စာတွေဖတ်ကြမယ်။ ဘဝတွေလည်းဖတ်ကြမယ်။

ဟုတ်ကဲ့စာဖတ်ကြဖို့လိုပါတယ်။စာများများဖတ်မှ
အသိပညာ အတတ်ပညာ သုတ တိုးပွားမယ်။
တိုင်ပြည်အတွက်အကျိုးရှိမယ်။ ပြောရရင်စာဖတ်ခြင်း
အကျိုးကိုခင်ဗျားတို့ကပိုသိမှာပါ။သိလို့လဲကျနော့်ကိုစာများများ
ဖတ်ဖို့ ဝိုင်ဝန်းတိုက်တွန်း အကြံပေး လမ်းညွှန် ကြတာလို့
ထင်ပါတယ်။အဲဘာပြုလို့စာဖတ်ခိုင်းတာလဲ လို့ပြန်ကြည့်လိုက်တော့
ဟီး မိခင်မေတ္တာကိုရေးမိလို့ ဝိုင်းပြီးစာဖတ်ခိုင်းတာလားမသိ။
ဟုတ်ကဲ့ပါ တခြားအသိပညာတိုးပွားဖို့ဆိုစာဖတ်ပါ့မယ်ခင်ဗျာ။
ဖတ်လည်းဖတ်နေပါတယ်။ကျနော့်အတိုင်းအတာနဲ့ကျနော်နိုင်သလောက်
ဖတ်နေပါတယ်။ အရင်က အိမ်ထောင်မကျခင်ပေါ့လေ။ရ တန်းလောက်
ကစပြီးစာမျိုးစုံဖတ်ပါတယ်ခင်ဗျ။ဝယ်ဖတ်တယ်။ဌားဖတ်တယ်။စာကြည့်တိုက်
မှာဖတ်တယ်။တခါတလေ ဆရာမောင်စူးစမ်းရဲ့စာအုပ်တွေအပြင်မှာဌားဖို့မရှိ
ဝယ်လို့မရရင် စာကြည့်တိုက်မှာနားလည်မူ့နဲ့စာအုပ်လဲ ပြီးသမတယ်။
မကောင်းမှန်းသိသိနဲ့လုပ်ရပေမဲ့ အဲဒီစာအုပ်မျိုးကဖတ်သူမရှိလို့ ဖျက်ဆီးစာရင်း
ပါတော့မှာဆိုတာလဲသိရလို့သမတာလဲပါပါတယ်။
နောက်ပိုင်းအိမ်ထောင်ကျပြီးနဲနဲအဖတ်ကျဲသွားတယ်။
စာတွေပဲဖတ်ရမဲ့ အခါမဟုတ်တော့ဘူး။
ဘဝကိုလက်တွေ့ကျကျဖတ်ရမဲ့အချိန်ဖြစ်လာတယ်။
ဇနီးမယားအပေါ် ဝတ်တရားတွေ အကြင်နာတွေနဲမိသားစုဘဝကို
တည်ဆောက်ရတယ်။နှစ်ဘက်ဆွေမျိုးနဲ့မေတ္တာပေါင်းကူးတံတားတည်ဆောက်
ရတယ်။ပါတ်ဝန်ကျင်အသိုင်းအဝိုင်နဲ့လည်းသင့်တင့်တဲ့ဆက်ဆံရေးတည်ဆောက်
ရတယ်။
ဒီနောက်သားသမီးတွေရလာတယ်။ဖခင်မေတ္တာမိခင်မေတ္တာတွေနဲ့သားသမီး
အပေါ်ကိုလွှမ်းခြုံပေးရတယ်။ဒီလိုမိသားစုတာဝန်အသီသီးကျေပွန်ကြတာ
ကျနော်တို့နှစ်ဘက်ဆွေမျိုး ပါတ်ဝန်ကျင် လူအားလုံးကသိမြင်နားလည်ကြတယ်။
ဒါကြောင့်ကျနော့်ပါတ်ဝန်ကျင်မှာကျနော်တို့နှစ်ယောက်ဘာလုပ်လုပ် ထောက်ခံ
ကြတယ်။ယုံကြည်ကြတယ်။အားကိုးကြတယ်။ အထင်လဲကြီးကြတယ်။
ဒါတွေဟာမိသားစုအတွင်းမေတ္တာကိုသူတို့မြင်တယ်။ကျနော်တို့ဘဝကိုဖတ်တယ်။
အတုယူတယ်။အချင်းချင်းဆုံးမချင်ရင်ကျနော်တို့ကိုပညာပြုပြီးပြောကြတယ်
ဆုံးမကြတယ်။
ဒါကကျနော်ဘဝစာမျက်နှာတစိတ်တပိုင်းပေါ့ဗျာ။ ဖတ်နိုင်ပါတယ်ကျနော့်ဘဝကို။
နောက်တပိုင်းက
ခင်ဗျားတို့ရဲ့
အနှိုင်းမဲ့ အတုမရှိ
ပညာတတ်
ပြစ်မျိုးမှဲ့မထင်
ဂုဏ်အသရေရှိ ရဲ့
မြန်မာပြည်အတွက်
ပြည်သူလူထုအတွက်
အောက်ခြေလူတန်းစား
စာမတတ် ပေမတတ်
တောသူတောင်သား
ဂုဏ်ပုဒ်မရှိ
သူများအတွက်
အလုပ်လုပ်ပေးတာ
ပြောပေးတာ
တောင်းဆိုပေးတာ
ဒါတွေကိုခင်ဗျားတို့ကစာပိုဖတ်တော့သိမှာပါ။
ကျနော်ကတော့ ဘဝတွေကိုဖတ်နေတယ်ခင်ဗျ။

