ဘဏ်အတိုးနှုံးတွေ လျှော့မယ်ဆိုလို့

 

 

 

 

 

 

 

 

 

 

 

 

ဒီနေ့ အွန်လိုင်းလေးတက်မိတော့ အလဲဗင်းဆိုက်က သတင်းတစ်ပုဒ်ကို ဖတ်ရတယ်။

ဒေဝေါကြီးကြောက်လို့ သတင်းစာသားကိုတော့မဖေါ်ပြတော့ပါဘူး၊ သိချင်ရင် ကိုယ်တိုင်သွားဖတ်ကြပါတော့…။

သတင်းရဲ့သဘောကတော့

၁- အစိုးရသစ်လက်ထက်မှာ ဘဏ်တိုးနှုံးတွေ တတိယအကြိမ်လျှော့ချဘို့ ဆွေးနွေးကြတယ်

၂-ဗဟိုဘဏ်အတိုး လက်ရှိ၁၀% ကို – ၆% အထိချဘို့ (ဗဟိုဘဏ်က အခြားဘဏ်တွေကို ချေးတဲ့နှုံး)

၃-အပ်ငွေအပေါ်အတိုး လက်ရှိ၈%ကို – ၄% အထိချဘို့

၄-မြန်မာနိုင်ငံဟာဘဏ်အတိုးနှုံးမြင့်မားတဲ့အတွက် အခြားနိုင်ငံကလူတွေက သူတို့နိုင်ငံကငွေချေးယူ-  မြန်မာနိုင်ငံမှာဘဏ်အပ်ပြီး အတိုးခြားနားချက်ကို အမြတ်ထုတ်ကြတယ်ဆိုတဲ့အကြောင်း

မြန်မာနိုင်ငံထက် ဘဏ်တိုးနှုန်းနိမ့်တဲ့ နိုင်ငံကလာတဲ့ လုပ်ငန်းရှင်တွေဆိုရင် သူ့နိုင်ငံကနေ ငွေချေးပြီး မြန်မာနိုင်ငံမှာ ငွေအပ်၊ ပြီးရင် နိုင်ငံနှစ်ခုကြားက ကွာခြားချက်ဖြစ်တဲ့ ဘဏ်တိုးနှုန်းနဲ့ ထိုင်စားပြီး အမြတ်ထုတ်ကြတယ်။ ဒီလို ဖြစ်နေတာက မြန်မာနိုင်ငံ ဒီမိုကရေစီ မရခင် ကတည်းကဆိုတော့ အခုဆို ၁ဝ နှစ်၊ ၁၅ နှစ်လောက် ရှိနေပြီ။ မြန်မာနိုင်ငံရဲ့ ဘဏ်တိုးနှုန်းက အိမ်နီးချင်း နိုင်ငံတွေထက် မြင့်နေတာပဲ။ အတိုးနှုန်းကို ရဲရဲဝံ့ဝံ့ ချပေါ့။ ဘာလို့ တခြားနိုင်ငံသားကို ပေးစားမလဲ –  ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေး -၂ ဦးသန်းလွင်က ပြောဆိုမှုများ ရှိခဲ့ပါသည်။

 

၅-မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် ဘဏ်တိုးနှုန်းများ လျှော့ချလိုက်သည့်အတွက် ချေးငွေများနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာနိုင်မည် – ဆိုတဲ့အကြောင်း…။

 

သတင်းဖတ်ပြီးပြီးချင်းတော့ ဦးပါလေရာတစ်ယောက် ဝမ်းသာလိုက်တာ ထ ခုန်မိ မတတ်ပဲ..။

သိတယ်မဟုတ်လား –

အတွေးက တိမ်တိမ်၊  ဉာဏ်က တုံးတုံး၊  ဗဟုသုတကမရှိ၊  ပညာကပညာနဲ့တူအောင်မတတ်ခဲ့သူပီပီ

မျက်စေ့တစ်ဆုံးမကြည့်မိပဲ  ၊ မျက်တောင်တစ်ဆုံးလောက်မှာတင် ငုတ်တုတ်မေ့ပြီး

အကန်းလို့လဲမဆိုသာ – အမှန်ကိုလဲ ဘယ်သူဘယ်လောက်လက်ညှိုးထိုးပြပြ မှန်အောင်မမြင်တတ်တာ

ဦးပါလေရာလို လအော့လအယ် လူမျိုးတွေပေါ့ဗျာ…။

 

ဝမ်းသာဆို ဦးပါလေရာဆိုတဲ့လူကြီးက ဆက်စပ်ပတ်သက်ရာ လူတစ်ချို့ရဲ့ ငွေကြေးတစ်ချို့ကို ကိုယ့်နာမည်နဲ့ ဘဏ်တွေမှာအပ်ပေးထားပြီး သူတို့လိုအပ်သလို ထုတ်လိုက်သွင်းလိုက်နဲ့ စာရင်းကိုင်ငွေကိုင် လုပ်ပေးနေရတာကိုး…။

အခုလိုဆိုတော့ ဘဏ်တိုး ဒီလောက်ကျသွားရင် ဒင်းတို့တွေလဲ ဘဏ်ထဲ ငွေထားတော့မှာမဟုတ်…

ဘဏ်က ငွေတွေပြန်ထုတ်ပြီး ကုတင်အောက်မှာ ၊ ဗီရိုထဲမှာ ထည့်ထားကြတော့မှာ……

ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးဒေါ်နွားကျောင်းရသောဘဝကြီးမှ လွတ်လေပြီ….. ကျွတ်လေပြီ…

ပျော်ဘို့ကောင်းလိုက်တာနော်…..

ဒိုးပတ်ဝိုင်းငှားပြီး က ရ ကောင်းမလား…၊ အိုပါးဂမ်းနမ်းစတိုင် သီချင်းဖွင့်ပြီး က ရ ကောင်းမလား……

 

ဒါပေသိ…. နေပါဦး….

ဦးပါလေရာလို ဘဏ်က ပိုက်ဆံပြန်ထုတ်မယ့်လူတွေ ဘယ်လောက်များလေမလဲ….

