဧပြီ-၂၄
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ပြည်မြို့တွင် ဧပြီ ၂၃ ရက် ည ၉ နာရီခွဲ ၀န်းကျင်ခန့်က ဆင်စုရပ်ကွက်အပိုင် ဧရာဝတီ မြစ်ကမ်းဘေး view point အနီး ဖြစ်ပွားခဲ့သော တပ်မတော်သား သုံးဦး၏ သတ်ဖြတ်လုယက်ခံရသည့် သမီးရီးဇားစုံတွဲနှင့် ပတ်သက်၍ သက်ဆိုင်သူများအား အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် မြို့ခံလူထုက အမှတ်(၂) ရဲစခန်းရှေ့တွင် ညတွင်းချင်း ၀ိုင်းဝန်း တောင်းဆိုခဲ့ကြသည်။
သေဆုံး
ဖြစ်ပွားပုံမှာ view point အနီး မြစ်ကမ်းနံဘေးတွင် ချိန်းတွေ့နေကြသည့် သမီးရီးဇား နှစ်ဦးအား တပ်မတော်သားသုံးဦးက ၀ိုင်းဝန်းရိုက်နှက် လုယက်ခြင်းကြောင့် ကောင်လေးမှ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကောင်မလေးကိုလည်း ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဆောင်သို့ ညတွင်းချင်း တင်ပို့ ဆေးကုသမှု ခံယူခဲ့ရကြောင်း အမှတ် (၂) ရဲစခန်းမှ စုံစမ်းသိရသည်။ အဆိုပါ အခင်းဖြစ်ပွားပြီးချိန်တွင် ကာယကံရှင် မိန်းကလေးနှင့် တွေ့ဆုံကူညီပေးခဲ့ရသည့် view point တာဝန်ခံ ဦးလေးတစ်ဦးက “ကောင်မလေးက အသံတိတ်တက်လာတယ်၊ အပေါ်လည်းရောက်ရော ထိုင်ချပြီး ငိုလည်းငို၊ ကျွန်မကို သေအောင်သတ်တာပါ၊ သတ်ကြတာပါ၊ ပြောတော့ ဘာဖြစ်တာလဲ ဆိုပြီး ကျောက်တိုင်ဘက်ကို လူစုခွဲပြီး လိုက်ကြလို့ ရပ်ကွက်ထဲကိုလှမ်းအော်တော့ ကမ်းနားမှာ လိုက်ရှာတော့ ပထမပုန်းနေကြတယ်၊ နောက်ကြတော့ ကိုင်းတောထဲက အသံကြားလို့ ၀ိုင်းပိတ်ဖမ်းတာမှာ သုံးယောက်ကို နှစ်ယောက်မိတယ်၊ တစ်ယောက်ကတော့ လွတ်သွားတယ်”
ဟု ပြောဆိုသည်။ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ၀ိုင်းဝန်းဖမ်းဆီးမှုကြောင့် လုယက်သတ်ဖြတ်ခဲ့သည့် တပ်မတော်သားများအား ချက်ခြင်းဖမ်းဆီးနိုင်ခဲ့သော်လည်း သက်ဆိုင်ရာသို့ ပို့ဆောင်ရန် စီစဉ်နေချိန်တွင် ၄င်းတို့၏ တပ်မှ ဗိုလ်ကြီးဆိုသူရောက်လာပြီး အမှတ် (၂) ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်စန်းဦး နှင့် စကားပြောဆို၍ စစ်သား နှစ်ဦးအား ပြန်ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် ရဲက ၀ိုင်းဝန်းဖမ်းဆီးပေးသူများကို လူစုခွဲခိုင်းခဲ့ကြောင်း၊ တစ်နာရီခွဲခန့်ကြာပြီး ကာယကံရှင်မိသားစုများရောက်လာကြ၍ ကောင်လေးအား လိုက်လံရှာဖွေကြရာ မြစ်အတွင်း သေဆုံးလျက် ရှိသည်ကို တွေ့ရပြီး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းဆင်စုရပ်ကွက်သားများကရှင်းပြသည်။
ပြန်ခေါ်သွား