6 comments

  • အရီးခင်လတ်

    June 7, 2013 at 3:45 pm

    မင်းမင်း ရေ

    တမင် နှိမ်ပြီး ပြောလို စိတ်နဲ့ စာဖတ်ပါ လို့ ပြောမိခဲ့တာ မဟုတ်ပါဘူး။
    အဲဒီသဘောဖြစ်မိသွားရင် တောင်းပန်ပါတယ်။
    ဒီရွာထဲ ဝင်လာသူမှန်သမျှ ကိုယ့်ဆွေကိုယ့်မျိုး လို သဘောထားမိ ရုံမက ဘယ်သူလာလာ ကိုယ့်ထက်ငယ်တယ်ချည်းမှတ်ပြီး ဆရာလုပ်ဖို့ ချောင်းနေသူ မို့ ပါ။
    တစ်ခု သေချာတာက မင်းမင်း က ကျွန်မထက်တော့ ငယ်မှာပါ။

    ကျွန်မ က ၈၈မှာ ကိုယ်တွေ့ကြုံပြီး တစ်ချို့တစ်ပိုင်းတွေမှာ ပါခဲ့သူပါ။
    အသားလွတ် ဒို့အရေး ခဲ့ တာမဟုတ်ဘူး။

    ရွာထဲ မှာ ကျွန်မ အကြိမ်ကြိမ် ပြောလေ့ရှိတဲ့ ပုံပြင်ရှိတယ်။
    ဒဏ္ဏာရီ မဟုတ်ပါဘူး။ တကဲ့ ဘဝ ပုံပြင်ပါ။
    ကျွန်မ အဖိုး၊အဖွား က နယ်မြို့လေး ကပါ။
    အဲဒီနယ်မြို့ လေး ကို ကျွန်မ အရမ်းချစ်ခဲ့တာပါ။
    ကျောင်းပိတ်တာ နဲ့ အဲဒီကို သွားတာဘဲ။
    အဲဒီ နေရာလေးမှာ အရင်ကထဲက အစိုးရ ထောက်ပံ့တဲ့ မီးမရှိ၊ ရေမရှိပါဘူး။
    ကျွန်မ အဖိုး နဲ့ မြို့ လူကြီးတွေ စီစဉ်ပြီး ဧရာဝတီမြစ်ထဲ က ရေတွေ ကို သွယ်ပြီး မြို့လယ် မှာ ရေစစ်ကန်ကြီး နဲ့ ထား။
    အဲဒီမှာ ရေရောင်းသူတွေက နွားလှည်းတွေမှာမှာ ရေစည်နဲ့ တင်ပြီး ရောင်းပါတယ်။
    ဒီတော့ ရေရောင်းသူဖက်ကရော၊ ဝယ်သုံးသူ တွေပါ အဆင်ပြေပါတယ်။
    မနက် မနက် ဆိုရင် အနီးအပါး ရွာတွေ က နေ မြို့ဈေး လေးမှာ ရောင်းကြ၊ ဝယ်ကြ နွားလှည်းသံ၊ မြင်းလှည်းသံ လူသံ တွေ နဲ့ အရမ်း ကို စည်ကားပါတယ်။
    သူ့အထိုက်အလျောတ် လူတွေ ဟာ လူတန်းစေ့ နေနိုင်တယ်။
    အိမ်လေးတွေ ကလဲ အကောင်းကြီးမဟုတ်လဲ သပ်သပ်ရပ်ရပ်နဲ့။
    မနက်တိုင်း ကျောင်းလေးတွေမှာ ကလေးစာအံ သံလေးတွေ နဲ့ အရမ်းကို ချစ်စရာ နေရာလေးပါ။
    ဆေးရုံ ကောင်းကောင်း ကို လဲ မီးစက်မပြတ်ထားပေးတယ်။
    ဆရာဝန်တွေ ကိုဆို မပျော်မှာစိုးလို့ အဖက်ဖက်က ပြည့်စုံအောင်ကို ထားခဲ့ကြတာ။
    မြို့ကလေးကို ရောက်သူတိုင်း ပြောင်းရင် ဝမ်းနည်းကြလေ့ရှိတယ်။
    ညဖက်လူတွေသုံးဖို့ ကိုယ်ပိုင်မီးစက်ကြီးလဲ မြို့ မှာ စီစဉ်ထားနိုင်တာ။

    ဒါပေမဲ့ နောက်ပိုင်း အဖိုး တို့ အရွယ်တွေ ဆုံးပါးသွားချိန်နောက်ပိုင်း ဒါတွေဟာ ပျက်ခဲ့တယ်။
    ရပ်ရွာ ရဲ့ ကိုယ်ထူကိုယ်ထ နေရာတွေ နဲ့ ကိုယ်ပိုင် စီးပွါးရေးတွေ ကို စစ်မှုထမ်းဟောင်းတို့၊ ပါတီက လူတို့ နေရာယူသွားတယ်။
    တကယ်လုပ်ပေးနိုင်ရင် မပြောလိုပါဘူး။
    ဒါပေါမဲ့ သူတို့ လက်ထက်မှာ မြို့ပျက်ခဲ့တယ်။
    အားလုံးဟာ နေရာစုံ မှာ ဆုတ်ကပ် ဖြစ်သွားခဲ့တယ်။

