တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ ့ပတ်သတ်တဲ့ ဆောင်းပါး

manawphyulayJuly 29, 20101min1437

တောင်ပုလုဆရာတော်ဘုရားကြီး ၏ ဘာသာရေးနဲ ့ပတ်သတ်တဲ့ ဆောင်းပါးကောင်းလေးကို မျှဝေပေးလိုက်ပါတယ် ..

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း
အကြောင်း သိမှတ်ဖွယ်ရာထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ
ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ
တောင်းခံပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို
နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ
ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့
ဆောက်တည်လိုက်တာပဲဖြစ်ပါတယ်။

သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါတယ်။
ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကို
ရနိုင်တယ်။သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့
ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂)
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ
ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို
ရိုသေစွာရှိခိုးခြင်း အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင်
ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။

ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ ဓမ္မံ သရဏံ ဂစာ္ဆမိ၊ သံဃံ သရဏံ ဂစာ္ဆမိ စသည်ကို
သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို
ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို
ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။

လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တယ်။ အဲဒီရတနာသုံးပါးထက်
မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။ အဲဒီလိုအထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား (အတ္တသမံ ပေမံနတ္ထိ =
မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့
မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး
ကိုးကွယ်ဆည်းကပ်မှ သရဏဂုံဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့
လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့
အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ
ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသိမှ ကျေးဇူးများပါတယ်။

သုံးကြိမ်ဆိုတာလဲအထူးလေးနက်စေချင်လို့ပါ။တစ်ကြိမ်တစ်ခါဆိုတာကတော့စိတ်မပါလက်မပါ၊
ဝတ်ကျေတန်းကျေဆိုတာလဲဖြစ်နိုင်တယ်။ အခုသရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့်
ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ
သိစေချင်လို့ သူ့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့
သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ဘာသာရေး ကိစ္စတွေမှာ
သုံးကြိမ်ထပ်ဆိုမှုမှန်သမျှဟာ လေးနက်စေချင်လိုဖြစ်ပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့
ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ဖြစ်ခြင်းစတဲ့
ဆင်းရဲဒုက္ခတွေကိုပယ်ပျောက်၊ ချမ်းသာကိုရောက်တက်လို့ သရဏ=
ကိုးကွယ်ရာလို့ခေါ်ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံသရဏံဂစာ္ဆမိ
ဆိုတဲ့စာပိုဒ်သုံးခု (သို့) ဒီစာပိုဒ်သုံးခုကို နှုတ်ကရွတ်ဆိုတာကို
သရဏဂုံဆောက်တည်တာလို့ ထင်နေကြပါတယ်။ အမှန်မှာတော့ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ပညာကို
သရဏဂုံ(သို့) ကိုးကွယ်ဆည်းကပ်မှုလို့ခေါ်တယ်။

မိရိုးဖလာအလွတ်ရထားလို့ဖြစ်စေ၊ ဘုန်းကြီက ချပေးလို့ဖြစ်စေ၊
ဗုဒ္ဓံသရဏံဂစာ္ဆမိ စသည်ဆိုတဲ့အခါ ယုံကြည်မှုသဒ္ဓါတရားကို အသိဉာဏ်နဲ့မယှဉ်တဲ့
ဉာဏဝိပ္ပယုတ် သရဏဂုံလို့ခေါ်တယ်။ ဆင်းရဲပယ်ဖျောက်၊ ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊
သိရှိနားလည်မှုလဲရှိမယ်ဆိုရင် ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှုပညာနှစ်ပါးကို
အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ်သရဏဂုံ လို့ခေါ်ပါတယ်။

ဒီနေရာမှာ ရတနာသုံးပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတက်တဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့
ယုံကြည်သိမှတ်ဆည်းကပ်ကိုးကွယ်သူ၊ယုံကြည်သိမှတ်တဲ့သဒ္ဓါ၊ပညာဦးဆောင်တဲ့စိတ်အစဉ်နဲ့ရွတ်ဆိုတဲ့လူကို
(လောကီသရဏဂုံ)ဆောက်တည်တဲ့လူလို့ခေါ်ပြီး၊ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်မှရရှိတဲ့မဂ်စိတ်လေးပါးကိုရတဲ့
အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို (လောကုတ္တရာသရဏဂုံ) တည်တဲ့လူလို့
နှစ်မျိုးရှိပါတယ်။