“စစ်သားတွေကိုဖမ်းမိလို့ ရဲစခန်းကိုပို့မလို့ လုပ်နေတုန်းမှာ ဗိုလ်ကြီးလိုက်လာပြီဆိုပြီး ပခုံးဖက်ခေါ်ပြောဆိုပြီး သူ့တပ်သား
တွေကို ပြန်ခေါ်သွားတယ်…။
နယ်မြေခံတပ်ရင်းတပ်က ဗိုလ်ကြီးမင်းသူအောင်လို့ ပြောတယ်…။ ပြီးတော့ ဒုရဲအုပ်စန်းဦးက ခင်ဗျားတို့တွေ ဘာမဟုတ်တဲ့
ပြသနာလေးကို လူစုစုလုပ်မနေနဲ့၊ လူစုခွဲကြလို့ပြောတယ်၊ သူပြောပြီးတော်တော် ကြာလို့မှ ကောင်လေးကို လိုက်ရှာတဲ့
အခါကျမှ ကောင်လေးအလောင်းကိုတွေ့ရတာပါ။ အချိန်မီသာရှာဖွေခွင့်ရရင် အခုလိုအဖြစ်မျိုး ကြုံချင်မှ ကြုံမှာပါ”
ဟု ဆင်စုရပ်ကွက်သားတစ်ဦးကပြောသည်။
တပ်မတော်သားများ၏ ထိုးကြိတ်လုယက်ခံခဲ့ရသည့် ကာယကံရှင် မအိဇင်မိုးကိုက “ကျွန်မတို့ထိုင်နေတုန်း အပေါ်ပိုင်း အ၀တ်ဗလာကျင်းထားတဲ့ လူသုံးယောက်ရောက်လာပြီး မီးခြစ်တောင်းတယ်။ မရှိဘူးပြောလိုက်တော့ နောက်ဘက်ကနေ ကျွန်မလည်ပင်းကို ညှစ်ပြီး တစ်ယောက်က ထိုးကြိတ်နေတုန်း ကျန်နှစ်ယောက်က ကိုဇော်မင်းဦးကို ထိုးကြတယ်။ ကျွန်မ လည်ပင်းကိုညှစ်ထားတဲ့အားက တအားသန်လွန်းလို့အသက်ရှူရပ်မလို ဖြစ်သွားသေးတယ်။ နောက်ပိုင်းကတော့ ကျွန်မ
ငြိမ်သွားတာကို သေပြီအထင်နဲ့ ကျန်တစ်ယောက်ဘက်ကို အကုန်လှည့်သွားပြီး မြစ်ထဲကို တရွတ်ဆွဲခေါ်သွားကြတယ်။
အဲဒီနောက်ပိုင်း ကျွန်မအကူအညီ သွားတောင်းရတာပါ”
ဟု ၄င်း ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်ကို ရှင်းပြသည်။
လုယက်သတ်ဖြတ်သွားသော တပ်မတော်သားများအား ပြန်ထည့်ပေးလိုက်ခြင်းအပေါ်မကျေမနပ်ဖြစ်သော မြို့ခံ ၁၀၀ ၀န်းကျင်ခန့်သည် ယင်းည ၁ နာရီခန့်တွင် အမှတ် (၂) ရဲစခန်းရှေ့သို့ စုဝေးရောက်လာကြပြီး တာဝန်ရှိရဲဝန်ထမ်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြရာ မြို့နယ်ရဲမှူးမြင့်ဦးက “အရေးယူပေးမယ်။ ထိထိရောက်ရောက် အရေးယူပေးပါ့မယ်။ တပ်အချုပ်မှာ ဖမ်းထားပြီးပြီ။ အမှုလည်း ဖွင့်ထားပြီးပြီ။ ပြန်ထည့်ပေးလိုက်ရတာကတော့ ဥပဒေလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်အရ တပ်မတော်သားဖြစ်ရင် တပ်မတော်ကိုလွှဲပြောင်းပေးတော့မှ တပ်မတော်ဥပဒေနဲ့ တပ်ကအရေးယူပြီးရင် အမှုကြီးရင် နယ်ဘက်ဥပဒေအရ အရေးယူဖို့ လွှဲပြောင်းပေးဖို့ သတ်မှတ်ပြီးသား။ ဟိုဘက်ကလည်းအရေးယူမယ်။ ဒီဘက်ကလည်းအရေးယူမယ်။ အခုကတော့ ဗိုလ်ကြီးမင်းသူအောင်က လွှဲပြောင်းယူထားပါတယ်။ စစ်တပ်မို့လို့ အရေးယူဆောင်ရွက်ပေးခြင်းမရှိတာမျိုး မရှိအောင်
တာဝန်ယူပြီး ထိထိရောက်ရောက် အရေးယူဖို့ လုပ်မှာပါ”
ဟု ရှင်းလင်းပြောကြားခဲ့သည်။