    ဟိုးငယ်ကထဲ က တစ်နှစ်တစ်ခါ မပြတ် ကြည့် လာခဲ့တဲ့ မြို့လေးကို ကျွန်မကြီးလာတော့လဲ တတ်စွမ်းသ၍ ကူခဲ့သပေါ့။
    ၁ဝတန်းပြီးတော့ တက္ကသိုလ် ကျောင်းတွေ မဖွင့်ခင် အဲဒီမှာ လုပ်အားပေး ဆရာမ တောင် ဝင်လုပ်ခဲ့သေး။
    မတောက်ပြောင် ပေမဲ့ သန့်သန့်ရှင်းရှင်း သနပ်ခါးအဖွေးသား နဲ့ ကလေး တွေ က တကယ်ဘဲ အပြစ်ကင်းကြတယ်။
    စာကို စိတ်ဝင်တစားသင်လိုကြတယ်။
    ဒါတောင် တစ်ချို့ ကလေး တွေ ကျောင်းနောက်ကျလေ့ ရှိတယ်။
    ဘာလို့ နောက်ကျလဲ မေးတော့ “ဝက်မွေးနေတာကို ကြည့်နေလို့” တို့၊ “ကြက်သားပေါက်လေးတွေ ကို စောင့်ပေးရလို့” တို့ က ဆင်ခြေတွေလေ။
    အမေ က အတင်းသွားခိုင်း လို့သာ ကျောင်းလာရ သူတို့ မှာ သူတို့ ဝက်တွေ၊ ကြက်တွေ နဲ့ နေချင်ပုံဘဲ။
    ပြောချင်တာက အဲဒီ နယ်မြို့က မိဘ တွေဟာ ကလေးကျောင်းသွားဖို့၊ ကလေးစာတတ်ဖို့၊ ပညာတတ်ကြီးဖြစ်လာဖို့ ကို အင်မတန် အားပေးခဲ့ပါတယ်။
    ဒီလို နဲ့ ကျွန်မလဲ ကျောင်းပြီး အလုပ်လုပ်ချိန်က စပြီး အဲဒီနေရာလေး နဲ့ အဆက်ပြတ်သွားတယ်။
    သတင်းက တော့ အမြဲ မေးပါတယ်။
    နောက်ကြားလာရတဲ့ သတင်းကတော့ ကလေးတစ်ယောက် ကစပါတယ်။
    ကျွန်မ အဖွားအိမ်မှာ နေတဲ့ ဆရာမလေး ကိုယ်တွေ့ပေါ့။
    တစ်နေ့ သူစာသင် နေတုန်း အတန်းထဲက ကလေးတွေ ရဲ့ အသံအပြင် အပြင်က အသံလေးပါကြားနေရလို့ ကြည့်လိုက်တော့ ပြူတင်းပေါက်နားမှာ ထင်းစည်းကြီး တစ်လှုပ်လှုပ် ဖြစ်နေတာတွေ့လိုက်တယ်။
    သွားကြည့်လိုက်တော့ ကလေးတစ်ယောက်ပါ။
    ပိန်သေးသေး ၆နှစ်၊ ရနှစ် ကလေးတစ်ယောက် ခေါင်းပေါ်မှာ ထင်းစည်းကြီး ရွက်ပြီး စာရွတ်နေတာ။
