လွန်ခဲ့သောနှစ်နှစ်တာ ကာလဝန်းကျင်လောက်က ကိုရင်တစ်ယောက် ပေတစ်ခေါက်ခေါက်ဖြင့် သင်္ဘောပြန်တက်ရန် အကြောင်းဖန်လာပြန်သည်။ ယခုတစ်ခေါက်သင်္ဘောသည်ကား ဖား၊ ဗီယက်နမ်၊ အင်ဒို၊ မလိုင်တလွှား စုန်ဆန်သွားလာသော ကုန်တင် General Cargo အမျိုးအစားဖြစ်လေသည်။ ကိုရင်တို့ သင်္ဘောပေါ်တွင်လည်း ထုံးစံအတိုင်း ဖားနှင့် အ (အင်ဒို)များပြီး ရွှေ ၅ယောက် ကြီးတစ်ကြီး ပါဝင်လုပ်ကိုင် ကြလေသည်။ သင်္ဘောပေါ် ရောက်ရောက်ချင်းပဲ အားလုံးက ခင်ခင်မင်မင်နှင့် ကိုရင်နေဖို့ အခန်း (cabin) လိုက်ပြကြသည်။ သိပ်ကျယ်ဝန်းလှသော အခန်းမဟုတ်ပေမဲ့ နေဖို့ထိုင်ဖို့ အခန်းသန့်သဖြင့် စိတ်ကျေနပ်မိသည်။ စာချုပ် ၁ဝလတာအတွင်း ထိုအခန်းသည်ကား ကိုရင်အတွက် နားခိုရာ နားနေရာ အိမ်လေးဖြစ်လာတော့မည်။

အခန်းသို့ အထုပ်အပိုးဖြင့် လိုက်ပို့ပေးသော သင်္ဘောသားများက နေရာချထားပေးအပြီး မြန်မြန်ပြန်ထွက်သွားကြသည်။ စကားပင် ကိုရင်အား သေချာမပြောလှ အခန်းတစ်ဝိုက်သံသယ မျက်လုံးဖြင့်ကြည့်ရင်း ခပ်သုတ်သုတ်ထွက်သွားကြသည်။ ကိုရင်လည်း စစချင်း သိပ်မရင်းနှီးသေးလို့ အားနာလို့ ကြာကြာမနေပဲ ပြန်ထွက်သွားသည်ဟုသာ စိတ်ကထင်မိသည်။ အလုပ်စရက် တစ်ရက်နှစ်ရက်ပြီးတော့ ပင်ပန်းလွန်းတော့ ခေါင်းအချ တန်းအိပ်ပျော်သွားသည်။ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ အလုပ်ပင်ပန်းမှုဒဏ် လှိုင်းဒဏ်ကြောင့် ခဏလေးဖြင့် အိပ်ပျော်သွားသည်။ နောက်ရက်များမှသော ဖား (ဖိလစ်ပိုင်) များက ခင်ဗျား ကယ်ဗင်မှာနေရထိုင်ရတာ အဆင်ပြေလား။ ဘာအခက်အခဲတွေ့သေးလဲ မေးသဖြင့် အားလုံးအဆင်ပြေပါတယ်။ အေးဆေးပါဟု ဖြေလိုက်သည်။ သူတို့ကတော့ ကိုရင်အား အထူးအဆန်းကြည့်နေကြလေသည်။ ကိုရင့်အခန်းကို တခါတလေ ဘီယာလာသောက်ပါ အာလပသလာပပြောကြဖို့ ဖိတ်ခေါ်တာတောင် ကိုယ့်ဆရာရွှေများကလည်း အကြောင်းပြပြီး ငြင်းတတ်ကြလေသည်။

