Dyspareunia ဆက်ဆံချိန်မှာ နာကျင်တာ

khunmyomyatJuly 29, 20101min921

ဒေါက်တာရှင့်

မိန်းကလေးကိစ္စနဲ ့ပတ်သက်ပြီး မေးချင်တာလေးတွေရှိလို ့ မေးလ် နဲ ့ဆက်သွယ်ခြင်း ဖြစ်ပါတယ်။ ဆေးခန်းသွားပြဖို့လဲ ဘယ်လိုပြောပြီး သွားရမှန်းမသိလို ့ဆရာနဲ ့တိုင်ပင်ပါရစေ။ မိန်းကလေး တယောက်မှာ အဖြူဆင်းတာနဲ ့အနီဆင်းတယ်လို ့ ရှိတာ သိပါတယ်ဆရာ။ ကျမမှာ ဖြစ်နေတာက အဖြူဆင်းတဲ့အခါ ညိုညစ်ညစ်အရောင်တွေ ဆင်းပါတယ်။ အဲဒါ ပုံမှန် ဟုတ်ပါသလား ဆရာ။ ပြီးကျမမှာ အိမ်ထောင်ရှိပါတယ်။ ယောကျားနဲ ့နေတဲ ့အချိန်တော်တော်များများမှာ သားအိမ် နာတတ်ပါတယ်။ သားအိမ် တခုခု ပုံမှန် မဟုတ်လို ့ နာတာများလားလို ့သံသယ ဖြစ်နေပါတယ်။ သားအိမ် သန် ့အောင် လုပ်ဖို ့ ဆရာဝန်နဲ ့ပြဖို ့ လိုပါသလား။ အန္တရာယ်ရှိလာမှာ စိုးလို ့ပါ။ ကျေးဇူပြုပြီး ညွန်ကြားပေးပါဆရာ။

မေးခွန်းမှာ နှစ်ပိုင်းပါပေမဲ့ နှစ်ခုက ဆက်စပ်နေပါတယ်။ အမျိုးသမီးများ ဆက်ဆံချိန်မှာ ထူးပြီး နာကျင်တာကို Dyspareunia ခေါ်တယ်။ ထူးပြီး နာတယ်လို့ ပြောရတာက ပဌမဆုံး အကြိမ် ဆက်ဆံရင် နာကျင်မှုခံစားရတာမျိုးက ရောဂါမဟုတ်ပါ။ ကိုယ်ခန္ဓာ အရွယ်အစား မတူသူတွေ ဆက်ဆံတဲ့အခါ၊ အထူး သတိမပြုရင် နာတတ်တယ်။ အရင်က မနာဘူးပေမဲ့ အခုမှ နာလာတာက ထူးလာတာမျိုး ဖြစ်တယ်။

မေးခွန်းမှာ ပါသလိုမျိုးဖြစ်တာကတော့ အခြေခံ ရောဂါတခုခုကြောင့် ဖြစ်လာရတဲ့ လက္ခဏာတခုသာ ဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ မွေးလမ်းကြောင်းတနေရာမှာ ပိုးတမျိုးမျိုးဝင်နေတာကြောင့် အဖြူ (ညိုညစ်ညစ်) ဆင်းတာဖြစ်ပြီး၊ နာကျင်တာကပါ ဆက်ဖြစ်လာစေတယ်။

ပိုးဝင်တာကို Infection ခေါ်တယ်။ ပိုးတွေက အမျိုးမျိုး။ Candidiasis, Chlamydia, Trichomonous တွေဖြစ်တယ်။ အဖြူဆင်းတာလို့ သာမန်ခေါ်ကြပေမဲ့ အရောင်က အမျိုးမျိုးရှိတယ်။ အဖြူ၊ မီးခိုးရောင်၊ အဝါ၊ အစိမ်း၊ အနီ၊ ညိုတယ်ဆိုရင် သွေးနဲ့ရောနေလို့ ဖြစ်တတ်တယ်။ ဆင်းတာသာမက ယားတာနဲ့ပါ တွဲတတ်တယ်။ နံတာလည်း ရှိတတ်တယ်။ ဖြစ်စေတဲ့ ပိုးအမျိုးအစားအပေါ် မူတည်တယ်။ အပြစ်-အကျဲလည်း မတူဘူး။ နောက်ဆက်တွဲ Pelvic inflammatory disease တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်လာစေတတ်တယ်။ ဒီအဆင့်မှာလည်း နာတယ်။