ဒီလိုလေးစဉ်းစားမိတော့ ဆံပင်တွေထောင်ပြီး နားထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ မည်လာသည်….။

ကုပ်ကုပ်ကပ်ကပ်ရှာထားသမျှ ရှိစုမဲ့စုလေးတွေ တက်တက်ပြောင်ခဲ့သည့် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော ၂၀၀၄ ခုနှစ်ကိုလဲ ဖြတ်ကနဲသတိရသည်။

ဒီကလူတွေက ကြောက်တတ်သနော၊ လန့်တတ်သနော  ၊ လေသံကြား-ဖမ်းတရားနာတတ်သနော…

အဲဒီ ကြောက်တတ်လန့်တတ်တာကြီးကပဲ ဘဝတွေကိုနင်းချေခဲ့ဘူးတာနော…

 

အဲဒါလဲ လူတွေကိုတော့ အပြစ်မတင်သင့်……

ဒီနိုင်ငံမှာ ဘာမှမသေချာ။ သေချာတာ ဘာမှမရှိ……

တချိန်တုံးကဆိုလျှင် ကိုယ့်လက်ထဲကပိုက်ဆံတွေကို (အဲဒါပိုက်ဆံမဟုတ်ဘူး) လို့ တခွန်းတည်းပြောလိုက်ရုံနဲ့ စက္ကူစုတ်တွေဖြစ်သွားခဲ့တာ…။

 

ရာစုနှစ်ဝက်အတွင်း ယုံအောင်လဲ တစ်ခါမှ လုပ်မပြရသေးပဲနဲ့ လူတွေမယုံတတ်ကြတာကို အပြစ်မတင်ပါနဲ့….။

ရာစုနှစ်ဝက်အတွင်း စိတ်ချရတဲ့အရာ ဘာတစ်ခုမှမရှိဘူးသေးပဲနဲ့ လူတွေ စိတ်မချတတ်တာကို အပြစ်မတင်ပါနဲ့…။

 

ကိုင်း… ဒါဖြင့် ဘာလို့ ပိုက်ဆံတွေ ဘဏ်အပ်နေရသေးလဲဗျာ….

အဲသလိုမေးမယ်ဆိုရင်တော့ အဖြေက ရှင်းပါသည်။ အတိုးလိုချင်လို့ပေါ့…။

ဒီနိုင်ငံမှာ ရိုးရိုးနည်းနဲ့ ငွေရှာရ ဘယ်လောက်ခက်သည်ကို ငွေရှာဖူးတဲ့ ရိုးရိုးလူတွေ ကောင်းကောင်းသိပါသည်။

အတိုးသာမရရင်တော့ ဘာလို့ အမိုက်ခံပြီး ပိုက်ဆံတွေ ဘဏ်အပ်ကြမှာလဲ။

သူများနိုင်ငံနဲ့တော့ မယှဉ်နဲ့ပေါ့နော- အခြေအနေချင်းက ဘယ်လိုမှ မတူရေးချမတူပါ။

ဒီနိုင်ငံမှာ ရိုးရိုးလူတွေ မလိုအပ်ပဲ စာရင်းရှင်အပ်ငွေ current account ဘယ်တော့မှ မအပ်ပါ..။

 

ကောင်းပြီ – အတိုးလိုချင်လို့ အပ်ထားတဲ့ငွေ ဘယ်လောက်များသလဲ….

ကိုယ်က ဘဏ်လုပ်ငန်းရှင်မဟုတ်လို့သေသေချာချာတော့မသိ-

ဒါပေသိ ကိုယ့်ပတ်ဝန်းကျင်မြင်မြင်သမျှတော့ ပိုက်ဆံလေးထုပ်ထုပ်ပိုက်ပိုက်ရှိလာရင် တစ်လရရ နှစ်လရရ အတိုးရအောင်ဘဏ်အပ်ကြတာပဲ…။

အရင် မကြာသေးတဲ့ခေတ်တုန်းက သိန်းထောင်ကျော်တန်ကားကြီးတွေစီးနေရင်းကို လမ်းဘေးကားရပ်ပြီး ဆီထုတ်ရောင်းစားကြတာ အားလုံးအသိပါနော..။

ဒီနိုင်ငံသားတွေက ပို်က်ဆံရှာတဲ့နေရာမှာ အဲသလို လက်ပေါက်စိပ်ပါတယ်….။

ဒီတော့ ရိုးရိုးလူတစ်ဦးချင်းစီရဲ့ သိန်းပေါင်း ရာဂဏန်း ထောင်ဂဏန်း အပ်ငွေတွေ စုပေါင်းလိုက်ရင် ဘယ်လောက်များမယ်ဆိုတာ မှန်းကြည့်နိုင်ပါသည်။ အဲဒီငွေတွေက ဘယ်သူ့ကိုမှ ယုံလွန်းလို့အပ်ထားတာမဟုတ်၊ အတိုးလိုချင်လို့ အပ်ထားကြတာပါ။

ခင်ဗျားတို့ အတိုးနှုံးချမယ်ဆိုရင် အတိုးနှုံးမချခင် အဲဒီအပ်ငွေတွေ ပြန်ထုတ်ပေးဖို့ မလိုလဲလိုလဲ ပိုက်ဆံတွေကြိုရိုက်ထားစေချင်ပါသည်။

အမှားတစ်ခုကို သောက်ရှက်မရှိ အပ်ကြောင်းထပ် မမှားသင့်တော့ပါ။

 

ပြီးတော့ ပြောလိုက်သေး ….

လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ကတည်းက မြန်မာနိုင်ငံက အတိုးနှုံးမြင့်တော့ အခြားနိုင်ငံသားတွေက သူတို့ဆီက အတိုးနှုံးနဲနဲ နဲ့ ပိုက်ဆံချေးပြီး ဒီနိုင်ငံလာအပ်ကြ၊ အတိုးနှုံးခြားနားတဲ့အပေါ် အမြတ်ထုတ်ကြတဲ့အကြောင်း….

ဟုတ်တာပေါ့..။ အဲဒါ လူတိုင်းသိပြီးသား…။ အဲဒါဘာဖြစ်သလဲ…..

အဲသလိုဖြစ်လာတာ 1997 အာရှစီးပွားပျက်ကပ်ဖြစ်အပြီးကတဖြေးဖြေး စ တာလေ..