နောက်ရက်တွေတော့ အခန်းထဲနေသားကျနေပြီ ထူးဆန်သည်ကား ည၁ဝနာရီတိုင်းပုံမှန်ဆိုသလို ကိုရင်အခန်းတံခါးလာခေါက်နေခြင်းပင်။ ပထမပိုင်းတော့ တစ်ယောက်ယောက်များလာစတာလားဟု ထင်မိပြီး အခန်းတံခါးထဖွင့်လိုက်ရင်လည်း ဘယ်သူမှ လျှောက်လမ်းမှာမရှိ။ စိတ်ထဲမှာ မခြောက်မခြားပေမဲ့ ထူးဆန်းတော့ ၁ဝနာရီနားလောက် တံခါးခေါက်ကို တံခါးဝမှာ စောင့်ပြီး မိလို့ကတော့ စတဲ့ကောင် တွေ့မယ်ဆိုပြီး သံတုတ်တစ်ချောင်းကိုင်ပြီး ဘေးတွင်ရပ် စောင့်နေမိသည်။ ထုံးစံအတိုင်း ၁ဝနာရီဝန်ကျင်တံခါးလာခေါ်သည် အသံကြားသည်နှင့် ချက်ချင်းဖွင့်ကြည့်လိုက်သည်။ ဘယ်သူမှမတွေ့ရ … လျှောက်လမ်းတစ်လျှောက် ဘာအရိပ်အရောင်မှ မတွေ့ရ ကြက်သီးတော့တစ်ချက်ထမိသွားသည်။ သို့သော်လည်း ကိုရင်သည် နှလုံးသွေးအားနည်သူ၊ သွေးကြောင်သူတစ်ယောက် မဟုတ်တကား စိတ်ထဲ အားတင်းရင် ငါစိတ်ထင်နေလို့နေမှာပါဟု တွက်လိုက်သည်။ ဒီလိုနဲ့ မနက် အစောကြီး ဂျူတီ ပြန်ဝင်ဖို့ရှိသဖြင့် မီးပိတ်ပြီး မျက်လုံးမှိတ် သရဏဂုံတင်ပြီး အိပ်လိုက်ပေသည်။

ညတော်တော်နက်လေပြီ။ သင်္ဘောတစ်စီလုံး အမှောင်ချ တိတ်ဆိတ်လျက် Navigation Light များထွန်းထားပြီး ကျောက်ကွင်းထဲ ကျောက်ချထားလေသည်။ ရုတ်တရက် ကိုရင် တစ်ဖက်စောင်းငဲ့ရင်း နိုးထလာသည်။ မျက်လုံးကို အသာလေးမှေးပြီးအဖွင့်မှာ… အခန်းထဲတွင် အရိပ်တစ်ခု… ပစ္စည်းတစ်ခုခုရှာနေဟန် လှုပ်ရှားနေသည်။ ခြေသံက ရွှတ်ရွှတ်ဖြင့်… တစ်စုံတစ်ခုကို အပြင်းအထန်ရှာနေဟန်… ညအိပ်မီးကို လက်ကရုတ်တရက်ဖွင့်ပြီး ဖြေရှင်းဖို့ပြင်လိုက်သည်။ ဖတ်ခနဲဆိုသလို အရိပ်က အခန်းတံခါးနား ရွေ့ပြီး ပျောက်သွားသည်။ ကိုရင်တစ်ယောက် ဇောချွေးတော်တော်ပြန်သွားသည်။ အာရုံကြောင်ရအောင်လည်း အရက်၊ဘီယာသောက်စားထားခြင်းမရှိဘူး။ ပုံမှန်အတိုင်းဖြစ်သည်။ လူထွက်သွားရင်လည်း တံခါးတော့ သေချာပေါက်ဖွင့်ပြီး ထွက်ရမယ့်အတွက် တံခါးသံနဲ့ အပြင်က အလင်းရောင်တော့မြင်ရမည်။ ယခုကားထို့သို့မဟုတ် လက်က မီးခလုပ်ကို ရွယ်လိုက်သည်နှင့် ချက်ချင်းရွေ့ပြီး ပျောက်သွားသည်။ ရင်တဒိတ်ဒိတ်ခုန်ရင်း မျက်လုံးကို အားတင်းမှိတ်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး အိပ်လိုက်မိလေသည်။

