ဘဝအရေး စိတ်အေးစေဖို့ – ၁

who whoJune 4, 20131min1525

“ဘဝ ဘဝ” ဆိုလို့ လူရယ်လို့ ဖြစ်လာတော့ လူ့ဘဝကို ရလာတယ်။ နတ်ဖြစ်ရင် နတ်ဘဝပေါ့နော်။ ခုတော့ ကျနော်ရထားတာက လူ့ဘဝပဲမလား။ ဒီတော့ ကျနော် ရထားတဲ့ လူ့ဘဝလေးကို ပြန်ပြီးသုံးသပ် ကြည့်မိပါတယ်။ အော် ဘဝမှာ စိတ်အေးရတယ်လို့များ ရှိရဲ့လားလို့ပါ။ စားဝတ်နေရေးဆိုတဲ့ အရေးတွေအတွက် လုံးလည်လိုက်ပြီး ရုန်းကန်ပင်ပန်းနေရတဲ့ ဘဝကြီးမှာ ဘယ်တော့များမှ စိတ်အေးလက်အေး နေရပါ့မလဲရယ်လို့ တွေးမိနေပါတယ်။

အင်း ကျနော်တင်ပဲလားလို့ တွေးမိတာကြောင့် သူများတွေကို လှမ်းပြီး အကဲ ခတ်လိုက်ပါတယ်။ ဘာထူးလဲနော်။ ချမ်းသာတဲ့လူလည်း ဘယ်မှာ စိတ်အေးရ လို့လဲ။ ရှာဖွေရုန်းကန်နေရတာပဲ။ အမြဲ ပူလောင်နေရတာပဲနော်။ အရာရာ ပြည့်စုံတယ်လို့ ထင်ထားရတဲ့ လူတွေကို ကြည့်ပြန်တော့လည်း စည်းစိမ်တွေ သာ ပြည့်စုံတယ်။ စိတ်အေးရပြီလားဆိုတော့ မအေးရသေးပါဘူးတဲ့။ ဒါဆို ဘဝ အရေးစိတ်အေးစေဖို့က ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မဆိုင်ပြန်ဘူးနော်။

ဘာနဲ့ဆိုင်ပြီး ဘယ်လိုလုပ်မှ ဘဝအရေး စိတ်အေးရပါ့မလဲဆိုတာကို သိချင်လာပါတယ်။ ဒါကြောင့်ပဲ ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတဲ့ “ဘဝအရေးစိတ်အေးရလေအောင်” ဆိုတဲ့ တရားလေးကို နာ ဖြစ်သွားပါတယ်။ ဒီတရားလေးက ရလာတဲ့ အသိလေးတွေကို ပြန်လည် ဖောက်သည်ချချင်တာနဲ့ပဲ ဒီစာလေးကို ချရေးမိသွားပါတယ်။
အာဠါဝကဘီလူးကြီးက မြတ်ဘုရားအား မေးလျှောက်သော မေးခွန်း လေးများနဲ့ ဟောပြထားတာကြောင့် ကျနော်တို့ အတွက် အသိတိုးစေသလို အကျိုးလည်း များစေတာမို့ ပြန်လည်ဝေဌလိုက်ရပါတယ်။ မေးခွန်းပေါင်း (၁၃)ခုတောင်ရှိတဲ့ထဲက တစ်ခုစာကို ဝေမျှ ဖော်ပြပေးသွားပါ့မယ်။

