မန်းလေးဂေဇက် အလှူတော် ခရီးစဉ်..(၁)..

kotun winlattJune 13, 20131min1908

1

မန်းလေးဂေဇက်မှ လှူဒါန်းသော  ပစ္စည်းများ မန်းလေးမှ မော်လူးသို့ ရောက်ရှိလာစဉ်….

2

ရွာတံဆိပ်လေးကို ကျနော်မှ ဒီလိုခေတ်နှိပ်ပေးလိုက်ပါတယ်…..

4

တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ ကျနော့်၏ One Candle စေတနာရှင်လူငယ် အဖွဲ့ဝင်များ

6

ဆရာမသို့ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်….

 

 

”ရွာသူ ရွာသားအားလုံး မင်္ဂလာပါညယ်” လို့ နှုတ်ဆက်ပါရစေ…. အလှူခံဖလားကြီး ပိုက်ပြီးကတည်းက ပျောက်ချက်သား ကောင်းနေခဲ့တဲ့ ကျနော် အလှည့်ကျ မနွဲ့ကျစတမ်းဆိုသလို ကိုယ့်အလှည့်ရောက်လာပြီမို့

စိတ်ကူးတည့်ရာ အကုန်ရေးပါတော့မယ်… သံခီးးးသီးခံပြီးတော့သာ ဖတ်ကြပေရော….။

myanmargazette.net က အားတက်သရော ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ဝယ်ယူပြီး မန္တလေးက လေးပေါက် တာဝန်ယူပေးပို့လိုက်တဲ့ စာရေးကိရိယာတွေ ကျနော့်ဆီကို 5.6.2013 ရက်နေ့က ရောက်ရှိလာတာမို့

ခရီးစဉ်တွေကို ကျနော်ရဲ့ ဝိုင်းတော်သားတွေနဲ့ တိုင်ပင်ပြီး စထွက်မဲ့ရက်ကို ရွေးချယ်ကြတော့ 7.6.2013 ရက် သောကြာနေ့မှာ ဖားပန်အေးချမ်းကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေးကနေ

အစပျိုးကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရလေရဲ့…

ပစ္စည်းတွေ ရောက်ရှိကြောင်း လေးပေါက်ဆီ သတင်းပို့တော့ အမှာတော်ပါးပုံက ”ကျနော့်တာဝန်ကျေပြီ… ကိုလတ်အပိုင်းပဲကျန်တော့တယ်”ဆိုပဲ… ပြီးတော့ မန္တလေးကနေ မော်လူး ပစ္စည်း မီးရထားတန်ဆာခကို

မန္တလေးက လှည်းခေါင်း ဒေါ်မဲရင် လှူပါရစေဆိုပြီး လှူလိုက်တယ်ဆိုလို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်… မီးရထားတန်ဆာခက ပီနန်အိတ်ကြီး (၉)အိတ်နဲ့ တစ်ပိုင်းရယ်၊ စက္ကူဂျပ်ဖာ သုံးဖာရယ်ဆိုတော့ အနည်းဆုံး

တစ်သောင်းကျပ်လောက် ကုန်ကျမယ် ထင်ရဲ့.. ကျေးဇူးပါ…အံတီ ဒေါ်မဲရင်ရေ… မော်လူးရောက်လာတော့ မီးရထားပေါ်ကနေ ဘူတာထဲကို ပစ္စည်းချခက နှစ်ထောင်ကျပ်နဲ့ ဘူတာကနေ ကျနော့်အိမ်ကို

ပို့ခက လေးထောင်ကျပ် ရှင်းလိုက်ရတယ်ခင်ဗျ.. ပြီးတော့ ဗလာစာအုပ်တွေကို မန်းလေးဂေဇက် တံဆိပ်လေးနဲ့ ထုတ်ရင် မကောင်းဘူးလားလို့ လေးပေါက်ကို တိုင်ပင်တော့ အချိန်စောင့်ရမှာမို့ ဒီအတိုင်းလေးပဲ

ဝယ်ပို့ခဲ့ပေမယ့်…မကျေနပ်နိုင်တဲ့ ကျနော်က ဘယ်သူတွေလှူတာလဲ ဆိုတာသိအောင်ရယ် မန်းလေးဂေဇက်ဆိုတာ ဘာလဲဆိုတာ သိအောင်ရယ် အစ်ကိုတော် တစ်ယောက်ဆီမှာ မန်းလေးဂေဇက်တံဆိပ်လေးနဲ့