    အဲဒါကြီး ကို သူ့မိဘက တစ်နေရာပို့ခိုင်းလိုက်တာလဲ ဖြစ်နိုင်တယ်။ ချပြီးရင်လဲ ပြန်မတင်နိုင်၊ စာလဲရွတ်ချင် နေတဲ့ ကလေး တစ်ယောက် ကို “ဒါဟာ ကိုယ့်သွေးသား” လို့ သဘောထားကြည့်ပါလား။
    ရင်ထဲမှာတောင် ခံစားလို့ မရဘူး။
    မြို့ကလဲ သေးသမို့ မေးကြည့်တော့ ကျောင်းမထားနိုင်တော့ တဲ့အပြင် နေ့အချိန်မှာလဲ အလုပ်ခိုင်း နေရတာမို့ ကျောင်းမပို့နိုင်တာ လို့ မိဘတွေ ကပြောတယ်။
    တကယ်တော့ ဒီကလေးတစ်ယောက်ထဲ မှမဟုတ်ဘူး။ တစ်ခြားအများကြီး ရှိသေးတယ်။
    ဒါနဲ့ ဘဲ ကျွန်မ အဒေါ် အပျိုကြီး များမှာ မနေနိုင်တော့ ဘဲ သူ့ အဖေ အမွေ ဆက်ခံ ပြီး လူမှုရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
    ညကျောင်းလေး ဖွင့်ဖို့ပေါ့။

    ဒါနဲ့ ကျောင်း ကို ညဖက်သုံးဖို့၊ ဆရာမ တွေ ကို ညသင်ကြေး ပေးဖို့၊ စာအုပ်၊ခဲတန် အားလုံး အိတ်စိုက်ပေါ့။
    ဒီလို နဲ့ ကျောင်းလေး ဖြစ်သွားတယ်။ စာကြည့်တိုက်လေးပါအဆစ်ပါသေး။
    ကလေးတွေ လဲ ပျော်၊ မိဘတွေလဲ ဟန်ကျ ပေါ့။
    နောက်တော့ ကျွန်မ အဒေါ်ကို သက်ဆိုင်ရာက ခေါ်ပြောပါတယ်။
    ဒီလို လူမှုရေးတွေ ဦးဆောင်ဖို့ ကို “အရာရှိ ကတော်” တွေ ကဘဲ လူမှုရေးအဖွဲ့ လို ဖွဲ့ပြီး လုပ်ရပါမတဲ့။
    ဒါနဲ့ဘဲ “ကတော်” မဟုတ်တဲ့ ကျွန်မ အဒေါ် အပျိုကြီး တွေခမျာ ရပ်လိုက်ရပါတယ်။
    ကျောင်းလေးလဲ ပိတ်လိုက် ရပါတယ်။
    တာဝန်ရှိလူကြီးမင်း သက်ဆိုင်သူတို့လဲ ဘာမှ ဆက်မလုပ်ပါဘူး။
    ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လောက်က ဇာတ်လမ်းပါ။