ဆေးကုတာလည်း မခက်လှပါ။ Leucorrhoea, Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း၊ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁၅) မှာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးတဲ့နေ့မှာဘဲ လူနာတယောက် လာပြတယ်။ ဗမာပြည်က ထွက်လာတာ မကြာသေးဘူး။ အိမ်ထောင်ကျတာ ၅ နှစ်၊ ကလေးမရှိ၊ အဖြူဆင်း၊ သားအိမ်နာ။ မေးကြည့်တော့မှ အိမ်ထောင်နဲ့ နေရင်လည်း နာတယ်။ မွေးလမ်းကို စမ်းတော့ ဆီးစပ်နေရာ နှစ်ဖက်မှာ နာတယ်။ သူ့မှာ မွေးလမ်းအင်္ဂါတွေ ရောင်တာ ကြာနေလို့ သားအိမ်ပြွန် ကျဉ်း-ပိတ်တာကြောင့် ကလေးမရနိုင်တာပါ ဖြစ်လာစေတယ်။

ပိုးဝင်တာလို ရုပ်ပိုင်း အခြေအနေကြောင့် သာမက စိတ်ပိုင်းကြောင့်ပါ ဖြစ်နိုင်တယ်။ အဓမ္မပြုကျင့် ခံရတာ၊ ခံရဘူးတာ၊ အဖေါ်ကို စိတ်ဆိုးနေတာ၊ ဒီလို ဆက်ဆံလိုက်ရင် နောက်ဆက်တွဲ ဖြစ်လာမှာကို သောကရောက်နေတာ။

Vaginismus ဆိုတဲ့ (ဗဂျိုင်းနား) ဘေးက ကြွက်သားတွေ စိတ်အလိုမပါဘဲ၊ လှုတ်ရှားလို့ကြောင့် နာတာမျိုးလဲ ရှိသေးတယ်။ ပုံမှန်ထွက်လာရမဲ့ စိုစွပ်စေတဲ့အရည် Vaginal lubrication နည်းရင်လည်း နာစေတယ်။ ဒါမျိုးက သွေးဆုံးသူတွေမှာ ဖြစ်တယ်။ ငယ်သူတွေမှာတော့ စိတ်မပါဘဲ ဆက်ဆံလို့ အရည်ထွက်နည်းပြီး နာတာ။ စုံအောင် ပြောရရင် ဆိုင်ရာနေရာမှာ ထိခိုက် ဒဏ်ရာ ရနေလို့လည်း နာနိုင်တာဘဲ။ ဆိုပါစို့ Episiotomy မွေးလမ်းကြောင်းချဲ့ မွေးဖွါးအပြီး။

မွေးလမ်း မဟုတ်ဘဲ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ STD လိင်ကနေ ကူးစက်တဲ့ရောဂါတွေကြောင့်ပါ နာတတ်သေးတယ်။ ပဋိဇီဝဆေးနဲ့ ကုရတယ်။ တခြား အဖြစ်နည်းတာတွေက Ovarian Cyst မျိုးဥအိမ်အလုံး၊ Endometriosis ဆိုတဲ့ သားအိမ် အတွင်းလွှာက (ဆဲလ်) မျိုးတွေက တခြား နေရာတွေမှာ ရောက်နေတဲ့ရောဂါ။ Cancer ကင်ဆာ၊ Xerosis သွေးဆုံးပြီး မွေးလမ်းကျဉ်း ရောဂါ၊ သားအိမ်ထဲ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်တာ၊ တင်ပါးဆုံတွင်း သွေးပြန်ကြောထုံးတာ။ နောက်ပြီး Condom (ကွန်ဒွန်)၊ အမျိုးသမီးသုံး Diaphragm (ဒိုင်ယာဖရမ်)၊ Spermicide သုတ်ပိုးသေဆေးကို မတည့်တာ ကြောင့်လည်း ဖြစ်နိုင်သေးတယ်။

မွေးရာပါ (ဗဂျိုင်းနာ) မှာ ထူးနေသူတွေလည်း ရှိတတ်တယ်။ Vaginal septum ခေါ်တဲ့ မွေးလမ်းက အကန့် ပါနေလို့ Double vagina နှစ်ခန်း ဖြစ်နေတာ။ အပျိုမြှေးမှာပါ ပြဿနာ ရှိနေတတ်တယ်။ Imperforate hymen လုံးဝ ပိတ်နေတာ၊ Microperforate hymen ပိတ်သလောက် ဖြစ်နေတာ၊ Rigid hymen တင်းတောင့်နေတဲ့ အပျိုမြှေး၊ Septate hymen တနေရာမှာ ထူနေလို့ နှစ်ခွလို ဖြစ်နေတာ။ ဒီလိုအမျိုးသမီးများမှာ ဆက်ဆံတဲ့အခါ နာမယ်။ ခွဲစိတ်ပြုပြင်ရင် ကောင်းသွားတယ်။