မန်းလေးဂေဇက်မှ လှူဒါန်းသည်ဆိုပြီး စာရွက်ရေ သုံးရာကို မိတ္တူပွားလိုက်ပြီး စာအုပ်တစ်ဒါဇင်ထုပ်တွေမှာ ကပ်လိုက်ပါတယ်… (သူကြီး ဦးခိုင်ရေ… သူကြီးရဲ့ သတင်းစာကို ကျနော့်မွေးရပ်မြေမှာ ကြော်ငြာပေးတဲ့

အတွက် နောက်တစ်ခါ အလှူခံရင် အလှူငွေ များများထည့်စေချင်ကြောင်းပါ…)

9

 

ဖားပန်အေးချမ်းကျေးရွာဆိုတာတော့ ရွှေဘို – မြစ်ကြီးနား မော်တော်ကားလမ်းမကြီးရဲ့ဘေး မော်လူးနဲ့ ပင်ဝဲရွာ နှစ်ရွာ ကြားမှာတည်ရှိတဲ့ အိမ်ခြေ သုံးဆယ်ကျော်မျှသာရှိလေတဲ့ ရွာလေးပါ… ဟိုးအရင်ကတော့

မန္တလေး – မြစ်ကြီးနား မီးရထားလမ်းဘေးမှာ ရှိတဲ့ ရွာလေး… မငြိမ်းမချမ်းးကာလမှာ မီးရထားလမ်း မိုင်းတဝုန်းဝုန်းကွဲတော့ ပြောင်းရမယ်ဆိုလို့ ရထားလမ်းဘေးကနေ ကားလမ်းဘေးကို ရောက်လာတဲ့ ရွာလေးပါ…

အိမ်ခြေသုံးဆယ်သာရှိပေမယ့် ဒီမူလတန်းကျောင်းလေးမှာ ကျောင်းသား/သူ ငါးဆယ်ဦးနီးပါ ရှိလေရဲ့.. ကျနော်ညီငယ်တစ်ယောက်က အံဩမိတယ်ဆိုပဲ… အိမ်ခြေက သုံးဆယ် ကလေးက

ငါးဆယ်လောက်ရှိတယ်ဆိုတော့ကာ..ဒီလူတွေ အလုပ်မရှိကြဘူးထင်တယ်ဆိုပြီး ခပ်ပြုံးးပြုံးလေးပြောတော့ ဘေးက ညီငယ်တစ်ယောက်က အလုပ်မရှိတော့ ရှိတဲ့ အလုပ်လေးကို ကြိုးကြိုးစားစား

လုပ်ကြပုံပဲဗျ..ဆိုပဲ…။ ဒီရွာလေးက ကျနော်တို့ မော်လူးကနေ ၃ မိုင်ခန့်ကွာဝေးပါတယ်…။

မော်လူးကနေ ကားလမ်းမကြီးအတိုင်း သွားရတာမို့ မဆိုးလှပါဘူးးး မော်တော်ကားလမ်းဆိုပေမယ့် အရင်ကတော့ ကတ္တရာလမ်းပေါ့….အခုတော့ လှတောသားစကားနဲ့ဆို ကျောက်ခဲစားသွား

အရည်ပျော်မယ့်လမ်းပါ..ဆိုင်ကယ်လမ်းတော့ မဆိုးပါဘူးးလေ….။

7.6.2013 သောကြာနေ့မှာတော့ ညကတည်းကရွာတဲ့ မိုးဟာ မနက်ပိုင်းအထိ မတိတ်နိုင်အောင် တစိပ်စိပ်ရွာသွန်းနေလေရဲ့… ကျနော်တို့ဆီမှာက မိုးတစ်ခါရွာရင် အနည်းဆုံး သုံးရက်ကနေ

တပတ်လောက်ကြာတတ်သဗျ…နံနက် ရ နာရီထိုးတဲ့ အထိ မိုးကတဖွဲဖွဲ ရွာနေဆဲမို့ ကျနော့်မှာ ခရီးစဉ်ကို ဖျက်ရမလို ဖြစ်နေတာပေါ့… လိုက်ပါကြမဲ့ ကျနော့်ဝိုင်းတော်သားလေးတွေကို

မိုးရွာနေတော့ မော်တော်ဆိုင်ကယ် မစီးစေချင်လို့ သုံးဘီးမော်တော်ဆိုင်ကယ်နဲ့ သွားဖို့ ဆုံးဖြတ်လိုက်ရပါတယ်… ဒီနှစ်မှာတော့ ကျနော့်အဖွဲ့မှာ လူငယ် လူသစ်လေးတွေ ပရဟိတဆိုတဲ့ အလုပ်ကို စိတ်ပါလာအောင်