    ကျွန်မ စိတ်ထဲမှာ ထင်းစည်းကြီး နဲ့ ကလေး အမြဲ ရှိပါတယ်။
    အဲဒီမြို့လေးမှာ ဆေးကုဖို့ မပြော နဲ့ ထမင်းနပ်မှန် အဟာရ ပြည့် မရဘဲ နေဝင်ချိန်ကို ဆင်းရဲပင်ပန်းစွာ ဖြတ်နေရတဲ့ လူအိုတွေ အများကြီးရှိပါတယ်။
    အဲဒီမြို့လေးမှာ ငါတို့ ဘဝမှာ နောက် ၅နှစ် ၁ဝနှစ် မှာ ဘာဖြစ် ဖို့ ဘာတွေ လုပ်ရမယ် ဆိုတဲ့ ဘဝ မျှော်လင့်ချက် တွေချဖို့မပြောနဲ့ ဒီနေ့မှာတောင် ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။
    သူတို့ ကို ကျွန်မ ဘယ်လိုမှ မေ့မရပါဘူး။
    သူတို့ သတင်းတွေ ကို နားထောင်ပါတယ်။
    ဒါပေမဲ့ ကျွန်မ ဘာလုပ်လို့ ရမလဲ။

    စေတနာကောင်းရှိသူတွေလက်ထဲ လုပ်ပိုင်ခွင့် အာဏာ၊ ပါဝါ မရှိလို့ကတော့ အတ္တကြီးသူတွေ က ပါဝါပြ ဖယ်ပစ်ခံ ရတာ လက်တွေ့ ကျွန်မ ပြောခဲ့ပြီနော်။
    ဒီတော့ တိုင်းပြည်ကို စေတနာကောင်းနဲ့ ငါ့ အကျိုးစီးပွါးမပါ လုပ်ပေးနိုင်မဲ့ သူ လက်ထဲ ပါဝါ ရအောင်သာ ဝိုင်းဝန်းပေးကြဖို့ပါဘဲ။
    မဟုတ်လို့ ကတော့ မင်းကတော် မှ မဟုတ် ရင် “သွား၊ မလာနဲ့၊ မလုပ် နဲ့” ဘဲ။
    သူတို့ က လုပ်ပေးဖို့ ကိုလဲ မမျှော်လင့် နေနဲ့။
    ဒီအတိုင်းဘဲ သွားမှာ။
    မယုံမရှိနဲ့။

    ကျွန်မ အဝေးမှာ နေပါတယ်။
    ဒါပေမဲ့ အဲဒီဘဝ တွေ ကို မြန်မာပြည်ထဲ မှာ နေနေသူ ပညာတတ် အများစု ထက် ပိုသိ ပါတယ်။
    ပိုပြီး စိတ်ဝင်စားပါတယ်။
    ကျွန်မ မြန်မာပြည်ထဲ က ဘဝ တွေ ကိုဖတ်တာ အခု မှ မဟုတ်ဘူး။ အရင်ကထဲက ဖတ်လာတာ။
    လက်တွေ့ မပါနိုင်တာတော့ ကျွန်မ စိတ်မကောင်းဘူး။
    ဒီတော့ လေနဲ့ အော်လို့တဲ့ နေရာကနေ အော်ပေးပါတယ်။
    ထိရောက်ချင်မှ ထိရောက်မယ်။
    ဒါပေမဲ့ ကျွန်မ ကိုယ်တတ်နိုင်သ၍ လုပ်ပါတယ်။