လူစုခွဲ

အထက်ပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှတ် (၂) ရဲစခန်း မှ (ပ)၂၉၄/၂၀၁၃၊ ပုဒ်မ ၃၀၂၊ ၃၂၅ ဖြင့် အမှုဖွင့်ထားပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသတ်ခံရ၍ သေဆုံးသွားသူမှာ အသက် (၂၁)နှစ် ရှိကာ လက်စွပ်တစ်ကွင်းနှင့် ငွေသားအချို့လည်း လုယက်ခံရကြောင်း၊ မကျေမနပ်ဖြစ်နေသော မြို့ခံလူထုမှာ ည ၂ နာရီခန့်တွင် လူစုခွဲသွားကြကြောင်း အဆိုပါရဲစခန်းမှ စုံစမ်းသိရသည်။

အထက်ပါသတင်းကို ၂၅-၄-၂၀၁၃ နေ့ထုတ် စံတော်ချိန် သတင်းစာမှာ မျက်နှာဝက်ခန့်ဖေါ်ပြခဲ့ပြီး သတင်းစာဖတ်သူ တစ်ယောက်ဖြစ်တဲ့ ဘလက်ကြီးကို ဖမ်းစားနိုင်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်…။
အစိုးရထုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ ကြေးမုံကလည်း ဘယ်နေလိမ့်မလဲခင်ဗျာ…။
၂၅-၄-၂၀၁၃ ထုတ် ကြေးမုံ သတင်းစာမှာပဲ အချိန်နဲ့ တပြေးညီ ထည့်သွင်းဖေါ်ပြသွားခဲ့ပါတယ်…။
ထည့်သွင်းဖေါ်ပြခဲ့တဲ့ စာမျက်နှာက (၃) ခင်ဗျ…။
၃လက်မ ၂ကော်လံလောက်သာရှိတဲ့ ဆိုက်လေးအတွင်းမှာ ဖေါ်ပြခဲ့တာပါ…။
ကဲ…မူရင်း သတင်းအသွားအလာလေးလည်း ဖတ်ကြည့်ကြပါဦး…။