၁။ လောကမှာ အကောင်းဆုံး ဥစ္စာသည် အဘယ်နည်း။

ဒီမေးခွန်းကို ဖြေကြည့်ရင် အဖြေမျိုးစုံ ထွက်လာကြပါမယ်။ ဒီနေရာ မှာ မြတ်ဗုဒ္ဓရဲ့ အဖြေကတော့ ရှင်းပါတယ်။ သဒ္ဓါတရားဟာ အကောင်းဆုံး ဥစ္စာ ပဲတဲ့နော်။ သာမန်လူတစ်ယောက်ကို ဖြေခိုင်းရင်တော့ စိန်တို့၊ ရွှေတို့ ၊ ပတ္တမြား တို့ ဆိုပြီး အဲဒီ ပစ္စည်း ဥစ္စာတွေကိုပဲ ပြေးမြင်ကြပေလိမ့်မယ်။ ခု မြတ်စွာဘုရား ရဲ့ အဖြေကတော့ ထင်မထားကြတဲ့ အဖြေမျိုးပေါ့နော်။ ဘာလို့ပါလိမ့် သဒ္ဓါ တရားဟာ အကောင်းဆုံး ဥစ္စာဖြစ်ရတာက ။ လို့ ဆက်စဉ်းစားကြည့်လိုက် တော့ ကျနော်တို့လို သာမန်လူတွေ ထင်ထားတဲ့ ဥစ္စာတွေသည် ရန်သူမျိုး ငါးပါးတို့ရဲ့လက်ချက်ကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်တယ်လေ။ သဒ္ဓါ တရားဆိုတဲ့ ဥစ္စာကတော့ ဘယ်ရန်သူမှလာပြီး ဖျက်ဆီးလို့ မရသလို ပျက်စီး အောင်လည်း လုပ်လို့ မရလို့ပါပဲ။ အဲလို ကွာသွားတယ်နော်။

ဒီတော့ ကျနော်တို့ ထင်ထားတဲ့ ပစ္စည်းဥစ္စာတွေဟာ ဘေးရန် အန္တရာယ်တွေ ဝိုင်းနေပါတယ် ဆိုတာလေး ပေါ်လာပါပြီ။ ဒါဆို သဒ္ဓါတရား ကရောဆိုတော့ ။ ခုပဲကြည့်လိုက်ပါ။ မွေးလာတာချင်းတူတူ ဆင်းရဲတဲ့ မိသားစုထဲမှာ လူလာ ဖြစ်ရတဲ့ ကလေးရဲ့ ဘဝနဲ့ ချမ်းသာတဲ့ မိသားစုထဲမှာ လူလာဖြစ်ရတဲ့ ကလေး ဘာတွေကြောင့် မတူရလဲဆိုရင် သူတို့ ထုပ်ခဲ့တဲ့ သဒ္ဓါအထုပ်တွေကြောင့်လို့ ပြောလို့ရပါမယ်နော်။ အင်း ကိုယ်ပြုခဲ့တဲ့ သဒ္ဓါ တရားပေါ်လိုက်လို့ ဝင်စားရတဲ့ ဝမ်းချင်းကွာသွားတာပေါ့နော်။ သဒ္ဓါတရား နည်းတဲ့သူကျတော့ သူတောင်းစား မိဘရဲ့ဝမ်းထဲ ဝင်စားရတယ်။ သဒ္ဓါတရား အားကောင်းလာတဲ့ ပုဂ္ဂိုလ်ကျတော့ လူချမ်းသာဗိုက်ထဲ ဝင်စားရပြန်တယ်။ အင်း ဒီလို လူဖြစ်ဖို့ ပဋိသန္ဓေယူတာကစလို့ ကွာသွားရတာက သဒ္ဓါတရား ရဲ့ စွမ်းအားသတ္တိကြောင့်ပဲလို့ သိလာရပါတယ်။

သဒ္ဓါကပေးတဲ့ ပစ္စည်းဥစ္စာသည်ကား ဖျက်ဆီးလို့မရပဲ ခိုင်မာတယ်။ ရန်သူမျိုးငါးပါးလည်း ကြောက်စရာမလိုဘူး။ ဒီသဒ္ဓါဆိုတဲ့ ဥစ္စာနဲ့ သံသရာခရီး သွားမယ်ဆိုရင် ဘယ်နေရာရောက်ရောက် အထက်တန်းကျမယ်။ ချမ်းသာ မယ်။ ဘာလို့လည်း ရောက်ရာအရပ်မှာ အစစပြည့်စုံစေဖို့ ဒီသဒ္ဓါစွမ်းအားကပဲ စီမံပေးသွားမှာပါနော်။ ဒါကြောင့် သဒ္ဓါဆိုတဲ့ ပစ္စည်းကို စုဆောင်းရင် ဘဝအတွက် စိတ်အေးရပါမယ်တဲ့နော်။