    မြန်မာပြည်ထဲ မှာ လက်တွေ့လုပ်ပေးနိုင်မဲ့ ပါဝါ ရှိသူ များ ကျွန်မ တို့ ပြောတာ ကို ကြားပြီး သူတို့ကို ကယ်တင်ပေးနိုင်ဖို့ ရို့ကျိုး ပြီးလဲ တောင်းပန်ပါတယ်။
    တစ်နေ့မှာ တစ်ယောက်ယောက် ကျွန်မတို့ အတွက် ရပ်တည်ပေးလာမှာလို့ မျှော်လင့်ပြီးလဲ ကျွန်မ အချိန်ကို ဒီမှာ တစ်ချို့ သုံးပါတယ်။
    တစ်နေ့မှာ တော့ သူတို့ ကြားပြီး စိတ်ကောင်းမွေး သွားနိုင်ကောင်းပါရဲ့။

    ပုံပြင်လေးက ဒါပါဘဲ မင်းမင်းရေ။
    ကျွန်မ အားလွန်းလို့ ဒီမှာ စာဝင်ရိုက် နေတာမဟုတ်ပါဘူး။
    ကျွန်မ နာမည်ကြီးဖို့ ဒီမှာ ဝင်ပြီး နာမည်ယူတာမဟုတ်ပါဘူး။
    ကျွန်မ လူတွေကို ပုဂ္ဂိုလ်ရေးမုန်းတီးပြီး တိုက်ခိုက်ဖို့ ဒီမှာ လာဝင်နေတာ မဟုတ်ပါဘူး။

    အဓိက ထင်းစည်းကြီးတွေ ကို အရွယ် နဲ့ မလိုက်အောင် ထမ်းနေရတဲ့ မြန်မာပြည် နေရာအနှံ့ က ကလေး တွေ အတွက် ကျွန်မ ရည်ရွယ်ပြီး ဒီက နေ စကားပြောပေးပါတယ်။

    လောလောဆယ်မှာတော့ သူ့ကိုယ်ကျိုး ကို စွန့်ထားသူ ဒေါ်အောင်ဆန်းစုကြည်ကဘဲ အဲဒီ ကလေးတွေကို ကယ်တင်ဖို့ ဦးဆောင်နိုင်မယ် ထင်လို့ သူ့ အတွက် ကျွန်မ သူ့နောက်ကနေ ရပ်ပေးနေတာ။
    ဒီတော့ ကျွန်မ ပြောနေတာ ဒေါ်အောင်ဆန်းစုကြည် အတွက်မဟုတ်ပါ။
    မြန်မာပြည်ထဲ က အနာဂါတ်ပျောက်နေတဲ့ ကလေးတွေ အတွက် ဆိုတာ နားလည်စေဖို့ပါဘဲ။

    • kai

      June 7, 2013 at 4:10 pm

      အရီးလတ်ရေ..
      လောလောဆယ်…

      Posted by မင်းမင်း on Jun 7, 2013 in Copy/Paste

      အဲဒီလိုကြီးပြနေတယ်..
      ဒီတခါတော့..Copy/Paste မဟုတ်ဖူးထင်ပါရဲ့…။

      ကိုရင်မင်းမင်းရေ..
      စာတင်ရင်.. Copy/Paste ဖြစ်နေရင်..ကူးတင်လာတယ်လို့.. ထင်တတ်ပါတယ်..။
      နောင်ဆို…တင်တဲ့စာ Copy/Paste မဟုတ်ပါရင်.. သတိထားပြီး..Category ပြင်ပေးစေလိုပါတယ်..

      ဆိုတော့…
      ကျုပ်တော့.. ဒီရွာထဲကစာတွေနဲ့တင်တော်တော်မူးနေပြီ..
      မျက်မှန်… ပါဝါလည်းတော်တော်များနေပြီ..။
      အပြင်စာလေးများ.. တော်တော့်ကို မဖတ်နိုင်..
      ဒါပေမယ့်.. ဒီထဲကစာတွေထဲ.. ကမ္ဘာ့အရှေ့အနောက်တောင်မြောက်ခြမ်းကစာတွေ.. တပြေးညီသိနိုင်တာမို့.. ဖတ်တာပါပဲ..
      နိုင်ငံတွေပြောင်းအလုပ်လုပ်တာလည်း.. ရှိခဲ့သမို့.. မတူတဲ့လူမျိုးနိုင်ငံက.. လူ့ဘဝတွေလည်း.. ဖတ်ခဲ့ပေါင်းများလှပြီ…
      ထပ်မဖတ်နိုင်..