2008-2011 လောက်မှာ အများဆုံးဖြစ်ခဲ့တာပေါ့….. (အခုလဲရှိပါသေးတယ်)

တရုတ်တွေ၊ ထိုင်းတွေ၊ မလေးရှန်းတွေ၊ ဂျပန်တွေ၊ စင်ကပူရိယန်တွေ၊ အင်ဒီးယန်းတွေ၊ အော်ဆီတောင်ပါလိုက်သေး….

မြန်မာနို်င်ငံနဲ့ လူချင်း ဆက်စပ်သမျှ စိတ်ချရတဲ့လူခံရှိသမျှ နိုင်ငံခြားသားတွေ အများအပြား အဲသလိုလုပ်ကြပါတယ်။

အဲဒါကြောင့် ဘယ်လိုအကျိုးဆက်တွေဖြစ်တယ်ဆိုတာတော့ သိလောက်ပါတယ်နော်…။

သူများနိုင်ငံက ချေးလာတဲ့၊ ယူလာတဲ့၊ သွင်းလာတဲ့ နိုင်ငံခြားငွေကို မြန်မာနိုင်ငံက ဘဏ်တွေမှာ ဒီအတိုင်းအပ်ရတာမဟုတ်ပါ၊

မြန်မာငွေနဲ့လဲပြီး အပ်ရတာပါ။

အဲဒါကြောင့် မြန်မာငွေ ဝယ်လိုအားကိုတိုးစေပြီး+ နိုင်ငံခြားငွေ ရောင်းလိုအားကို တိုးစေပြီး

ငွေဈေးကွက်ကို ထိန်းသလိုဖြစ်လို့ (ထိန်းသလိုဖြစ်တဲ့အကြောင်းတရားတွေထဲမှာ အပါအဝင်ဖြစ်လို့)

တစ်ဒေါ်လာကို မြန်မာငွေ တစ်ထောင့်သုံးလေးရာထက် ပိုမများပဲ

(တစ်ဒေါ်လာကို မြန်မာငွေ နှစ်ထောင့်ငါးရာ၊သုံးလေးထောင်ဖြစ်ပြီး-)  မြန်မာ့စီးပွားရေး လုံးဝပျက်သွားမယ့်အရေးက

ကာကွယ်ရာရောက်ခဲ့တယ် ဆိုတာတော့ သိမှာပါနော်…။

အဲ… ပြောသာပြောရ  သိကောသိမှသိပါလေစ……..

ဖွဟဲ့… လွဲပါစေ … ဖယ်ပါစေ… အဲဒါလောက်ကိုမှမသိဘူးဆိုရင်ဖြင့်

မြတ်စွာဘုရား  ကယ်တော်မူပါ…… !!!!!!!!!!!!!!

ပြီးတော့ အတိုးနှုံးချလိုက်ရင် အသေးစားအလတ်စား လုပ်ငန်းတွေ အတိုးသက်သာပြီး ကုန်ထုတ်လုပ်မှု့တိုးတက်မယ်  ….

ဆိုပဲ…….  ဆိုပဲ…….. ဆိုပဲ……..

အဟတ်.. ဟတ်…

အဲဒီစကားလေးတော့ စက်မှု့ဇုံတွေ မီးလာပြီးမှ ထောက်ခံပါရစေတော့…….

 

လောလောဆယ်တော့ ဦးပါလေရာတို့က ဦးနှောက်သိပ်မကောင်းလှသူပီပီ

ဘယ်အသေးစားအလတ်စားလုပ်ငန်းကများ ဘဏ်ချေးငွေကို မှီခိုပြီး လည်ပတ်နေတယ်ဆိုတာ

စဉ်းစားလို့ကို မရ…..

အဲ… ရှိမှာပေါ့လေ…  ကိုယ်မသိလို့နေမှာပေါ့….

အစကတည်းကဝန်ခံပြီးသား…. ဦးပါလေရာတို့က ဗဟုသုတမရှိပါဘူးဆိုမှ….

အဲဒီတော့ အဲဒီလုပ်ငန်းတချို့ အတိုးသက်သာဖို့ ကျန်တဲ့သူတွေ အငတ်ခံကြစို့….

အခန့်မသင့်ရင် ပိုက်ဆံတွေအဆုံးခံကြစို့၊ ဘဝတွေ အပျက်ခံကြစို့….

ကိုယ့်ကိုယ်ကို ဘုရားအလောင်းလိုသဘောထားပြီး ပါရမီဖြည့်ပေးမယ့်သူရှိတုန်း အဖြည့်ခံကြပါစို့ …..။

 

နောက်ဆုံးတစ်ချက်တွေးမိတာက

အဲဒီဘဏ်တွေဆီက မနေနိုင်မထိုင်နိုင် ကိုယ့်ငွေတွေပြန်ထုတ်မိသူတွေက

အဲဒီပိုက်ဆံတွေကို ဘယ်နှစ်ရက် တစိမ့်စိမ့်ကြည့်နေနိုင်ပါ့မလဲ ဆိုတာပါပဲ….။

လူဆိုတာကလဲ ခက်သားကလားနော….

လက်ထဲမှာ မရှိတော့လဲ မရှိလို့… ရှိပြန်တော့လဲ ဘာလုပ်ရကောင်းနိုးနိုး၊ ဘာဝယ်ရကောင်းနိုးနိုး

ဒီနိုင်ငံမှာက သူများနို်င်ငံလို လျှံထွက်တဲ့ငွေကြေးစီးဆင်းစရာ စတော့ဈေးကွက်လုံးဝမရှိပါ

အဲဒါလေး တာဝန်ရှိသူများ သတိချပ်ကြပါ…

လောလောဆယ်တော့ ကားကလဲ အရင်ကလို ဝယ်ထားရင် အမြတ်ထွက်မယ့်အရာမဟုတ်တော့…

ရွှေကလဲ နိုင်ငံတကာဈေးနဲ့ဆက်စပ်နေတာ ၊ ကံသေကံမ ပြောမရ

မထူးပါဘူး…  အရင်ကလဲမတရားထိုးတက်ခဲ့၊ လောလောဆယ်လဲ အမြင့်ဆုံးတက်နေဆဲ၊ နောက်လဲ ကျလမ်းမမြင်တဲ့

အိမ်မြေတိုက်ခန်းကွန်ဒိုတွေဖက်လှည့်ကြစို့….လို့….. ဆုံးဖြတ်ကြရင်ဖြင့်

အဲဒီ ပရော်ပါတီပူဖေါင်းကြီး မတရားကြီးလာမှာ…….

