ညအမှောင်မှာ ကီးဘုတ်ကို အလင်းပေးဖို့ရာ

manawphyulayJuly 29, 20101min1134

အရင်ဆုံး အဖြူရောင် အလင်းအားကောင်းတဲ့ LEDs မီးသီး ၂ လုံးဝယ်ပါ။ နောက် ဝါယာကြိုးနည်းနည်းရှာပါ။ ပစ္စည်းတွေအနေနဲ့ အပေါက်ဖောက်ဖို့ drill machine အငယ်စား၊ ခဲဂေါက်နဲ့ ခဲဂွေတွေ ရှာခဲ့ပါ။ နောက် ကီးဘုတ်အဟောင်းတစ်ခုရှာပါ။ ကီးဘုတ်ရှိပြီးသားနဲ့ ဘာဖြစ်လို့ ကီးဘုတ်အဟောင်းထက်ရှာရလဲလို့ သိလိုကြပါမယ်။ လက်ရှိသုံးနေတဲ့ ကီးဘုတ်က အသစ် အကောင်းကြီးမလား။ ပျက်ရင် အာမခံသက်တမ်းလည်းရှိနေသေးတယ်။ ဒါကြောင့် အဟောင်းသုံးတော့ ပျက်လည်းကိစ္စမရှိတော့ဘူးပေါ့။ ဒါနဲ့ ကီးဘုတ်အဟောင်းကို ကျောဘက်က ဝက်အူတွေ ဖြုတ်ပြီး အသာဖွင့်ပါ။ သတိတော့ထားရပါမယ်။ ကီးဘုတ်ကို ခပ်ကြမ်းကြမ်း ခွာလိုက်ရင် အထဲက ကီးခလုတ်မှာ စပရင်အစားခံတဲ့ ပလတ်စတစ်လို အဝိုင်းပြားလေးတွေ လွင့်ထွက်ကုန်မှာစိုးလို့ပါ။ အဲဒီ ပလတ်စတစ်ပြားလေးတွေကို သူ့ကီးခလုတ်ခွက်မှာ အသာရှိနေအောင် ဖြည်းဖြည်းခွာထုတ်ရပါမယ်။
ဒီတော့ ဘာလုပ်မယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ကီးဘုတ်ညာဘက်ထိပ်မှာ မီးသီး ၂ လုံးကို ထွန်းထားမလို့ပါ။ အပြင်က လျှပ်စစ်အား မလိုဘဲ ကီးဘုတ်က ပါဝါကိုပဲ သုံးမှာပါ။ ကီးဘုတ်တွေမှာ Scroll Lock ကီးခလုတ်ကို နှိပ်ရင် မီးလေးလင်းနေတာ တွေ့မှာပါ။ နောက်တစ်ချက်ပြန်နှိပ်ရင် မီးပိတ်သွားပါမယ်။ အဲဒီ Scroll lock ကီးကို ယနေ့အချိန်များမှာ မသုံးသလောက်ပါ။ အပိုလိုဖြစ်နေပါတယ်။ ဒါကြောင့် Scroll Lock ကီးကို ရွေးချယ်တာပါ။ ကဲ ကီးဘုတ်ကို ခွာပြီးပါပြီ။ အဲဒီမှာ ဆားကစ်ဘုတ်ပြားလေး တစ်ချပ်သာ တွေ့ရပါတယ်။ ကီးဘုတ်ရဲ့ထောင့်မှာ ဝါယာကြိုးတွေနဲ့ပါ။ ဒါနဲ့ Scroll Lock LED မီးသီးကို ရှာပြီး ဂဟေဂေါက်နဲ့ အသာအပူပေးတို့ပြီး ဝါယာကြိုးနှစ်ကြိုးကို ဖြုတ်ပါတယ်။ ဆားကစ်ဘုတ်ပြားမှာ ဆက်ထားတဲ့ ဝါယာကြိုးက နှစ်ချောင်းဆိုတော့ စုစုပေါင်း  ဝါယာလေးချောင်းကို ဖြုတ်ပါတယ်။ ဝါယာကြိုး အနေအထားတွေက ကီးဘုတ်ဆားကစ်ပေါ် မူတည်တပ်ထားတာဖြစ်လို့ ပုံသေပြောလို့မရပါ။ မျက်စိနဲ့အမြင်ပေါ်မှာ ကြည့်လုပ်ရတာပါ။
နောက် ကီးဘုတ်ညာဘက်ထိပ်ဆုံးထောင့်မှာ အပေါက်နှစ်ပေါက်ကို drill နဲ့ ဖောက်ပါတယ်။ ဝါယာကြိုးအရှည်ကိုလည်း ကြည့်ရပါတယ်။ ဝါယာကြိုးနှစ်ကြိုးစီ ထွက်နိုင်လောက်တဲ့နေရာမှာပါ။ ပြီးတာနဲ့ ဝါယာကြိုးအစတွေကို အပေါက်မှာ ထုတ်ထားပြီး မီးသီးတစ်လုံးစီမှာ ခဲဂဟေတို့ပါတယ်။ LEDs မီးသီးအပေါင်းအနုတ်ကိုတော့ သတိထားရပါတယ်။ LEDs မီးသီးနှစ်လုံး ဝါယာကြိုး ချိတ်ဆက်မှုကို စိတ်ချရပြီဆိုတာနဲ့ ကီးဘုတ်ကို ပြန်ပိတ်ပါတယ်။ အထဲက ပလတ်စတစ်တွေ သူ့ကီးခွက်နဲ့ သူ အပြည့်ရှိသလားဆိုတာလည်း ပြန်စစ်ရပါတယ်။ ဝက်အူတွေနဲ့ ပိတ်ပြီး ကီးဘုတ်ကို ကွန်ပျူတာမှာ ပြောင်းတပ်ပါတယ်။ ကွန်ပျူတာကို ဖွင့်ပါ။ Scroll Lock ကီးခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ မီးသီးတွေ လင်းသွားပါပြီ။ မလိုချင်ရင် Scroll Lock ကီးကို တစ်ချက်ပြန်နှိပ်ရုံပါပဲ။
ဟဲဟဲ ကီးဘုတ်ကတော့ နည်းနည်း အကြည့်ရဆိုးသွားပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ ကိုယ့်အိမ်နဲ့ကိုယ့်ကီးဘုတ်ပဲ။ ညဘက်မှာ တခြားမီးအလင်းရောင် မသုံးဘဲ ကီးဘုတ်ကို လင်းလင်းထင်းထင်းနဲ့ အသုံးပြုနိုင်ပါပြီ။
ref: computer journal ဖေဖော်ဝါရီ ၂၀၁၀