      ဘာပဲဖြစ်ဖြစ်…
      အိုဘယ့်.. အောင်မလေးဗျ.. အင်တာနက်… :kwi:

      • ရာမည

        June 7, 2013 at 4:18 pm

        ကျွန်တော် အခုနောက်ပိုင်းမဖတ်နိုင်တော့တာ
        စိတ်မကောင်းဘူး ဗျာ
        ဘက်စုံ ဖိစီးနေတယ်

      • အရီးခင်လတ်

        June 7, 2013 at 4:25 pm

        သူကြီးရယ်
        ဒီ အင်တာနက် ထဲ မှာမှ ရှင့် က ဒီ ရွာတည် ထား၊
        ကျွန်မ ကလဲ ဒါမျိုး ဟစ်တိုင် လို့ သဘောထားပြီး အားရပါးရ အော်။
        အသံနာပေမဲ့ အော်ခွင့် ရအောင် ဟစ်တိုင်ကောင်းကောင်း ပေးထားလို့ တကယ်ကြီး ကျေးဇူးတင်ပါတယ်။
        😆

  • အရီးခင်လတ်

    June 7, 2013 at 3:55 pm

    မင်းမင်းတို့ ဇနီးမောင်နှံက အများအတွက် တစ်တပ်တစ်အား တတ်စွမ်းတဲ့ ဘက်က လုပ်နေတာ၊ အများ အားကိုးကြတာ သိလို့ ဒီလို လူ ဒီရွာထဲ ရောက်လာတာ တကယ်ဘဲ ဝမ်းသာပါတယ်။
    ကျွန်မတို့ လို တိုင်းပြည် ပြင်ပ လူတွေ မှားပြီး ဝေဖန်တာတွေ ရှိရင်လဲ ထောက်ပြပါ။ အမှန်ပြင်ပေးပါ။
    ကျွန်မတို့ ရဲ့ ရည်ရွယ်ချက်က တတ်နိုင်သ၍ အားတွေ စုပြီး တိုင်းပြည် ကို တတ်ဖက်တစ်လမ်း အားပြုချင်ကြတာ မဟုတ်လား။
    လုပ်ဟန်မတူ လဲ ရည်ရွယ်ချက် တူ တာပါဘဲ။
    မင်းမင်း စာတွေ၊ မှတ်ချက် တွေ ကိုလဲ စောင့်ပြီး အားပေးပါမယ် နော။
    🙂

  • မင်းမင်း

    June 8, 2013 at 12:20 pm

    ဟုတ်ကဲ့ပါသတိထားပြီးတင်ပါ့မယ်။
    နောက်ဆုံးပို့စ်ကစပြီးအဆင်ပြေသွားပြီ
    ထင်ပါတယ်။
    ကွန်နရှင်ကြောင့်မပေါ်လိုက်ပေါ်လိုက်ဖြစ်နေလို့
    ထင်ပါတယ်။
    အရီးလေးကိုလည်းစာမပြန်နိုင်တာကွန်းမန့်ရေးတင်တာမပေါ်ပဲပျက်
    ပျက်သွားလို့ပါ။
    အမှန်ကတယောက်နဲ့တယောက်ဆွေးနွေရမဲ့အစား
    တွန်းတွန်းတိုက်တိုက်ဖြစ်မိသွားတယ်ထင်တယ်။
    အဲဒီလိုဖြစ်သွားရင်ကျနော်ဘက်ကဖြစ်တာပါဗျာ။
    အရီးလိုဝေဖန်ချက်ကို တုံ့ပြန်နိုင်တဲ့
    စကားမျိုးကိုကျနော်ဖတ်သွားပါတယ်။
    တခါတရံဖြေရှင်းချက်မကောင်းရင်
    ကိုယ့်လူသူ့ဘက်သားဖြစ်နိုင်တယ်ဆိုတာ
    ကျနော်ဆိုက်ဝါးအကြောင်းဖတ်မိတုန်းက
    သင်မိထားပါတယ်။
    အရီးလိုဝေဖန်ချက်ကိုဖြေရှင်းနည်းကို
    ကျတော်သင်ယူထားပါတယ်။
    ကျေးဇူးတင်ပါတယ်။

Leave a Reply