ပိုးကိုက်ခံရတဲ့သစ်သီး

Mr WorldWideJune 17, 20131min794

ကျနော် ပေဖူးလွှာဆိုတဲ့ မဂ္ဂဇင်းလေးကို အခုတလောမျက်စိကျနေမိပါတယ်။ သူ့မှာ စာဖတ်သူများနဲ့ငြင်းခုန်းခြင်းဆိုတဲ့ ကဏ္ဍလေးပါဝင်ပါတယ်။ ဒီကဏ္ဍမှာ ဗဟုသုတဖြစ်စရာ ဆောင်းပါးလေးတွေကို ခေါင်းစဉ်နဲ့အညီ ထောက်ပြထားတာပါ။ နောက်တစ်ခုကတော့ ကဗျာကဏ္ဍပါ။ ကဗျာတိုင်းတော့ မကောင်းပေမယ့် တစ်ချို့ကဗျာတွေကတော့ ထိထိမိမိရေထားတာကို တွေ့ရပါတယ်။ ဒါကြောင့်ကောင်းမယ်ထင်တဲ့ ကဗျာလေးတွေ ကျနော် တင်ပေးပါရစေ။

ပိုးကိုက်ခံရတဲ့သစ်သီး

ဘာကြောင့် ငါတို့တောတွေက

သူတို့သစ်ပင်ဖြစ်သွားရတာလဲ

ဘာကြောင့် ငါတို့တောင်တန်းတွေက

သူတို့မြေကြီး ဖြစ်သွားရတာလဲ

ဘာကြောင့်ငါတို့အိမ်ရှင်မတွေက

သူတို့လိင်ကျွန် ဖြစ်သွားရတာလဲ

ဘာကြောင့် ငါတို့ကလေးတွေက

သူတို့အခိုင်းအစေဖြစ်သွားရတာလဲ

ဘာကြောင့်ငါတို့ခံစားခွင့်တွေက

သူတို့ရဲ့လုပ်ပိုင်ခွင့်ဖြစ်သွားရတာလဲ

ငါတို့စားသုံးခွင့်မရတဲ့ ငါတို့ရဲ့ပင်လယ်စာတွေနဲ့

သူတို့ဝဖီးနေကြ

ငါတို့ကြည့်ခွင့်မရှိတဲ့ ငါတို့ရဲ့အလင်းရောင်နဲ့

သူတို့ထိန်ထိန်ညီးနေကြ

ငါတို့သုံးခွင့်မရှိတဲ့ ငါတို့ရဲ့လောင်စာတွေနဲ့

သူတို့ ဟီးဟီးထနေကြ

ငါတို့စွန့်ပစ်တဲ့ကော်စုတ်တွေနဲ့

ငါတို့ဘဝကို “ဖာ”လို့“ထေး”လို့

သူတို့ပို့လိုက်တဲ့အရည်အသွေးညံစားသုံးကုန်တွေနဲ့

ငါတို့အသက်ကိုအထိတ်တလန့်ထိန်းကျောင်းလို့

ဒိတ်အောက်နေတဲ့သူတို့ရဲ့စက်ရုံကြီးတွေထဲ

ငါတို့ရဲ့အနာဂတ်ကိုစိန်ခေါ်လို့

ငါတို့အားလုံးကတံခါးပိတ်ထားချိန်

ခွေးတိုးပေါက်က ခွေးလိုဝင်လာတဲ့

ခွေးသူခိုးကောင်တွေကို

ခွေးကျင့် ခွေးကြံ ကြံလို

ခွေးတွေကို မောင်းထုတ်သလို

မောင်းထုတ်လိုက်ချိန်

ငါတို့ရဲ့ ခွေးတွေကတောင်

သူတို့ဘက်ကဟောင်လို

ညီဇော်ချစ်

နောင်လည်းအလျဉ်းသင့်သ ကောင်းနိုးရာရာ ကဗျာများအားလိုဖော်ပြသွားပါမည်။

 

4 comments

  • မင်းမင်း

    June 17, 2013 at 9:38 am

    ထိထိမိမိ ဖော်ကျူးပေးတဲ့ ကဗျာလေးပါ။

    ကြိုက်ပါတယ်ခဗျာ။

    စောင့်ဖတ်နေပါတယ်ခဗျား။

  • KZ

    June 17, 2013 at 9:42 am

    ကဗျာလေး က စေ့စေ့တွေးကြည့်ရင် ငို ချင်စရာ။ 🙁
    ဘာကြောင့်ဆိုတဲ့ မေးခွန်းကို ဖြေဖို့တော့ ဒေါသသင့်မှာဆိုးလို့ မရေးတော့ပါဘူး။
    အားပေးသွားပါတယ်။
    နောက် ရှယ် လာမဲ့ ကဗျာတွေကိုလည်း စောင့်မျှော်နေပါ့မယ်။

  • မောင် ပေ

    June 17, 2013 at 1:23 pm

    ကဗျာက တစ်ကယ့် ရီးရဲလစ်ဇင်ပဲဗျာ
    အရမ်းကြိုက်မိပါကြောင်း

Leave a Reply