လောကီသရဏဂုံဆောက်တည်တဲ့အတွက်ယခုဘဝမှာကြောက်ရွံ၊ထိတ်လန့်ခြင်းကင်းတယ်။
စိတ်ကြည်လင်တယ်၊ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်၊ သေတဲ့အခါမှာ အပါယ်လေးဘ
ုံမရောက်ဘဲ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားရတယ်။ လောကုတ္တရာသရဏဂုံ၄ပါးကတော့
ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှကင်းပြီး နိဗ္ဗာန်ချမ်းသာကို
ရရှိခံစားနိုင်ပါတယ်။

လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှမပျက်စီးတော့ပါဘူး၊
နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး
နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို
ကူးပြောင်းကိုးကွယ်တဲ့အခါ၊ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်တဲ့အခါ
ပျက်စီးပါတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကိုလဲ သရဏဂုံတင်တဲ့ကိစ္စကလဲ
အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ ဒါပေမဲ့ သေတဲ့သူဟာ
ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။
သေဆုံးသွားတဲ့အခါ ခြောက်တာတို့၊ လှ့န်တာတို့၊ နှုတ်ဆက်တာတို့ဟာ ဝေမာနိက
ပြိတ္တာ၊တစ္ဆေ၊ သရဲ ဖြစ်လို့သာ ခြောက်လှန့်လိုရတယ်ဆိုတာ စကားချပ်အနေနဲ့
ပြောချင်ပါတယ်။ လူ့ဘဝမှာ မကောင်းတာအကုန်လုပ်၊ အကုသိုလ်အားကြီးတဲ့သူကတော့
သေတဲ့အခါ ငရဲကို တိုက်ရိုက်ရောက်သွားတဲ့ အတွက် ခြောက်လှန့်ဖို့၊
နှုတ်ဆက်ဖို့နေနေသာသာ သူကိုယ်တိုင်ငရဲဘုံမှာ ဒုက္ခပေါင်းစုံ
မရှုမလှခံစားနေရပါတယ်။

ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ရဲ့လား၊ ရတနာသုံးပါးကို
ကိုးကွယ်ဆည်းကပ်လို့ရော
အကျိုးကျေးဇူးရှိပါ့မလားလို့သံသယစိတ်တွေဝင်တဲ့အခါမှာလည်းသရဏဂုံညစ်နွမ်းပါတယ်။
ဒါဟာလဲဗုဒ္ဓဘာသာဝင်တို့သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းဖြူစင်
လတ်ဆက်နေအောင် ရတနာသုံးပါးကို ယုံကြည်ကိုးစားစိတ်ရှိဖို့
လိုအပ်ပါတယ်။လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှမညစ်နွမ်းပါဘူး။

တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းရင်၊
သေရင်ပျက်စီးပါတယ်။ တစ်ခါသာမက အကြိမ်ကြိမ် ဆောက်တည်နိုင်တဲ့အတွက်
ကုသိုလ်အကြိမ်ကြိမ် ရနေပါတယ်။
၂၄ပစ္စည်းပဋ္ဌာန်းဒေသနာတော်မှာအာသေဝနပစ္စည်းဆိုတာ ရှိပါတယ်။
ကုသိုလ်ကောင်းမှုကို ထပ်ခါ၊ ထပ်ခါပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့
ကုသိုလ်ကို ထပ်ခါ၊ထပ်ခါပွားများနေခြင်းဖြင့် ကုသိုလ်ဟာအင်အား
ကြီးမားလာပါတယ်။ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံက
ိုအထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ သေရင်အပါယ်မလားဘူး၊
သေရင်နတ်ပြည်တော့ အနည်းဆုံးရောက်တယ်လို့ ဓမ္မပဒ
ပါဠိတော်မှာဘုရားဟောထားပါတယ်။ နတ်သားချင်းတူတာတောင်
လူ့ပြည်မှာသရဏဂုံတည်သူ၊ပွာများသူဟာနတ်ပြည်မှာအခြားနတ်သားတွေထက်အသက်၊အရောင်အဝါ၊
အခြွေအရံ၊ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗရုံ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားများထက် လွန်ကဲတယ်လို့
တာဝတိံသာနတ်ပြည်သို့ကြွတော်မူတဲ့ ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက
မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ဘုရားရှင်လက်ထက်တော်ကသေရည်၊သေရက်
နေ့စဉ်ရက်ဆက်သောက်တဲ့ သရဏဥပါသကာဆိုတာရှိခဲတယ်။ သူဟာသရဏဂုံတည်တဲ့အတွက်
သူ့ကိုသရဏဥပါသကာလို ခေါ်ပါတယ်။ ဒီလူသေတဲ့အခါဘုရားရှင်က
နတ်ပြည်ကိုရောက်တယ်လို့ ဟောတော်မူတဲ့အတွက ်ဘုရားရှင်ရဲ့ဆွေတော်၊
မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဘုရားရှင်စကားက ဟုတ်မှ
ဟုတ်ပါမလားပေါ့။ ဒါနဲ့မဟာနာမ်မင်းကကြားပြီး အရှင်ဘုရား..အရှင်ဘုရားရဲ့
ဆွေမျိုးတွေကအရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်ကြတယ်ဘုရား။
သေအရက်ကိုနေ့စဉ်သောက်တဲ့သူဟာ သေတော့ နတ်ပြည်ရောက်တယ်ဆိုတာ
အရှင်ဘုရားဟောတာကို ဘယ်သူမှမယုံကြဘူး ဘုရားလို့လျှောက်တယ်။

ဘုရားရှင်က….”သူဟာ သေတာနဲ့တပြိုင်နက်သောတပန်ဖြစ်သွားတယ်။ သေရည်၊သေရက်သောက်တဲ့ကံက
သူ့ကိုမတားမြစ်နိုင်ဘူး။ဘာကြောင့်တုံးဆိုတော့ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးရဲ့
ဂုဏ်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ
ရတနာသုံးပါးကို အသက်စွန့်၍ယုံကြည်ခြင်းဌါ
စွမ်းနိုင်တဲ့အဝေစ္စပဿဒဟုဆိုအပ်တဲ့ သဒ္ဓါတရားထားရှိတာကတကြောင်း
ဒီအကြောင်းများကြောင့် သေရည်၊သေရက်သောက်တဲ့ အကုသိုလ်ကံဟာ
သူ့ကိုမတားမြစ်နိုင်ဘူး လို့ မိန့်ကြားတော်မူပါတယ်။ ”

သရဏဥပါသကာကိုတစ်ဖက်သားက“သရဏဥပါသကာ..သင်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့
ပြောရင်ပြော၊မပြောရင်သင့်ခေါင်းဖြတ်မယ်လို့”ဆိုခဲ့ရင်တောင်
သရဏဥပါသကာကသင်..ငါ့ခေါင်းကိုဖြတ်ချင်ဖြတ်ပါ။
ကျွှန်ုပ်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့မပြောဝံ့ဘူးလို့
ပြန်ပြောနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်အင်မတန်စွန့်နိုင်ခဲတဲ့ တရားနှစ်ပါးအကြာင်းကို ဘုရားရှင်က ဤသို့
ဟောကြားတော်မူခဲ့ပါတယ်….

“ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊
ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။”

အဓိပ္ပါယ်ကတော့- မိမိ၏အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလည်း
စွန့်နိုင်ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလဲ
စွန့်နိုင်ခဲတယ်။ အဲဒီလိုစွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတိုတွင်
တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းဌါ စွမ်းနိုင်လို့ရှိရင်
တရားကိုအားမထုတ်ဘဲနဲ့ မဂ်တရားဖိုလ်တရားကို ရနိုင်တယ်လို့
ဟောတော်မူခဲ့ပါတယ်။

ရတနာသုံးပါးကို အထွတ်မြတ်ဆုံးဟု ယုံကြည်၍၊ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲလို့
စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာပါဘဲ။ ထိုစိတ်ကို
မစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍အခြားဘာသာထဲသို့
မဝင်သမျှကာလပတ်လုံး သရဏရုံမပျက်ဘဲ ဆက်လက်တည်နေပါတယ်။ ကာလရှည်ရှည်
သရဏဂုံတည်လေ အကျိုးများလေလေပါဘဲ။ ဒါကြောင့်အကျိုးများလှတဲ့ သရဏဂုံကို
တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန်၊ တသက်ပန်တည်ဆောက်ရန် သရဏဂုံကို
ရေးသားတင်ပြလိုက်ရပါတယ်။

“ တသက်ပန်တည်ဆောက်ရန် သရဏဂုံ ”

၁။ အဇ္ဇအာဒိ ံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။
၂။ အဇ္ဇအာဒိ ံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။ အဇ္ဇအာဒိ ံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၄။ ဇီဝိတ ပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ။
၅။ ဇီဝိတ ပရိယန္တိကံ ဓမ္မံ သရဏံ ဂစာ္ဆမိ။
၆။ ဇီဝိတ ပရိယန္တိကံ သံဃံ သရဏံ ဂစာ္ဆမိ။

( ဒုတိယမ္ပိ၊ တတိယမ္ပိ ) အထက်ပါအတိုင်း တည်ဆောက်ပါ။

အနက်အဓိပ္ပါယ်

၁။ အဇ္ဇအာဒိ ံကတွာ – ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၂။ အဇ္ဇအာဒိ ံကတွာ – ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဓမ္မဿ-တရားတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိ ံကတွာ – ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
သံဃဿ-သံဃာတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၄။ဇီဝိတပရိယန္တိကံ – အသက်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ – မြတ်စွာဘုရားကို၊
သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစာ္ဆမိ – ဆည်းကပ်ပါ၏။
၅။ဇီဝိတပရိယန္တိကံ – အသက်ဆုံးသည့်တိုင်အောင်၊ ဓမ္မံ – တရားတော်မြတ်ကို၊
သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစာ္ဆမိ – ဆည်းကပ်ပါ၏။
၆။ဇီဝိတပရိယန္တိကံ – အသက်ဆုံးသည့်တိုင်အောင်၊ သံဃံ -သံဃာတော်မြတ်ကို၊
သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစာ္ဆမိ – ဆည်းကပ်ပါ၏။

တသက်လုံး အသက်ဆုံးသည့်တိုင်အောင်၊ သရဏဂုံ အမြဲတည်ပါပြီ။ အားကိုးရာ၊
မှီခိုရာ၊ ဆောက်တည်ရာ ရပါပြီ။ မပျက်တော့ပါဘူး။

အယူတပါးများ – ယူသွားရင်၊ သရဏဂုံ ပျက်ပြီးလို့ မှတ်ကြပါ။ ။

ကျေးဇူးရှင် တောင်ပုလုဆရာတော်ဘုရားကြီး ၊ ဆရာသောင်းလွင် – ဘီအေ

7 comments

  • ကြောင်ကြီး

    September 18, 2011 at 8:24 am

    ကျုပ်ကတော့ သဂျီးအတွက် စိတ်ပူမိသာပါပဲ။
    ကံကိုမယုံ
    သရဏဂုံမမှန်
    သီလအမြင်မှား
    သမ္မာသမာဓိမရှိ
    နိဗ္ဗာန်ဝေလာဝေး
    အမှား မမှန် မသိ
    အဝိဇ္ဇာ မာန်မာနဖုံး
    သာသနာကြုံပါလျက်
    သံသရာကုန်ရှုံး
    သဂျီးရေ ပြောပါရစေ
    မုန်းချင်လည်းမုန်း
    ရောက်နေလမ်းဆုံး..။