ကြီးလာပြီးရင်ပေါက်မှာ…..

ပေါက်ပြီးရင် ကွဲမှာ  နော……

ရေရေလည်လည် ကွဲ ကြမှာ နော………

ကမ္ဘာ့သူဌေးကြီး အန်ကယ်ဆမ်ကိုယ်တိုင် လျှာထွက်ပြီး လေးဖက်ပစ်သွားဖူးတဲ့ရောဂါမို့

ပေါ့ပေါ့တွက်ရင် မှားနင်းကီးသွားမှာ….။

 

ကိုင်း… ကိုင်း….

တော်ပါတော့ ပါလေရာ…..

ဘယ်သူမှလဲ အတိုးနှုံးမလျှော့သေးပါဘူး…

လျှော့တော့လဲ နင့်အပူ သိပ်မပါ ပါဘူး…..

ကိုယ့်မလဲ ပိုက်ဆံမရှိပဲနဲ့  ပိုက်ဆံအကြောင်းပြောလိုက်တာများ….

သူမို့လို့ အာမယား လျှာမယား……။ တကတဲ..မှပဲ….…. ။

 

 

ဦးဦးပါလေရာ

 

 

22 comments

  • kyaw hteik

    June 10, 2013 at 9:42 pm

    ဒီလို​လေးပို့တင်​ ရှင်​းပြ​တော့ ကျ​နော်​လိုမသိတဲ့လူ​တွေ ဗဟုသုတနဲ့ အသ်ိပညာတိုးတာ​ပေါ့။
    ​ကျေးဇူးတင်​ပါတယ်​ ခင်​ဗျာ။

    • THE MOON

      June 11, 2013 at 4:49 pm

      အတိုးနှုန်းတွေတော့လျော့နေတယ်။
      ဘဏ်တွေကတော့ကြားကနေ5%ကိုလျော့ယူဘို ့မစဉ်းစားတော့ဘူးလား။

  • Mr. MarGa

    June 10, 2013 at 9:53 pm

    အင်း………………….
    အစကတော့ လျှော့မယ်ဆိုတော့ ဆိုးဘူးဟ ဆိုပြီး ဝင်မိတဲ့အတွေး
    ဦးပါလဲ ချပြလိုက်ရော
    ဘယ်ဟာကို ဘယ်လိုတွေးရပါ့
    ကောင်းတယ်ပဲ ပြောရမလား
    ဆိုးတယ်ပဲ ပြောရမလား
    ဘာမှ မပြောတာပဲ ကောင်းပါတယ်လေ

  • uncle gyi

    June 10, 2013 at 10:03 pm

    ဘဏ်တိုးနှုံးလျော့ရင်အရင်ဆုံးဘယ်သူတွေအကျိုးရှိမလဲ
    ရှင်းပါတယ်ဘဏ်တွေကငွေများများချေးယူထားသူတွေအကျိုးရှိပါမယ်
    ဘယ်သူတွေကများများချေးယူထားသလဲ
    ကျုပ်ကတော့မသိဖူးဗျ သိတဲ့သူပြောပါအုန်း

    နိုင်ငံခြားသားတွေဝင်ပြီးအမြတ်ထုတ်တာဘဏ်တိုးနှုံးတဲ့လား
    အာရှစီးပွါးရေးကပ်ကြီးဖြစ်အောင်လုပ်ပြီးအမြတ်ထုတ်သွားတာဘဏ်တိုးနှုံးနဲ့လား
    နိုင်ငံခြားငွေလဲနှုံးနဲ့လား
    ၁ဒေါ်လာ ၁၀၀ဝ လောက်ကနေ ၁၃၀ဝလောက်ရောက်အောင်ဆွဲတင်ပြီးမှ
    ရိုက်ဖြုတ်သွားတာဘဏ်တိုးနှုံးတော့မဟုတ်လောက်ဖူးလားလို့

    ပြောသာပြောနေရတာကျုပ်ကလည်းဘာမှသိပ်မသိတဲ့တောသားကိုးဗျ
    ကိုပါလေရဲ့
    သူကြီးတို ့ဘဖောတို ့ကိုသစ်တို ့လေတွေတိုက်လာမှဝင်ပြီးပညာယူရမှာ
    စောင့်နေမယ်ဗျို့

  • padonmar

    June 10, 2013 at 11:40 pm

    ကျမလည်း အဲဒီ ဘဏ်တိုးလေး မက်လွန်းလို့ ခဏခဏဆူခံရတယ်။
    ၁၂% တုံးက လကုန်ခါနီး ငွေကြပ်ရင်တောင်မှ ဘဏ်ကငွေမထုတ်ပဲ သည်းခံပြီး မသုံးပဲနေတတ်လို့။
    ၈% ဖြစ်တော့ နည်းနည်း စိတ်လျှော့လာတယ်။လိုရင်ထုတ်သုံးဖြစ်လာတယ်။
    ဘဏ်မအပ်လို့ အခြားအလုပ်တွေကလည်း ဘဏ်တိုးလောက်တောင် မသေချာဘူး။
    ဒါကြောင့် ဘဏ်တွေ ဘာဘာညာညာကြားရင် သိပ်စိတ်ပူရတာပဲ။
    အတိုးကြီးကြီး မက်လုံးပေးတဲ့ နေရာတွေကိုလည်း ကြောက်လွန်းလို့
    (ရေနွေးကြမ်းအအေးဘူးလေးတောင် မသောက်လိုက်ရဘူး)
    (ကိုယ်ကသာ ဆုံးတာ .သူတို့ကတော့ အချိန်တန်ရင် Black List ဖျက်တယ်ဆို ပြန်ထွက်ပြီး မျက်နှာပြောင်ကြပြန်ရော)
    ဘဏ်မှာငွေတွေ အိပ်မယ့်အစား အလုပ်တွေလုပ်ဖို့ဆိုတာတော့ သဘောကျပါရဲ့။
    လုပ်စရာ လျှပ်စစ်၊
    ခိုင်မာတဲ့ ဥပဒေ၊
    တည်ငြိမ်တဲ့ ငွေကြေးဈေးကွက်၊
    ပွင့်လင်းမြင်သာတဲ့ မူဝါဒ၊
    မျှတတဲ့ ယှဉ်ပြိုင်မှု၊
    စာရင်းမဝင်တဲ့ သူတောင်းစားများကို မသဒ္ဓါကြေး ပေးနေရမှုတွေ ဘယ်လိုဖြေရှင်းမယ်ဆိုတာပါ
    ဘက်စုံ ချစဉ်းစားကြည့်ပြီးမှ အပြောင်းအလဲတွေ လုပ်စေချင်တာပါပဲ။
    Think Tank တွေ ကျားတို့ ၊စစ်တုရင်တို့ ကစားတတ်ကြမယ်ထင်ပါတယ်။
    စိတ်ကူးနဲ့ ကျားကွက်ရွှေ့တာကို ဦးထုပ်ခြောက်လုံး ဝိုင်းစဉ်းစားပြီးမှ တကယ် ရွှေ့စေချင်တာပါ။