ကျနော်ဖွင့်လှစ်ထားတဲ့ ကွန်ပျူတာ သင်တန်းမှာ လာတက်နေကြတဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်စာရင်းကို စောင့်မျှော်နေလေသော..သင်တန်းသား သင်တန်းသူတွေကို လိုက်ခဲ့ကြဖို့ စည်းရုံးရတာပေါ့…..။

သူတို့လေးတွေကလည်း စိတ်ပါဝင်စားပြီး အားတက်သရော လိုက်ပါကြမယ်ဆိုတော့ အတိုင်းမသိဝမ်းသာရတာပေါ့.. အရင်နှစ်တွေကတော့ One Candle စေတနာရှင်လူငယ်များ အဖွဲ့ဆိုပေမယ့် တကယ်တမ်းက

အသက်ကြီးသူတွေရော လိုက်ပါနေတော့ အများအမြင်မှာ လူငယ်အဖွဲ့လည်းဆိုသေး လူကြီးတွေချည်းပါပဲလားဆိုတော့..ကျနော် ဘာပြန်ပြောလို့ ပြောရမည်မသိ…နောက်တစ်ခုက မွေးရပ်မြေက လူငယ်တွေ

ပရဟိတကို စိတ်ပါလာကြမယ်ဆိုရင် နေရာတော်တော်များများတိုးတက်လာနိုင်လိမ့်မယ်လို့ တွေးမိပါတယ်… အခုတော့ မွေးရပ်မြေက လူငယ်တော်တော်များများ လမ်းလွဲတွေရောက်နေကြတာ မြင်ရတော့

စိတ်မကောင်းရုံကလွဲပြီး….သက်ပြင်းတွေ အခါခါချပြီး….ဘယ်သူ့ကို အပြစ်တင်ရမလဲ..ခေတ်ကိုလား စနစ်ကိုလားးးကျနော်တို့ ဂေဇက်ရွာသူကြီးကတော့ စနစ်ကို

အပြစ်မတင်နဲ့လိုပြောမှာ သေချာပါတယ်….ဘယ်လိုလမ်းလွဲတွေရောက်နေလဲဆိုတာကို နောက်များမှ ကျနော်စာတစ်ပုဒ် သပ်သပ်ရေးပါဦးမယ်…နံနက်ရှစ်နာရီထိုးတော့ ကံကောင်းထောက်မစွာ မိုးကတိတ်သွားပြီး

အရပ်ရှစ်မျက်နှာလုံး တိမ်ပါးပါးမျှသာ ကျန်နေပါတယ်….။ဒါနဲ့ ကျနော်နဲ့ အစ်ကိုတော်တစ်ယောက် မော်လူးထဲကိုသွားပြီး လိုအပ်တဲ့ မြေဖြူ၊ သင်ပုန်းဖျက်၊ ဘောပင်(နီ)၊ မုန့်စတာတွေကို ဝယ်ယူပြီး ပြန်လာတော့

ကျနော့်အိမ်ရှေ့မှာ သုံးဘီးဆိုင်ကယ်ရောက်နေပါပြီ..။သုံးဘီးဆိုင်ကယ်ပေါ်ကို ပစ္စည်းတွေတင် သုံးဘီးဆရာကို မိုးရွာရင် ပစ္စည်းတွေ မစိုအောင် မိုးကာအုပ်ဖို့ပြောတော့ အဆင်သင့်ပါကြောင်း ပြန်ပြောလို့

စိတ်အေးသွားရတယ်….

ခရီးစဉ်ကို စထွက်တော့ နံနက်ရှစ်နာရီခွဲနေပါပြီ … ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မော်လူးထဲမှာ ဆိုင်ကယ် ဦးထုပ်မပါတဲ့လူတွေကို ယာဥင်္ထိန်းရဲက ဖမ်းနေပါတယ်…

ဒီအကြောင်းလေးကိုလည်း ရေးချင်သားဗျ….အဟဲ…. နောက်များမှပေါ့နော့……  ကော်နက်ရှင် အခက်အခဲကြောင့် နောက်တစ်ပိုင်း မကြာမှီလာမည်…..မျှော်…….။

8 comments

  • ဇဂါး လွတ်

    June 13, 2013 at 1:13 pm

    မြင်ရတာ ကြည်နူးစရာပဲမို့…..