နောက်တစ်ရက်မှာ ဘယ်သူမှ မပြောရဲ သင်္ဘောပေါ်ရောက်တာမကြာသေးသော ကိုရင်အား တိုင်းတစ်ပါးသားများက အလုပ်မလုပ်ချင်လို့ သွေးကြောင်လို့ တောင်ပြောမြောက်ပြောတွေ ပြောမည်ထင်မှာစိုးသည်။ ထိုသို့သော်အထင်မခံနိုင် သိက္ခာကျလေတော့မည်။ အခုတော့ ဘာကောင်မှန်းမသိ ဘာကောင်က လာနှောက်ယှက်နေသဖြင့် နေ့စဉ်ဆိုသလိုအိပ်ရေးပျက်လှပြီ။ ကိုရင်လည်း ၁ဝနာရီဝန်းကျင်တံခါးခေါက်တော့မည်ဆို အဲ့အချိန်နားရောက်လျင် ပါလာသော လက်တော့ပ်မှ သီချင်းသံကျယ်ကျယ်ဖွင့်ထားလေသည်။ ဘာမှတော့မကြားရတော့။ သို့သော်လည်း အဲယားကွန်းက အအေးဓါတ်ကြောင့်ပေလား မသိ တချက်ချက် အသားအရိုးထဲအထိ စိမ့်သလိုလိုခံစားရသည်။ အိပ်ခါနီး ပရိတ်ကြီး ၁၁ သုတ်မှ အလွတ်ရသော မေတ္တာသုတ်နဲ့ မင်္ဂလသုတ်၊ အင်္ဂုလိမာလသုတ်၊ မောရသုတ် အကုန် ရွတ်ဖတ်လိုက်သည်။ မေတ္တာသုတ် အလယ်လောက်အရောက် အခန်းအပေါ်ဖက်နံရံအပေါ်ကို လက်ဝါးဖြင့်ရိုက်သံ ဗြန်းခနဲ ထွက်လာသည်။ အမှန်အတိုင်းပြောရရင် ရင်ထဲထိတ်နေသွားသည်။ နှလုံးသွေးများဆူပွက်သွားသည်။ ဘုရားစာ အဆိုတောင် ရပ်သွားသည်။ ကိုရင်သတိလွတ်၍မဖြစ် စိတ်ကိုပြန်ထိန်းလိုက်သည်။ ပြင်ပကို အာရုံမပြုပဲ ဆက်ပြီးတော့ တရားစာ အပြီးအထိရွတ်ဖတ်လိုက်သည်။ ဘုရားရှိခိုးအပြီး ထုံးစံအတိုင်း အသံရှူလေ့ကျင့်ခန်း ၁မှ၅ အထိ ဝင်သက်ထွက်သက် ၁ဝခါမှတ်ပြီး တဖြည်းဖြည်းနှင့်အိပ်ပျော်ခြင်းသို့ရောက်သွားလေသည်။

7376038072_87b7f7eb47_z

တရေးအနိုး အာခေါင်တွေခြောက်လို့ရေဆာနေသည်။ စာရေးစာပွဲပေါ်မှာ ရေသန့်ဘူးရှိသဖြင့် ထယူရန် မျက်လုံးကိုဖွင့်ပြီး ခြုံထားသော စောင်ကိုဖယ်ရန် အောက်သို့ငုံ့ကြည်မိသည်။ အောက်သို့အကြည့် မျက်လုံးများပြာဝေသွားသည်။ ။ စောင်..

စောင်.. စောင်ကြီးက

အောက်ပိုင်းတစ်ခုလုံး တစ်စုံတစ်ယောက်ကလှန်ထားသလို အပေါ်သို့မြောက်တက်နေသည်။ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး လေဟာနယ်ထဲရောက်နေသလို စောင်ကြီးအပေါ်ကိုမထားသည်။ တစ်စုံတစ်ယောက်က စောင်ကိုလှန်ပြီး တစ်ခုခုကို ရှာနေသဖြင့် စောင်က အပေါ်ကို မြောက်တက်နေသည့် ပုံစံမျိုး။ ကိုရင် ဇောချွေးတွေပြန်နေသည်။ ခြေထောက်ကိုလည်း မလှုပ်ရဲ။ ကိုယ့်နှလုံးခုန်သံ ကိုယ်ကြားနေသည်။ သေချာသည် ငါ အိပ်မက်မက်နေတာမဟုတ် တစ်စုံတစ်ခုက ငါ့ကိုခြောက်လှန့်နေပြီ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချုပ်လိုက်သည်။ ရုတ်ချည်းထလိုက်လို့ မမြင်သင့်တဲ့ ပုံစံမြင်ရင် မိမိစိတ်ခံနိုင်မှာ မဟုတ်ဟု သိသဖြင့် ၁၅မိနစ်ခန့် မျက်စိကိုပိတ်ပြီး တတ်သလောက် ဘုရားစာများ စိတ်ထဲမှာ ကျိတ်ကာ ရွတ်လိုက်ရသည်။ မင်း စောင်ပြန်ချရင်တော့ ကိုရင်နဲ့ တွေ့ပြီပေါ့ကွာဟု တေးထားလိုက်သည်။ နာရီဝက်လောက်ကြာမည်အထင်… မျက်လုံးပြန်ဖွင့်ရင်း အောက်သို့ငုံ့ကြည့်လိုက်သည်။ စောင်က ပုံမှန်အတိုင်း နေရာတကျပြန်ဖြစ်နေသည်။ ထပြီး အခန်းမီးကိုဖွင့်လိုက်သည်…။