    သိကြားသာသနာပြုကြောင်ကြီး

  • ုhtoosan

    September 18, 2011 at 10:01 am

    ဒီအတွေး တွေးနေမိတာ နှစ်အတော်ကြာပါပြီ။

    “ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ ဓမ္မံ သရဏံ ဂစာ္ဆမိ၊ သံဃံ သရဏံ ဂစာ္ဆမိ စသည်ကို
    သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို
    ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို
    ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။

    လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ်
    အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တယ်။ အဲဒီရတနာသုံးပါးထက်
    မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။”

    ဒီအတွေး တွေးနေမိတာ နှစ်အတော်ကြာပါပြီ။ဒီဟာ ဘုရားဟောမှ ဟုတ်ရဲ့လား ဆိုတာဘဲ ။ ဩဇာအာဏာတည်မြဲလိုတဲ့ သံဃာတွေများ ဟောရင်းနဲ့ ဖြစ်လာတာလားလို့။
    တစ်ချို့ တရားတော်တွေဆိုတာ က သဘာဝနဲ့ ကင်းကွာတာတွေလဲတွေ့တော့ ဘုရားဟောမဖြစ်လောက်ဘူးဆိုတဲ့ ဘုရားပေါ်ကြည်ညိုမူကတဆင့် တွေးမိတာပါ။
    ဒီစကားပြောရင် ဝိုင်းတွယ်တာခံကောင်းခံ ရလိမ့်မယ်ဆိုတာလည်း တွေးမိပါတယ်။

    • ကြောင်ကြီး

      September 18, 2011 at 10:28 am

      ပရမတ်ဂုဏ်တော်ကို မြင်အောင်ကြည့်ပေါ့ဗျာ။ ဓမ္မသဘောကို ရိပ်စားမိရင် ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေကို ကြည်ညိုဖို့ မခဲယဉ်းပါဘူး။ ကိုယ့်စိတ်ကိုယ်စစ်ကြည့်၊ သူတို့ထက် မိမိက ပိုမြင့်မြတ် စင်ကြယ်နေလားလို့..။

      • lionking

        September 18, 2011 at 3:09 pm

        လားလို့ မဟုတ်ဘူးဗျ တကယ် မှတ်တာဗျ။ ဘာလို့လဲဆိုတော့ကာ တရားနဲ့ ငွေကို လဲစားနေကြ တယ် ဒါတခုတည်းနဲ့တင် လုံလောက်ပြီလို့ ထင်ပါတယ်ဗျာ။ ဘုရားသာသနာတော့ AIDS ရောဂါ တွေဝင်ရောက်နေပြီ။ ဒါကြောင့်များ ငွေများများနဲ့ ဆေးတွေဝယ်သောက်နေတာ ထင်ပါရဲ့။

  • ုhtoosan

    September 18, 2011 at 10:55 am

    ဘုရားကိုကြည်ညိုပါတယ်။ တရား တော်တော်များများကို လက်ခံယုံကြည်ပါတယ်။ သံဃာကိုတော့ တော်တော်နဲနေပါတယ်။
    ကြောင်ကြီးပြောသလို ကိုယ်ကပိုစင်ကြယ်နေသလားလို့တော့တွေးပြီးမစဉ်းစားမိပါဘူး။ ကျေးဇူးတင်ပါတယ်။

  • မီးမီး သော်

    September 18, 2011 at 1:05 pm

    “”သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့
    ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂)
    ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ
    ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို
    ရိုသေစွာရှိခိုးခြင်း အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင်
    ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။”””

    ခုလိုသိရတော့ အတိုင်းထက်လွန်ကျေးဇူးပါရှင်။မမမနောရေ ကျေးဇူးပါနော့။

  • Myat Pearl Phyu

    January 8, 2015 at 4:14 pm

    သာဓု သာဓု သာဓု

Leave a Reply