    • kai

      June 11, 2013 at 3:28 am

      အသိမမှားရင်.. အခုနောက်ပိုင်းလုပ်နေတဲ့.. ငွေကြေးဆိုင်ရာပြောင်းလဲမှုတွေက..ပေါ်လစီမှာ.. ကမ္ဘာတန်းကဝင်ကိုင်နေတာပါ…
      မြန်မာတန်းအဆင့်မဟုတ်ကြောင်း…။

  • အရီးခင်လတ်

    June 11, 2013 at 2:21 am

    ကိုပါရေ

    အဲလိုသာဆိုရင်တော့ ဘဏ်တိုး နဲ့စားနေတဲ့ ပင်စင်စား အဖိုးအဖွားကြီးများ ခမျာ လဲ စိတ်သောက ရောက်ဦးမယ်။

    ဒီမှာတော့ အတိုးနှုန်း ကို အနှုတ် တောင် လုပ်တတ်ပါတယ်။
    အဲဒီချိန် ဘဏ်ထဲ ပိုက်ဆံထားရင် ကိုယ်ကပြန်ပြီး ဘဏ်တိုးပေးရပါတယ်။
    ဘဏ်က ငွေ သေ တွေ မလိုချင်ဘဲ အပြင်မှာ ငွေလှည့်နေအောင်ပေါ့။

    မြန်မာပြည်မှာကတော့ ဒေါက်တာရမ်းကု ပုံစံ စီးပွါးရေးကို စေတနာနဲ့ စမ်းနေတာလား။
    သူတို့ ပိုက်ဆံတွေ ဖြစ်အောင် နည်းမျိုးစုံ လှည့်နေတာလား။
    သူတို့မှ သိမယ်။
    တောက်ခေါက်ပြီး ဒေါသထွက်ရမလားဘဲ။
    သက်ပြင်းဘဲ ချပြီး ကံတရား ကို ရိုးမယ်ဖွဲ့ ရမလားဘဲ။
    👿

    • Foreign Resident

      June 11, 2013 at 4:25 am

      ” ဒီမှာတော့ အတိုးနှုန်း ကို အနှုတ် တောင် လုပ်တတ်ပါတယ် ”

      အိုး ၊ ရက်စက်ပါ့ ။
      ဂျပန်မှာ Zero Interest Rate တောင် ဆိုးလှပြီထင်တာ ၊
      အရီးတို့ဆီမှာ အနှုတ် တောင် လုပ်တယ်ဆိုတော့ ပိုဆိုးနေတာပေါ့ ။

      • အရီးခင်လတ်

        June 11, 2013 at 5:13 pm

        အဘ ရေ့

        အခု ဥရောပ တဝှမ်း negative interest rates လုပ်ဖို့ စဉ်းစားနေကြပြီ။
        ဘယ်တော့ စမယ်မသိ။

        ယူကေမှာ လက်ရှိ ဘဏ်တိုး နှုန်း က 0.5%. 😉
        ဒီတော့ တော်ရုံလဲ ဘဏ်တိုး က မက်စရာမရှိတာမို့ ဒီကိစ္စ က ပြည်သူအများ ကို အများကြီး နစ်နာလောက်အောင်တော့ မထိလောက်နိုင်ဘူး ထင်ရဲ့။
        လူတွေ က အိမ်တွေ ဝယ်ပြီး ငှားစားဖို့ လုပ်လာနိုင်တယ်။
        mortgage deal တွေက တစ်ချို့ deal ဆို သက်သာသွားနိုင်တာကိုး။
        ဒါပေမဲ့ ဒီနှစ်ပိုင်း တွေ မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ကကြပ်လာမှာမို့ ကိုယ့်အိမ်ငှားမဲ့ သူတွေလဲ ရှားလာရင်တော့ မသိ။

        http://www.bbc.co.uk/news/uk-politics-21703385#

        http://www.independent.co.uk/news/business/news/qa-so-what-is-a-negative-interest-rate-8512008.html
        Q&A: So what is a ‘negative interest rate?’
        Usually people have to make regular interest payments to their lenders when they borrow money. Under a system of negative interest rates this relationship would be
        turned on its head and the lender would pay the borrower for the privilege of lending.

        So why would people lend in those circumstances?
        They wouldn’t – that’s the idea. The Bank of England is examining the case for charging interest on the funds that commercial banks hold on deposit at the central bank in order to encourage these high street lenders to do other things with the money, such as lend it to companies and households.