တောက်..! တွေ့ကြရပေါ့ကွာ.. ဒီသင်္ဘောသားသရဲ… အလုပ်လုပ်ရတဲ့ ဘဝတူချင်းတောင် လာနှောက်ယှက်နေတယ်။ အခုတော့ ကိုရင်မှာ ဘာမှန်း ဘယ်ကလာမယ်မှန်းမသိတာကို ရင်တထိတ်ထိတ်နဲ့ ကြောက်နေရသည်။ အိပ်ရေးပျက်တာလည်း ဒီကောင်နှောက်ယှက်လို့ များလှပြီ။ လူချင်းဆိုရင် ပေါ်တင်ချဲပြီး နပန်းဖက်လုံးဆိုလည်းရသည်။ အခုတော့ မဖြစ်တော့ ကိုယ်တိုင်ပွဲကြမ်းရတော့မည်။ ကိုရင်သည်အံဆွဲထဲမှ သိမ်းထားသော အရက်တစ်လုံးထုတ်လိုက်သည်။ ရေမရောပဲ ပုလင်းလိုက်  မော့ချလိုက်သည်။ သွေးဆူလာမှုနဲ့အတူ ရင်ထဲက အစိုင်အခဲများကို ဖွင့်ချလိုက်သည်။

“ဟေ့ကောင်ထွက်ခဲ့.. မင်းဘာကောင်လဲ… ရီးပဲ.. သရဲလိုလို လူလိုလို လုပ်မနေနဲ့… ထွက်လာခဲ့.. မင်းလဲ သင်္ဘောသား ငါလည်းသင်္ဘောသား ဘာသဘောနဲ့ ငါ့ကို လာနှောက်ယှက်နေတာလဲ…။” စားပွဲကို တဒုန်းဒုန်း လက်သီးဖြင့်ထိုးရင်း အော်ဟစ် ဆဲဆိုမိသည်။ လက်သီးများမှာ သွေးတောင်ထွက်သည်အထိ ဆက်တိုက်ထိုးနေမိသည်။ တွေ့တာအကုန် ကန်နေမိသည်။ နောက်ထပ်ဘာတွေ ပြောအော်မိမှန်းမသိတော့။ အခန်းတံခါးခေါက်ပြီး ဘိုဆင်ကြီး ပြေးဝင်လာသည်။ သိရသည်။ ဘာဖြစ်တာလဲ ကိုရင်ဟု မေးသည်။ ကိုရင်သည်လည်း ဖြစ်သမျှကို အော်ပြောလိုက်သည်။ တခြား ဖားနှစ်ယောက်လည်း ဆက်တိုက် အခန်းထဲဝင်ချလာသည်။ ထို့နောက် ကိုရင့်အား Mess Room ထဲ တွဲခေါ်သွားပြီး ရေအေးအေးတိုက်ရင် စိတ်ငြိမ်ငြိမ်ထားခိုင်းပြီး ထိုအခန်း၏ ဖြစ်ကြောင်းကုန်စင်ကို ဘိုစင်မှ ရှင်းပြလေတော့သည်။