ဒါဆို သဒ္ဓါဆိုတာဘာပါလဲ ဆိုတာလေးကို ဆက်ပြီး သိရပါဦးမယ်။ ကုသိုလ်ကောင်းမှု လုပ်ဖို့ စိတ်ဝင်စားတာသည် သဒ္ဓါစိတ်ပါပဲ။ ကိုယ့်မှာ ကုသိုလ်အတွေးတွေ ဝင်လာတယ်ဆိုရင်ပဲ ငါတော့ သဒ္ဓါရှိလာပြီလို့ သိလိုက်ပါတဲ့နော်။ အဲလိုပဲ တရားနာချင်တယ်ဆိုတဲ့ စိတ်ကလေးကလည်း သဒ္ဓါပဲနော်။ နောက် သူတော်ကောင်း ၊ သူမြတ်လောင်းတွေကို ဆည်းကပ်ချင် တယ်။ လှူချင်တန်းချင်တယ်။ ဒါတွေအားလုံးသည်ပင် သဒ္ဓါရဲ့ အင်္ဂါသုံးရပ်ပဲ လို့ ဆရာတော်ကြီးက သေသေချာချာကို ရှင်းပြထားပါတယ်။

ဒါဆို အနှစ်ချုပ်လိုက်ရင်တော့ ဘဝအရေး စိတ်အေးရဖို့ သဒ္ဓါဥစ္စာကို စုဆောင်းကြရပါမယ်။ တစ်နေ့ထက်တစ်နေ့ သဒ္ဓါဥစ္စာတွေ တိုးပွားသည်ထက် တိုးပွားအောင် ကြိုးစားရပါမယ်။ ရှိပြီးသဒ္ဓါကို ပိုမို ပွားများလာဖို့ ကုသိုလ် အလုပ်တွေ ကြိုးစားလုပ်ကြရပါမယ်။ ဒါကြောင့်ပဲ လောကမှာ အကောင်းဆုံး ဥစ္စာသည် သဒ္ဓါပဲ ဆိုတာလေးကို စွဲစွဲမြဲမြဲ မှတ်သားကြလို့ ဘဝအရေး စိတ်အေးစေဖို့ သဒ္ဓါဥစ္စာများ စုဆောင်းကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ပဲ ဒီနေ့စာလေးကို နိဂုံးချုပ်လိုက်ပါရစေ။

5 comments

  • kyaw hteik

    June 4, 2013 at 11:24 pm

    သဒါ္ဓဥစ္စာများကို ​နေ့စဉ်​ စု​ဆောင်​းနိုင်​​အောင်​ကြိုးစားမယ်​လို့ ဆန္ဒပြုရင်​
    မwho who ရဲ့ပို့ကိုဖတ်​ရှုမှတ်​သား သွားပါတယ်​ ခင်​ဗျာ။

  • ဦးကြောင်ကြီး

    June 5, 2013 at 10:44 am

    ဘွအရေး
    ဆိတ်အေးအောင်
    မန်းလေးမြို့သား
    ကပေဂိုရှောင်
    ဟူးလေးရဲ့
    ဦးဦးကြောင်
    မီညောင်မီညောင်
    ဝသီအောင်..

  • မောင် ပေ

    June 5, 2013 at 1:51 pm

    ဝှူးလေး ရဲ ့ သီအိုရီတွေ
    ဘာသာရေး အယူအဆ တွေ ကို
    ဒီမှာ ဖတ်ရတာတင် အားမရဘူးကွာ
    စကားမငရုတ်
    ဂေဇက် ကို လာရင် ဦးကြောင်ကြီး ကို ရှောင်ပါကွယ်
    :kwi:

  • အရိပ်စစ်

    June 5, 2013 at 8:57 pm

    ရိုးရိုးလေးနဲ့ နားဝင်အောင် ရေးထားတာ မို့
    မေ့ ထားမိတာလေးတွေ ပြန်ပီးသတိ ဝင်လာမိသွားပါတယ်ရှင်….

  • ဦး ကြိမ်

    June 6, 2013 at 7:27 pm

    မြတ်စွာဘုရားရှင်က သူလိုချင်တာတွေကို
    အကုန်ပေးပြီး ယူသွားခဲ့တာပဲ……..
    ပါရ မီဖြည့်တယ်လို့ထင်ပါတယ်
    ဒီဘဝမှာ နဲ နဲပေးနိူင်တဲ့မျိုးစေ့ချခဲ့မယ်ဗျာ……..။

Leave a Reply