  • Foreign Resident

    June 11, 2013 at 4:13 am

    ဩဇီမှာတော့ လက်ရှိ ဘဏ်တိုးနှုန်းက ၄ % ကျော်လောက်ရှိတာပဲ ။
    အစိုးရတိုင်းကတော့ တိုင်းပြည် စီးပွားရေးကို ၊
    ဘဏ်တိုးနှုန်း ကို အတက် အချ လုပ်ပြီး ထိန်းလေ့ရှိပါတယ် ။

    သူတို့က ပညာရှင်တွေပဲလေ ။
    သူတို့ ဘဏ်တိုးနှုန်း လျော့တာမှန်တယ်ပြောရင် လဲ ၊
    ကိုယ်တွေက ပညာရှင်မှ မဟုတ်တာ ၊ ဝေဖန်နိုင်ဖို့ အဆင့် မရှိပါဘူး ။

    ဒါပေမယ့် ၊ ဘေးအမြင်ကို ရိုးရိုးလေးပြောရရင်တော့ ။

    ၁ ။
    ဒီ တစ်နှစ်လောက်အတွင်းမှာ ဘဏ်တိုးနှုန်း ကို ၊
    ၁၂ % ကနေ ၁ဝ % ၊ ၁ဝ % ကနေ ၈ % ၊ နှစ်ကြိမ်တောင် ပြောင်းခဲ့ပြီးပါပြီ ။
    အဲလို ခဏ ခဏ ပြောင်းနေတဲ့အတွက် ၊
    အကျိုးအမြတ် ရသူတွေ ရှိသလို ၊ ဆုံးရှုံးသွားသူတွေလဲ ရှိပါတယ် ။

    သူများ နိုင်ငံတွေမှာ ဘဏ်တိုးနှုန်း ပြောင်းတယ်ဆိုတာက ၊
    ၁ % လောက်ပဲ ဖြေးဖြေးချင်း ပြောင်းကြတာပါ ။
    အကြီးအကျယ် ဆုံးရှုံးနစ်နာမှုတွေ မဖြစ်အောင်ပါ ။

    အခုလို ၁ နှစ် ၂ နှစ် အတွင်းမှာ ၁၂ % ကနေ ၄ % အထိ ၊
    အမြန်နှုန်း နှင့် ပြောင်းပြစ်လိုက်မယ် ဆိုရင်တော့ ၊
    ၁ – ၁ ။ တိုင်းပြည် ရဲ့ ငွေကြေးစံနစ်ကို အယုံအကြည်မဲ့စေပါမယ် ။
    ၁ – ၂ ။ တိုင်းပြည် ဟာ သူ့နိုင်ငံသား စီပွားရေးသမားတွေကို ဂရုမစိုက်ပဲ ၊
    ငါ အာဏာရှိတယ် ငါထင်တာလုပ်မယ် ဆိုတဲ့ စရိုက်ကို ပေါ်လွင်စေပါတယ် ။
    ဒါကြောင့် ၊ ပြောင်းသင့်တယ် ဆိုရင်တောင် Soft Landing ဖြေးဖြေးသာ သွားသင့်ပါတယ် ။

    ၂ ။
    ဒီအချက်က ၊ ပိုအရေးကြီးပါတယ် ။
    ဘဏ်တိုးနှုန်း ချရင် အိမ်ခြံမြေဈေး တက်ပါမယ် ။
    ဩဇီ မှာလည်း တူတူ ပါပဲ ။ ပုံစံတော့ နဲနဲ ကွာတာပေါ့နော် ။

    မြန်မာပြည် မှာက ဘဏ်တိုးနှုန်း ကျရင် သူဋ္ဌေးတွေက ဘဏ်ကငွေတွေထုတ်ပြီး ၊
    အိမ်ခြံမြေတွေ ဝယ်ကြလို့ အိမ်ခြံမြေတွေ ဈေးတက်တာပါ ။

    ဩဇီ မှာက ဘဏ်တိုးနှုန်း ကျတော့ ချေးငွေ အတိုးနှုန်းလဲကျပြီး ၊
    ဆင်းရဲသားတွေက ဘဏ်ကငွေချေးနိုင်ပြီး အိမ်ဝယ်ကြလို့ အိမ်ခြံမြေတွေ ဈေးတက်တာပါ ။

    အဲဒီ အိမ်ခြံမြေဈေး တက်မယ့် ကိစ္စကို ထိန်းနိုင်မယ် ဆိုရင်တော့ လုပ်ပေါ့လေ ။
    အခုကိုပဲ အိမ်ခြံမြေဈေးတွေ မြင့်လွန်းလို့ Foreign Investment တွေ မဝင်နိုင် ဖြစ်နေတာ ။

  • Foreign Resident

    June 11, 2013 at 4:34 am

    တစ်ခုကျန်ခဲ့လို့ပါ ။

    မြန်မာ ဘဏ်တိုးနှုန်း ဟာ မြန်မာ ကျပ်ငွေ တန်ဖိုးနှင့်လဲ တိုက်ရိုက် အချိုးကျလေ့ရှိပါတယ် ။
    ဘဏ်တိုးနှုန်း ကျရင် မြန်မာ ကျပ်ငွေတန်ဖိုးလဲ လိုက်ကျနိုင်ပါတယ် ။

    အဘ တို့ ဩဇီက ၊ ဟိုး အရင် ဘဏ်တိုးနှုန်း ၆ % ဖြစ်တုန်းက ၊
    ဩဇီ ဒေါ်လာတွေ တန်ဖိုး အရမ်းတက်လာပြီး ၊ ဩဇီ အစိုးရ မျက်လုံးပြူး လျှာထွက်လာလို့ ၊
    ဩဇီ ဒေါ်လာတွေ တန်ဖိုး ပြန်ကျသွားအောင် ၊ အစိုးရက ဘဏ်တိုးနှုန်းကို ၄ % ကိုပြန်ချလိုက်တာပါ ။

    အဲဒီတော့ ၊ အဘ အထင် ၊
    ဘဏ်တိုးနှုန်း ချရင် ၊ မြန်မာ ကျပ်ငွေတန်ဖိုးလဲ ကျမယ် ၊ ဒေါ်လာဈေးတက်မယ် ။

    • kai

      June 11, 2013 at 5:23 am

      အခုစက်ရုံဖွင့်ရောင်းတဲ့.. ကိုကာကိုလာက.. ကျပ်နဲ့ရောင်းတာမို့.. ကျပ်တွေဒေါ်လာပြောင်းပြီး.. ပြန်သယ်ထုတ်မယ်..

      အကြီးအကျယ်ဝင်တော့မယ့်.. ရင်းနှီးမြုတ်နှံမှုတွေက.. ဒေါ်လာမို့.. လုပ်အားခတွေကုန်ကျစရိပ်တွေ ကျပ်နဲ့ပေးရမှာမို့.. ကျပ်တွေဝယ်ရမယ်..