ပြည်န၀ဒေး တံတားအနီး လုယက်ခံရ၍ တစ်ဦးသေဆုံး
ရန်ကုန် ဧပြီ ၂၄
ပြည်မြို့ န၀ဒေးတံတားအနီးတွင် စုံတွဲတစ်တွဲ လုယက်ခံခဲ့ရရာမှ တစ်ဦးသေဆုံးသွားရသော ဖြစ်ရပ်တစ်ခု ဧပြီ ၂၃ ရက်
ညပိုင်းက ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီ ၂၃ ရက် ည ၈ နာရီ ခွဲခန့်တွင် အဆိုပါ န၀ဒေးတံတားအနီးတွင် အမျိုးသားသုံးဦးသည် စုံတွဲတစ်တွဲထံမှ
လုယက်သည်ဟု သိရပြီး ၄င်းစုံတွဲမှ ယောက်ျားလေးဖြစ်သူ သေဆုံးသွားပြီး မိန်းကလေးဖြစ်သူမှာ ဒဏ်ရာရရှိကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ထိုဖြစ်စဉ်ကြုံတွေ့စဉ် မိန်းကလေး ဖြစ်သူက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ပြစ်မှုကျူးလွန်သည်ဟု တိုင်ကြားခံရသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အတွက် ပြည်ရဲစခန်းက ပ-၂၉၄/ ၂၀၁၃၊ ပုဒ်မ ၃၀၂၊ ၃၂၅ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဆိုတော့ စံတော်ချိန်သတင်းစာက ပြစ်မှုကျူးလွန်သူတွေဟာ တပ်မတော်သားတွေဖြစ်တယ်ဆိုတာအပြင် ပြစ်မှုဖြစ်ပွားရာအရပ်က အဖြစ်အပျက်အတော်များများကို သတင်းဖတ်သူ ကိုယ်တိုင်ရောက်ရှိနေတယ်ထင်ရအောင် တင်ပြနိုင်ခဲ့ပါတယ်…။
ကြေးမုံသတင်းစာကတော့ ပြစ်မှုကျူးလွန်သူတွေဟာ တပ်မတော်သားတွေဖြစ်တယ် ဆိုတဲ့ အချက်ကို မဖေါ်ပြပေးခဲ့တဲ့ အပြင် ပြစ်မှုဖြစ်ပွားရာ အရပ်က အဖြစ်အပျက်အတော်များများကို သတင်းဖတ်သူ နားလည်အောင် မတင်ပြနိုင်ခဲ့ပါဘူး…။
သတင်းကျင့်ဝတ်အရကြည့်ရင်တော့ ဘယ်လိုဖြစ်မယ်မသိ…။
နားလည်သူတွေပြောပြကြပါဦး…။

ဆိုတော့ အထက်မှာဖေါ်ပြခဲ့တဲ့ သတင်းစာ ၂ စောင်လုံးရဲ့ လူသတ်လုယက်မှုကျူးလွန်တဲ့ သတင်းကို ဖတ်ရသူ တစ်ယောက်ရဲ့ ဖီလင်ကို အတိအလင်းပြောခွင့်ပြုပါ။
စံတော်ချိန်သတင်းစာပါ သတင်းကိုဖတ်ရသူက သတင်းအစအဆုံး ပွင့်လင်းစွာရေးထားတာကို ဖတ်ကြရတဲ့အတွက် ပွင့်လင်းလူ့အဖွဲ့အစည်း ရဲ့ အရသာကို ခံစားရသူပါ…။
ကြေးမုံသတင်းစာပါ သတင်းကို ဖတ်ရသူ က နားစွန်နားဖျားရပ်ကွက် ရဲ့ ပြည့်စုံမှုမရှိတဲ့ နားစွန်နားဖျား သတင်းရေးသားမှုတွေကို ဖတ်ရသူတွေပါ…။
ဟိုတစ်နေ့ကပဲ နိုင်ငံရေးအကျဉ်းသားတွေလွှတ်တော့
ပုဂ္ဂလိက သတင်းစာတွေက နိုင်ငံရေးအကျဉ်းသားတဲ့…။
အစိုးရသတင်းစာတွေက အကျဉ်းသားတဲ့…။ နိုင်ငံရေး ဘယ်ပြုတ်ကျန်ခဲ့တယ်မသိ…။
အခေါ်အဝေါ်အသုံးအနှုန်းတွေ မတူညီကြတာကို ပြောပါတယ်…။

ကျွန်တော်တို့ နားစွန်နားဖျားရပ်ကွက်မှာ နေလာကြတာကြာပါပြီ…။
သတင်းတစ်ပုဒ်ကို အရှိအတိုင်း ဖတ်ချင်ကြပါပြီ…။
နားစွန်နားဖျားရပ်ကွက် ထဲမှာ မနေချင်ကြတော့ပါ…။
နားစွန်နားဖျားရပ်ကွက်ထဲက နားစွန်နားဖျားရေးထားတဲ့သတင်းတွေမဖတ်ချင်တော့ပါဘူး…။
ပုဂ္ဂလိကသတင်းစာတွေကို အားပေးကြရအောင်ပါဗျာ…။

black chaw

About black chaw

black chaw has written 332 post in this Website..