4 comments

  • Pyaung Gye

    July 29, 2010 at 9:02 am

    ကောင်းလိုက်တဲ့အကြံ
    မီးသီးက ဓာတ်မီးက LED အသေလေးတွေပါ
    ညာဘက်ထောင့် Score Lamp နေရာမှာတပ်ရမှာလား
    အပြင်ထုတ်ရမှာလား

  • manawphyulay

    July 29, 2010 at 9:08 am

    ထောင့်မှာ တပ်ရမှာပါ။ ဒါမှမဟုတ် အဆင်ပြေသလို ကြည့်ဖို့သင့်လျော်သလို တပ်လည်းရတယ်ရှင့်။

  • nyihtut100

    July 29, 2010 at 9:41 am

    ဓါတ်ပုံလေးတွေနဲ့ ပြရင် ပိုကောင်းတာပေါ့
    http://www.instructables.com/ မှာ ကြည့်နိုင်ပါတယ်

    လေးစားလျက်

  • zawana

    July 29, 2010 at 9:58 am

    အင်း ….. လက်ညိုးတစ်ချောင်းတည်းနဲ့ ကွန်ပြူတာ စာရိုက်လေ့ရှိတဲ့ ကျနော့် သူငယ်ချင်းကို အကြံပေးလိုက်ဦးမှ။ သူက အင်တာနက်ဆိုင်မှာ ကီးဘုတ်က စာလုံးတွေ ပျက်နေရင်တောင် တော်တော် စိတ်ဆိုးတာ။
    မျှဝေတဲ့အတွက် ကျေးဇူးပါခင်ဗျား ……

Leave a Reply