    လုပ်အား/လူအား/ငွေအား အလှူရှင် တွေကို ရော
    အလှူကို ရော သာဓု ၃ ကြိမ်ခေါ်ဆိုလိုက်ပါ၏။ 🙂

  • Shwe Ei

    June 13, 2013 at 4:59 pm

    သာဓုပါဗျာ…ကျနော်တို့လဲ လစဉ်လှူနေကျသူတွေ ဆိုတော့..ဒီလို အလှူပစ္စည်း အများကြီးကို ခရီးဝေးသယ်ရတာ ဘယ်လောက် ပင်ပန်းမယ် အချိန်ကုန်မယ် မှန်းမိပါတယ်…(လေးပေါက်ရော ကိုထွန်းဝင်းလတ်ရောပေါ့)
    ကြိုးစားပမ်းစား အလှူခံတာရော အလှူဖြစ်မြောက်အောင် အချိန်ကုန် လူပန်းဖြစ်ရတာတွေရော…အကျိုးရှိပါတယ်လို့….
    မန်းဂဇက်အတွက်ပါ ကြော်ငြာဝင်လိုက်သေးတယ်ဆိုတော့….တကယ်ကို စိတ်ရှည်လက်ရှည် အသေးစိတ်လိုက်လုပ်နိုင်တာ ချိီးကျူးပါတယ်…
    နောက် အပိုင်းတွေ မျှော်နေပါ့မယ်ဗျာ

  • ကြည်ဆောင်း

    June 13, 2013 at 10:36 pm

    အလှုတစ်ခုပြီးဖို့အရေးငွေအလှုတင်မက လုပ်အားစေတနာရှင်တွေလဲ လိုတာဘဲနော် …ငွေဘဲလှုလှု လုပ်အားဘဲလှုလှု ဝမ်းသာပီတိဖြစ် ကြမှာကတော့ အားလုံးအတူတူနေမှာပါဘဲလေ ….

  • kotun winlatt

    June 13, 2013 at 10:43 pm

    ဟုတ်ကဲ့ပါ…
    ဇဂါးလွှတ်၊ ရွှေအိနဲ့ ကြည်ဆောင်းရေ…
    လာရောက်ဖတ်ရှု့ပြီး ကွန်မန့်လေးတွေ ရေးပေးတဲ့ အတွက် ကျေးဇူးပါ….
    ဘာပဲ စိုက်ထုတ်ထုတ် ကျနော်တို့ ခံစားရတဲ့ ဝမ်းသာပီတိကတော့ အားလုံး အတူတူဆိုတာ အမှန်ပါပဲဗျာ.. အလှူတစ်ခုပြီးမြောက်တိုင်း ခံစားရတဲ့ ဝမ်းသာပီတိကတော့ နောက်ထပ်နောက်ထပ် ကောင်းမှုကုသိုလ်လေးတွေကို ဆက်ပြီးလုပ်နိုင်ဖို့ရာ တွန်းအားပေးနေသလိုပါပဲ ခင်ဗျ…
    နောက်ထပ် အပိုင်း(၂)ကိုလည်း ကွန်နက်ရှင်ကောင်းနေချိန်လေးမှာ အမြန်တင်ထားပြီ ဆိုတဲ့ အကြောင်းလေး ပြောကြားရင်း ဒီတစ်ညအတွက်တော့ အားလုံးဂွတ်တစ်ညပါ..ခင်ဗျာ…. ပျော်ရွှင်ချမ်းမြေ့ကြပါစေ……
    (K.T.W.L)

  • uncle gyi

    June 13, 2013 at 11:00 pm

    လက်တွေ့လုပ်ရပါသောဝမ်းဖယောင်းတိုင်အဖွဲ့အား
    ချီးယား

  • ကထူးဆန်း

    June 14, 2013 at 10:25 am

    ဘစ်ကွန်ကရက်ကျူးလေးရှင်း နဲ့ ဘစ် ရှဲရှဲပါ ..ကိုထွန်းဝင်းလတ်ရေ.. :hee:

  • Ma Ma

    June 14, 2013 at 2:20 pm

    ကာယအား ဉာဏအားစိုက်ထုတ်ပြီး ကြိုးစားထားတာ သဲတစ်ပွင့်မကပေဘူး။ :hee:

  • may july

    June 14, 2013 at 3:32 pm

    လေးစားဂုဏ်ယူပါတယ်ဗျာ …

Leave a Reply