အကျဉ်းချုပ်ဆိုရသော်…။

ထိုအခန်းမှာနေသွားသော မြန်မာသင်္ဘောသားမှာ မောင်အောင်မြင့်၊ (အမည်လွှဲ) သင်္ဘောသား လူသစ်တစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကျတာသိပ်မကျသေး။ ထုံးစံအတိုင်း မိဘအိမ်ပေါင်ပြီး အတိုးဖြင့် သင်္ဘောတက်လာသည်။ ထိုအချိန်က သင်္ဘောကုမ္ပဏီ တာဝန်မဲ့မှုကြောင့် လစာကမမှန် ၃လဆက်တိုက်လစာမရ။ ရိက္ခာကလည်း ပြတ်သလှည့် ရသလှည့်ဖြစ်နေသည်။ မိန်းမက မီးခါနီးဖွားခါနီးဖြစ်နေသည်။ ပိုက်ဆံလဲ မပို့နိုင် မိန်းမနှင့် လက်ရှိနေထိုင်သော အိမ်ကအတိုးဆက်တိုက်တက်နေဖြင့် ဖုန်းဆက်တိုင်းအိမ်က ယောက်ခမနှင့် မိန်းမက ငွေကျပ်တည်းနေပြီ ဖြစ်ကြောင်း ဖိအားပေး ငွေလှမ်းတောင်းသည်။ လက်ထဲမှာ ငွေတပြားမရှိပဲ သင်္ဘောပေါ်မှာပင် ဟိုလူဆီကချေးဒီလူဆီကချေးဖြင့် အကြွေးထူနေသော မောင်အောင်မြင့်ခမျာ ထိုစိတ်ဖိအားများကို အပင်ပန်းမခံနိုင်ခဲ့။ အရက်ကို နေ့စဉ်ရက်ဆက်ဖိသောက်သည်။ အင်ဒိုဆိပ်ကမ်းဖက်က မှောင်ခိုရလာသော ငါးဆေးလုံး (စိတ်ကြွ) ဆေးများ ညတိုင်းအလွန်အကျွံ့သောက်သည်။ မောင်အောင်မြင့်ရဲ့ နောက်ဆုံးညမှာ ဆေးနှင့် အရက်အလွန်အကျွံ့ သုံးမိသွားသည်။ အကျီချွတ်ပြီး အိပ်လိုက်သည်။ ဆေးအရှိန် အရက်အရှိန်နှင့် မနက်ပိုင်းတော့ အသက်ပါမလာခဲ့။ သင်္ဘောကြီးကတော့ ပင်လယ်ကိုဖြတ်ကောင်းတုန်း။ သင်္ဘောပေါ်မှာ လူကြီးများက ဆိုင်ရာကို အကြောင်းကြား၍ အလောင်းထည့်ကျွတ်ကျွတ်အိပ်ဖြင့် ထုတ်ပြီး နောက်ဆိပ်ကမ်းတစ်ခု မရောက်မှီအထိ သားငါးများထားသိုသော Frozen အခန်းထဲ ထည့်ထားရသည်။ နောက်ရောက်သော ဆိပ်ကမ်းမှာပင် သဂြိုလ်လိုက်ရသည်။ သို့သော်လည်း ဇာတ်လမ်းက မပြီး အခန်းမှာ လာနေသော နောင်သင်္ဘောသားများကို အကြောင်းမျိုးစုံဖြင့် ခြောက်လှန့်သည်။ ဘယ်နိုင်ငံသားမှလည်း အဲ့အခန်းမှာ မနေရဲပဲ ပြောင်းနေကြသည်။ ထို ကယ်ဗင်ခန်းသည် ခြောက်ခြားဖွယ်အခန်းလွတ်တစ်ခုအဖြစ် နှစ်တော်တော်ကြာဖယ်ထားပြီး ကိုရင်လာမှ ပြန်နေခိုင်းခြင်းဖြစ်ကြောင်းနှင့် ယခုတော့ အခန်းပြောင်းနေလိုပါက ပြောင်းနိုင်ကြောင်း ရှင်းပြလေတော့သည်။

သတ္တဝါတို့မည်သည် ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် ရုပ်၊ အရာဝတ္ထုတို့ကို စွဲလမ်းတတ်ကြသည်။ သံသရာတွင် လည်ပတ်ရှင်သန်နေကြသော ကိုရင်တို့သည်လည်း ကိုယ့်ကိုယ် စွဲလမ်းခြင်းခရီးသည် ဖြစ်မှန်းမသိ ဘဝမျိုးစုံကို ပုံစံမျိုးစုံဖြင့် ဖြတ်နေကြပေသည်။ သစ္စာလေးပါးမြတ်တရားကို ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင်က သမုဒယသစ္စာ (ဆင်းရဲရာအကြောင်းခံ အမှန်တရား) တို့ကို ဟောပြပြီး မဂ္ဂင်ရှစ်ပါးတရားတော်တို့ဖြင့် ထိုစွဲလမ်းခြင်း ခရီးမှ လွန်မြောက် ဖြတ်တောက်ရန် လမ်းညွှန်ပေးခဲ့သည်။ ကိုရင်တို့သည် စွဲလမ်းခြင်းတခုမဟုတ်တစ်ခုဖြင့် ဘဝကို ဖြတ်သန်းနေကြသူများဖြစ်လေသည်။ စွဲလွမ်းမှု များဖြင့် ရယူလိုမှုများဖြင့် တပါးသူကို ချည်နှောင်ချင်သော်လည်း ကိုယ့်ကိုယ့်သာ ပြန်ချည်နှောင်လို့ ချည်နှောင်နေမိမှန်း သတိမပြုမိကြ။ မိမိ စိတ်တွင် ပိုင်ဆိုင်သည်ဟု ရယူလိုမှု ခံစားလိုမှု အတ္တများသည် အနတ္တများပင်။