      အင်အားတောင့်လာတဲ့.. မြန်မာပြည်အရှေ့မြောက်ပိုင်းဒေသစီးပွားရေးတွေက..စိုက်ပျိုးရေးကနေ.. ဒေါ်လာတွေထွက်သမို့.. ကျပ်တွေလိုလိမ့်မယ်..။

      ဖွက်ထား/ခိုးထားတဲ့ပိုက်ဆံတွေ.. နို်င်ငံတကာဘဏ်တွေမှာ.. ဒေါ်လာငွေနဲ့ပြန်အပ်လို့ရပြီမို့.. ဒေါ်လာတွေလိုလိမ့်..မယ်..
      .. မယ်…
      …မယ်…
      စာရင်းဇယား… ကိန်းဂဏန်းလက်ကိုင်မရှိတာမို့.. မပြောရဲသေးကြောင်း…။ :kwi:

  • Ma Ma

    June 11, 2013 at 9:02 am

    ဘဏ်တိုးနှုံးချတယ်ဆိုတာ တနည်းအားဖြင့် အတိုးနဲ့ ထိုင်စားနေမယ့်အစား လုပ်ငန်းတွေထဲကို ငွေတွေ စီးဝင်လာစေဖို့ တွန်းအားပေးနည်းတမျိုးလို့ ထင်ပါတယ်။
    ငွေပင်ငွေရင်းတွေကို အိပ်ပျော်ရာကနေ နိုးထလာစေနိုင်တာမို့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတော့များ ဖွံ့ဖြိုးလာနိုင်မလားလို့ မျှော်လင့်မိပါတယ်။

    ကိုယ်တိုင်ကတော့ ဘဏ်က ငွေချေးယူထားတာမို့ အတိုးနှုံးချတာကို ဝမ်းသာအယ်လဲ ကြိုဆိုပါတယ်။ :harr:

  • ဦးကြောင်ကြီး

    June 11, 2013 at 9:52 am

    ယူအက်စ်မှာ ငွေစုအတိုးနှုန်း ၁%ပဲ ရှိတယ်နဲ့တူတယ်.. ၂၀၀ရ စီးပွားပျက်ကပ် အပြီးမှာ လျှော့လိုက်တာ ပျံကို မတက်တော့ဘူး.. တိုးတက်တဲ့ နိုင်ငံတွေမှာ အခြေခိုင်နေတဲ့ ဘဏ္ဍာရေး ဈေးကွက်ရှိတော့ လူတွေက ဘဏ်အပ်မည့်အစား နှစ်ပဲတပြား အတိုးနှုန်း မျှော်မည့်အစား ဈေးကွက်ထဲ ဝင်မြှုပ်နှံကြတာပေါ့နော်.. ဒါနဲ့ပဲ ယိုင်တိယိုင်တဲ့နဲ့ ရှယ်ယာဈေးတွေ တရိပ်ရိပ်တက် ဘယ်နေ့ ဗောင်းဆို ပေါက်ထွက်အုံးမလဲ မသိ….။ မြန်မာပြည်မှာကြတော့ အဲလို အနေအထား မရှိသေးဘူး.. ရှိလာလဲ ယုံကြည်စရာ မရှိသေး.. အတိုးနှုန်းမြင့်နေပြန်တော့လည်း ငွေချေးဖို့မလွယ်.. ချေးပြန်တော့ ငွေတိုးကာမိအောင် ဈေးတင်ရောင်းရ… အမှန်တကယ် အတိုးနှုန်းချမယ်ဆိုရင် အသေးနဲ့အလတ်စား ဒေသခံ လုပ်ငန်းရှင်လေးတွေ အကျိုးဖြစ်အောင် စဉ်းစားတာဖြစ်သင့်တယ်… နို့မို့ရင် အကောင်ဂျီးတွေကပဲ သက်သက်သာသာ ငွေချေးယူပြီး တဆင့်ခံ ငွေတိုးပျံချ စားဂျအုံးမယ်.. ဒါဆို မိအေး နှစ်ခါနာ… ဘဏ်တိုးမှီစားနေတဲ့ သာမာန်လူထုလည်း မရ၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလည်း တက်မလာ.. ခရိုနီတွေပဲ ကြီးပွားလိမ့်မယ်…။

  • ဦးဦးပါလေရာ

    June 11, 2013 at 11:01 am

    ဝင်ရောက်ဆွေးနွေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်ဗျာ…
    ဒီပိုစ့်မျိုးက တဦးချင်းကိုပြန်လှန်ဆွေးနွေးတဲ့ပုံမျိုးနဲ့မလိုက်ဖက်ပဲ တစ်ယောက်တစ်မျိုး ဝင်ပြောကြတဲ့ပုံစံမျိုးကပိုကောင်းတာမို့ တဦးချင်းကွန်မင့်တွေကို ပြန်လည်ဆွေးနွေးတာမျိုးမလုပ်တော့ပဲ ပိုစ့်ရေးသူလဲ သူပြောချင်တာဝင်ပြောတာမျိုးပဲ လုပ်ပါရစေ…။

    အတိုးနှုံးနဲ့ ပတ်သက်ရင် –
    အကောင်းဆုံးကတော့ အခြားနိုင်ငံများ၊ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ခြားနားမှု့နည်းတာက ပိုကောင်းတယ်လို့ပဲ ထင်မိပါတယ်။
    ဒါပေမယ့်လဲ လတ်တလောရင်ဆိုင်ရတဲ့ အခြေအနေ အရပ်ရပ် ဆိုတာက ရှိပါသေးတယ်….
    လက်ငင်း ပေးထားချက်တွေကို စုံနိုင်သမျှစုံအောင် ထည့်တွက်နိုင်လေ အဖြေတစ်ခုဟာ အမှန်နဲ့ နီးစပ်လေဖြစ်ပါလိမ့်မယ်…။

    နောက်တစ်ချက်ကတော့ အတိုးနှုံးဟာ ငွေဖေါင်းပွမှု့ထက် အနည်းငယ်ပို သင့်ပါတယ်။
    အတိုးနှုံးက ငွေဖေါင်းပွမှု့ထက် သိသိသာသာလျော့သွားရင်တော့ အတိတ်တုန်းကလိုပဲ ဘဏ်တွေရှေ့မှာ လူတန်းကြီးတွေ မြင်ရသွားနိုင်ပါတယ်။
    ဒီတစ်ခါတော့ အဲဒီလူတန်းကြီးတွေက ငြိမ်ငြိမ်လေးတန်းစီတာမျိုးလဲ ဟုတ်ချင်မှ ဟုတ်တော့မှာနော….။