Vulvar vestibulitis ဆိုတဲ့ ရှားရှားပါပါးရောဂါတခု ရှိသေးတယ်။ အင်္ဂါအဝ နေရာမှာရှိတဲ့ အာရုံကြောတွေက ထူပြီး နာတာကို မခံနိုင်ဖြစ်နေတာ။ နဲနဲထိတာနဲ့ နာတယ်။ ဒီလိုအမျိုးသမီးတွေမှာ တခြားနေရာတွေ နာနေတာ ရှိတတ်တယ်။ ဒီလိုလူနာကို ကုသရတာလည်း လက်ဝင်တယ်။ အနာ-အရောင် သက်သာစေတဲ့ လိမ်းဆေး၊ စားဆေးတွေနဲ့ မရရင် စိတ်ကိုပြုပြင်ဆေး Antidepressants နဲ့ Anticonvulsants တက်တာ သက်သာဆေးတွေကိုပါ နည်းနည်းစီ ပေးရတယ်။

နာတာက အဝင်ဝ၊ အထဲနဲ့ ဟိုထိပ်မှာ ဆိုတဲ့နေရာ နာတာ မတူတတ်ဘူး။ အတွင်းပိုင်းထိပ်မှာ နာတာမျိုးက သားအိမ်၊ သားအိမ်ဝ၊ သားအိမ်ပြွန် ရောင်တာကြောင့် ဖြစ်တတ်တယ်။ နာတာကလည်း နဲနဲ နဲ့ များများ မတူကြဘူး။ နာလာလို့ ဆက်ဆံနေရင်း စိတ်အာရုံ ပြောင်းသွားစေတယ်။ မေးလာသူလိုဘဲ စိုးရိမ်စိတ် ဝင်လာမယ်။ မစိုးရိမ်ပါနဲ့။

အပေါ်ယံနေရာ နာတာမျိုးနဲ့ သွေးဆုံးသူတွေအတွက် Water-based lubricants (KY Jelley) ချောဆီ သုံးနိုင်တယ်။ ထုံဆေးကိုလည်း သုံးနိုင်တယ်။ Xylocaine, Lignocaine ထိုးဆေး၊ ညှစ်ဘူး၊ ပန်းဆေးဆိုပြီး လာတယ်။ အသင့်ဆုံးက Xylocaine 2%, 5% (ဂျယ်လီ) ဖြစ်ပါတယ်။ ၅ မိနစ်နေရင် ထုံလာပါမယ်။ မိနစ် ၃ဝ လောက်ခံတယ်။

အတွင်းဘက်နေရာက နာတာဆိုရင် ဆက်ဆံတဲ့ အနေအထားပြောင်းတာက ယေဘူယျသဘော အထောက်အကူပြုမယ်။ ဖြစ်စေတဲ့ အကြောင်းရင်းကိုလည်း ကုသရမှာပါ။ ဥပမာ Infections ရှိရင် Antibiotics, Antifungal drugs ပဋိဇီဝဆေးတွေ ပေးရမယ်။ သွေးဆုံးချိန်ဖြစ်သူတွေကို Estrogen cream ထည့်စေရတယ်။ Cysts or abscesses အနာ၊ အလုံးရှိရင်၊ Congenital abnormality မွေးရာပါချို့ယွင်းချက် ရှိနေရင်၊ ခွဲစိတ်ပြုပြင် ပေးရမယ်။ Prolapse of the uterus သားအိမ်ကျ နေရင် Pessary ထည့်တာနဲ့ ခွဲစိတ်တာလုပ်ရမယ်။

လေ့ကျင့်ခန်းတွေ Pelvic muscle relaxation exercises, yoga, general relaxation exercises တွေနဲ့ပါ ကူပေးနိုင်တယ်။ တချို့အမျိုးသမီးများက Psychotherapy and sex therapy စိတ်ပိုင်းကုသတာ လိုချင်လိုမယ်။

Dr.တင့်ဆွေ ပြောကြားချက်အား ကူးယူတင်ပြအပ်ပါသည်။

One comment

  • PMP

    July 29, 2011 at 10:13 am

    ဆရာဝန်ကို မေးရမှာရှက်တာရယ်..အဆင်မပြေတာရယ်ကြောင့် သိချင်ပေမယ့် သိခွင့်မရနေတာကို ခုလို ဖတ်ခွင့်၊သိခွင့်ရလိုက်တာ ကျေးဇူးတင်လိုက်တာရှင်..

Leave a Reply