ထိုမှတစ်ဆင့် ဆက်စပ်တွေးတောမိရင်း ကွယ်လွန်ပြီးခဲ့သော ထိုသင်္ဘောသားသည်လည်း အခန်းအတွင်းတွင် စွဲလမ်းစရာတစ်ခုခုများရှိလေးမလားဟု စဉ်းစားမိရင်း ထို့နေ့မနက်တွင်ပင် သတ္တိကောင်းသော (အ) သုံးယောက်နှင့် ဘိုဆင်ကြီးအား ခေါ်ပြီး အခန်းကို ရှင်းကြလေသည်။ ရှင်းရင်းလင်းရင် ကိုရင်အိပ်သော ကုတင်အောက်မှ အခံကိုခွာကြည့်ရာ ဆောက်ဘောက်အဟောင်း တစ်စုံ၊ ဗီစီဒီစက်တစ်လုံးနှင့် စီဒီခွေ အပျက်အချို့ကို ရှာတွေ့လေသည်။။ အကုန်လုံးကို သိမ်းကျုံးထုတ်ပြီး သင်္ဘောကုန်းပတ်ပေါ်တင်ပြီး ရေဆေးချလိုက်သည်။ ထို့နောက် အထုတ်ထုတ်ပြီး ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်လေသည်။ လွှင့်ပစ်အပြီး ထိန်လင်းသောနေမင်းကြီးကို ကြည့်ရင်း ထိုသင်္ဘောသားအတွက် မေတ္တာပို့ပေးလိုက်ပါသည်။ သံသရာ အကွေ့တစ်ရာမှာ တစ်ကွေ့ ဘဝခြားစွာ လာဆုံကြသော်လည်း ပင်လယ်ထဲတွင် ပင်ပန်းစွာဖြင့် ရုန်းကန်လှုပ်ရှားနေသော  သင်္ဘောသား ဘဝတူညီအစ်ကိုများလို မေတ္တာထားပြီး တစ်ဦးကိုတစ်ဦးစောင့်ရှောက်နိုင်ပါစေ..။ စွဲလမ်းစရာမရှိ ကြံဖန်ပြီး ကျန်နေခဲ့တဲ့ ဗီစီဒီစက်တွေ၊ ဆောင်းဘောက်စ်တွေကို စွဲလမ်းသွားတဲ့ မင်းလဲ ဒီ ဘဝက အမြန်ကျွတ်လွတ်ပြီး ကောင်းသောဘုံဘဝမှာ အမြန် ခိုနားနေနိုင်ပါစေ။ လောကဓံ၏ အရိုက်အပုတ်တို့သည် ကျွန်တော်တို့ သင်္ဘောသားများအတွက်တော့ ကောင်းကင်ပြာမှ အရောင်ဟပ်လာသော ကိုယ်ပိုင်အရောင်မရှိသည့် ပင်လယ်ပြာကြီး လှုပ်ရှားရှင်သန်သကဲ့သို့ပါလား။ လှိုင်းတစ်လှုပ်လှုပ်ဖြင့် သင်္ဘောပေါ်မှ မြင်ရသော ကောင်းကင်ပြာသည် တိမ်တိုက်တို့ကို သယ်ဆောင်လျက် ကြည်စင်သော ငြိမ်းအေးသော သဘောဖြင့် ကျွန်တော်တို့အား ငြိမ်းချမ်းစွာ နေထိုင်တတ်စေရန် သင်ကြားပေးလျက်ရှိလေတော့သည်။ အိပ်မက်ကို မယုံကြည်သူတို့သည် မေတ္တာတော့ ငတ်ကြရသည်။

မေတ္တာများဖြင့်

ကိုရင်စည်သူ (ခေတ္တပင်လယ်နီ)

About koyin sithu

has written 140 post in this Website..