  • မင်းမင်း

    June 11, 2013 at 11:07 am

    ပညာတတ်ကြီးများဆောင်ရွက်သောကိစွ
    ဖြစ်ပါသောကြောင့်တမျိုးမျိုးတော့ထူးမည်
    ထင်ပါသည်။
    ဒီတခါတော့ခရိုနီကိုအပြုတ်နှံမည့် အစီအမံ
    လော။ခရီုနီ အပွကြံသောကိစွလော။
    ဘဏ်လက်ကျန်ငွေ NAIL.
    လာဟဲ့ရွှေ တပိသာ။

  • kyeemite

    June 11, 2013 at 11:41 am

    ဦးပါ ဆောင်းပါးလေးက စဉ်းစားစရာကောင်းပါတယ်… 🙄
    ဒါပေမဲ့…
    ဘဏ်တိုးနှုန်းကျသည်ဖြစ်စေ၊ ဘဏ်တိုးနှုန်းတက်သည်ဖြစ်စေ
    ကျုပ်လိုကောင်မှာတော့ ထုပ်စရာ၊ အပ်စရာမရှိပါဘူး ဦးပါရေ.. :harr:

  • မောင် ပေ

    June 11, 2013 at 1:26 pm

    သိရသလောက်တော့….။
    “ လုပ်ငန်းငယ်ပိုင်ရှင်များ (အက်စ် အမ် အီး လို ့ဆိုချင်ဆို) ” သည်
    “ ပိုက်ဆံရှိသူများ ” ( ခရိုနီ တွေ လိုတော့ မဟုတ် ၊ ဒါပေသည့် ရပ်ကွက်ထဲမှာ မြို ့ထဲမှာ “ ဘောစိ ” လို ့သတ်မှတ် ခံထားရသူတွေ ) ထံမှ
    အတိုးနှုန်း ၃ကျပ်ခန် ့ဖြင့် ၊ အာမခံ အပေါင်ပေးပြီး ငွေချေးငှား ကာ လုပ်ကိုင်နေကြသည် ။
    “ ပိုက်ဆံရှိသူများ ” သည် မည်သည့်က ရသည့် ပိုက်ဆံဖြင့် ချေးပေးလဲ ဆိုတော့က ၊ ဘဏ်ထဲ ထည့်ထားတဲ့ ငွေပေါင်းများစွာမှ အတိုးအဖြစ်ရသော ၁၀% ထဲမှ ချေးပေးနေခြင်း ဖြစ်သည် ။

    • padonmar

      June 11, 2013 at 10:39 pm

      မောင်ပေလွဲနေပြီလားလို့။
      အပြင်မှာ ချေးနေကြတဲ့ ၃% တွေက တစ်လပေါ်မှာတွက်ကြတာ။
      ဘဏ်က စုငွေပေါ်ပေးတဲ့ ၁၀%က တစ်နှစ်ပေါ် အခြေခံတာ။
      အခုလက်ရှိ တစ်နှစ်ကို ၈% ဆိုရင် တစ်လကို .6666% ပဲရှိတယ်လေ။
      အဲဒါ ဘဏ်မှာစုထားတဲ့ငွေပေါ် ရတဲ့ အတိုးထဲက အပြင်မှာ ချေးပေးရင် အဲဒီ ဘောစိတွေ ငိုသွားမှာပေါ့။

      နေ့ပြန်တိုးပေးကြတဲ့ ၂၀%ကတော့ ငွေ၁၀ဝ မှာ ၂ဝ ချန်ပြီး ထုတ်ချေးကတည်းက ၈ဝ ပဲပေးလိုက်ကြတာ။

  • ရွှေတိုက်စိုး

    June 11, 2013 at 1:27 pm

    ဟင် ဟိုနေ.ကမှာ MPU ကဒ်လုပ်ဖို. saving account သွားလုပ်ထားတာ… အော်
    ဦးပါပြောလို. စိုးရိမ်သွားပြီး သိမ်းထားတဲ့ တစ်ထောင် သွားထုတ်လိုက်အုံးမယ်……….

    ငွေးကြေးကိစ္စ ကလေးနဲ. မဆိုင်လို. ဘာမှ ဝင်မပြောတော့ဘူး ကလေးနေရာကလေးနေတော့မယ်…
    ဒေါ်လှအပြား ဖုတ်လိုက်ဖုတ်လိုက်နဲ. လခစားဘွ က တယ်……..တောက်စ်စ်စ်စ် (စီဒီ တူ အာဂ)
    မပြောချင်ဘူူး မပြောချင်ဘူး………..ပြောာာာာာာာာာကို မပြောချင်ဘူး…….

  • uncle gyi

    June 11, 2013 at 10:27 pm

    မျက်စိကြီး နားကြီးသူကြီးနဲ့ဘဖောဝင်လာမှပဲ
    အခြေအနေတွေနဲနဲမှန်းမိတယ်
    ဘဖောတို့ သူကြီးတို့
    အလိုအရ အဒေါ်ကိုအိမ်ပေါ်ခေါ်တင်ထားတာမမှားလောက်ဖူးလားလို့

  • Novy

    June 13, 2013 at 10:55 am

    ဒီသတင်းအမှန်လုပ်မယ်ဆိုရင်တော့ ဘဏ်တိုးလေးနဲ့စားနေတဲ့
    သက်ကြီးပင်စင်စားတွေအတွက်စိတ်မကောင်းစရာပါ
    သူတို့မှာ ဘာမှမလုပ်နိုင်တော့ ဒီအတိုးလေးနဲ့ လှူလိုက်စားလိုက်လုပ်နေရတာ

    နိုဗွီ ကတော့ဒီလိုသူတို့ အတိုးလျော့တိုင်းရင်မတုံရအောင်း
    တစ်သက်လုံးပျော်မဲ့စိုက်ပျိုးရေးဘက်ကိုလှဲလိုက်ပါကြောင့်
    အတိုးလျော့ပေးလို့ကတော့ ဘဏ်ကနေကိုချေးလိုက်အုံးမယ် :harr:

Leave a Reply