မေ ၃၁ ည ၊

မိုးကအတော်ကောင်းနေဆဲ ၊ ဒပ်ဖရင်ရဲ့  ကော်ရစ်ဒါမှာ ကျနော်ရပ်နေဆဲပေါ့ ၊

မိုးလေးနည်းနည်းစဲသွားတော့မှ ဆေးရုံအပြင်ဘက်က မိုးအလင်းဆိုင်လေးမှာ ကျဆိမ့်တစ်ခွက် နှင်းဆီတစ်လိပ်နဲ့

ဘာမှမမြင်ရတဲ့ ကောင်းကင်ကို ငေးမောရင်း မွေးခန်းထဲဝင်တော့မယ့်သူရဲ့ ဗိုက်ထဲမှာ ဘာလေးများလဲ ?

သားလား သမီးလား

သမီးကြီးမွေးတုန်းက အကြောင်း သတိရမိသေးတယ် ၊ ဒီလို မိုးတွင်းကြီးပါပဲ ၊ နေ့လည် ၁၁း ၃၅ မှာ ကိုမျိုးသန့် ကိုမျိုးသန့်ရှိလားတဲ့ ၊

မွေးခန်းအဝ သံတံခါးမှာရပ်နေတဲ့ ကျနော်က ရှိပါတယ် ကျနော်ပါဆိုတော့ မွေးပြီ အားလုံးကျန်မာသတဲ့ ၊ နေ နေပါဦး သား သားလေးလားဆိုတော့

မိန်းကလေး ပါတဲ့ ၊ ဝန်ခံပါတယ် ၊ ဟာာာ ဆိုပြီ့း့ ကျနော်က သား လိုချင်သူကိုး ၊

ဒါပေမယ့် အဖွားရဲ့ အသည်းကျော် အဲဒီမြေးဦးမလေးဟာ အိမ်မှာ အလိမ္မာဆုံး ကျနော့်ကို အလိုက်အသိဆုံး ဖြစ်ခဲ့ပါတယ် ၊

ရင်ခုန်စေချင်တဲ့စိတ်နဲ့ အဲဒီ အာထရာဆောင်း ဆိုတာကြီးကို တစ်ခါမှ မရိုက်ခဲ့ပါဘူး ၊

အခုလည်း ဒီလောကထဲ ရောက်လာမှာ ဘာလေးပါလိမ့် ၊ သမီးပဲ ဆိုရင်တော့ သမက် ၃ ယောက်နဲ့ ဗျာများရမယ့်ကိန်းပါလား ၊

မနက် ၄ နာရီကျော်ကျော်မှာ မွေးခန်းထဲ ဝင်သွားပြီမို့ အဲဒီနားက ကော်ရစ်ဒါမှာ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ အတွေးတွေကလည်း ဟိုရောက် ဒီရောက်

မနက် ၆ နာရီ့ 

မွေးပြီ မွေးပြီ တဲ့ ၊

တတိယမြောက် ရင်ခုန်ခြင့်း့

ဘာလေးလဲဗျာ  ၊

ယောင်္ကျားလေး  ယောင်္ကျားလေး တဲ့ ၊

အို ဘာပြောကောင်းမလဲ ၊ မိုးသားတွေကင်းနေပြီဖြစ်တဲ့ ကောင်းကင်ကြီးကိုမော့ကြည့် ပီတိဆိုတဲ့အရသာ

ဘာကိုဘယ်လိုနှိုင်းရမှန်းမသိ

ဘေးက လူတစ်ယောက်က သားရတာ အဲသလောက်ပျော်သလား ကျနော်ကတော့ သားချည်း ၃ ယောက် မျက်စိကိုနောက်လို့ဗျာ ၊ ဒီတစ်ခါတော့ မိန်းကလေး ဗျတဲ့ ၊

အေးလေ သားလိုချင်သူက သမီးရ ၊ သမီးလိုချင်သူက သားရ ၊

တကယ်တမ်းကျတော့လည်း အားလုံးဟာ ရင်နှစ်သည်းချာ ရတနာလေးတွေပါပဲလေ ၊

မွေးခန်းထဲက ထွက်လာတဲ့ သားကို ကြည့်မိတော့ အမယ် သောက်ဘဲ ငါ့ထက်ဖြူသဟ ၊ ရူပကာကလည်း ငါ့ထက်စွံမယ့်ပုံပဲ ၊

ကဲ ငါလိုချင်လှတဲ့သား ငါရခဲ့ပြီ

သားဆိုတော့ အဖေဘယ်သွားသွား ခေါ်သွားလို့ရပြီလေကွာ နော် ၊

ရက်သားလေးပဲ ရှိသေးတဲ့ မင်းကို လဘက်ရည်ဆိုင်ခေါ်သွားလို့ မင်းအဖွားလေ ငါ့ကို အသေကျိန်းတာ ၊

အဖေကတော့ ဘယ်သိမလဲကွာ ၊ သွားလေရာ ပါမယ့်အဖော် ရပြီလို့ပဲ သတ်မှတ်လိုက်တာကိုး ၊

နာမည်ပေးကြမယ်ဆိုတော့ မင်းအဖွားက ( သက်ဦးမောင် ) တဲ့ ၊ ဟား ဟား အဲဒီနာမည် ဘာလို့ပေးလဲ သိလားသား ၊

မင်းအဖွား မင်းကို စ မြင်မြင်ခြင်း သြော် လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်က မျက်လုံးလေးတွေပါလား တဲ့ ၊

မင်း မျက်လုံးက မင်းအဖိုးနဲ့ အတော်တူဆိုပဲ ၊ အဖေကတော့ မမြင်ဖူးလို့ သိဘူးလေ ၊

မင်းအမေကတော့ မင်းကို ( မင်းသုတ ) ဆိုပဲ ၊ တော်သေးတာပေါ့ မင်းကုသ မဟုတ်လို့ ၊

ဒါပေမယ့် အဲဒီနာမည် ၂ မျိုးလုံး ဗီတိုအာဏာနဲ့ အဖေပယ်ချခဲ့တယ် ၊

ငါ့သားကို အဖေဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်စေချင်တာမို့ အဖေ့နာမည် ( သန့် ) ဆိုတာကို အရင်စဉ်းစားလိုက်တယ် ၊

ပြီးတော့ကော့

အဖေ့ဘဝမှာ သိပ်ချို့တဲ့ခဲ့တာ မရှိပေမယ့် လိုအပ်ခဲ့တာတွေ ပါနေတာမို့ သားကို ကောင်းမွန်တဲ့ ဘဝမျိုးနဲ့ပဲ တိုးစေချင်တယ် ၊

အဲ ပြီးတော့ အဲဒီကောင်းမွန်တဲ့ ဘဝမျိုးမှာ သားကို သက်ဆုံးတိုင် စံစားစေချင်တယ် ၊

ဒါကြောင့် သားနာမည်ဟာ သန့်ကောင်းစံ

အဖွားချစ်သော

မင်းအမေချစ်သော

အဖေချစ်သော

သားသား သန့်ကောင်းစံ

 

ယနေ့ မွေးနေ့မှသည် ရာသီအလီလီတိုင်းမှာ

 

ပျော်ရွှင်ချမ်းမြ လှပသောဘဝနှင့်အတူ လူပီသသောသူ ဖြစ်ပါစေ သားရေ ။

 

7

 

 

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..