သိပ္ပံပညာရှင်များအနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သောနေရာများရှိ ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေသည့်နေရာတွင် ၄င်းတို့၏ နည်းပညာများကို အသုံးချနိုင်ရေးအတွက် ကြိုးစားလျက်ရှိနေကြသော်လည်း ဗုံးရှာဖွေရေးခွေးများကိုမူ ယခုတိုင်အသုံးပြုနေရဆဲဖြစ်သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ကော်နယ်လ် တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ၀ီလီယမ် ဒစ်ခ်ျတဲလ် နှင့် ဘွဲ့ရကျောင်းသူ ဂိုပါလာ ခရစ်ရှ်နန် တို့သည် အနာဂတ်ကာလ၌ ဗုံးရှာဖွေရေးခွေးတပ်ဖွဲ့များနေရာတွင် အစားထိုးနိုင်မည့် ပေါ်လီမာစက္ကူတစ်မျိုးကို ဖန်တီးခဲ့ကြသည်။

 

ieddetectingpolymer

အဆိုပါ အလင်းရောင်ထွက်သည့် ပေါ်လီမာသည် အလွန်ပြင်းအားကောင်းသည့် RDX အမည်ရ ယမ်း ရှိမရှိကို ထင်ရှားသိသာစွာ အချက်ပေးနိုင်သည်။ RDX ဆိုသည်မှာ အလွန်နိမ့်ကျသည့် ငွေ့ရည်ဖိအားတစ်ခု (Low vapor pressure)  ရှိပြီး ၄င်းကို တိုက်ရိုက်မြင်တွေ့ရမှုမရှိပါက ရှာဖွေရန်အလွန်ခက်ခဲသည့် ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ သာမန်အခြေအနေများ၌ အဆိုပါ ပေါ်လီမာအနေဖြင့် ပတ်ဝန်းကျင်ရှိအလင်းရောင်ကို စုပ်ယူ၍ စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ အလင်းရောင်ကို ပြန်လည်ထုတ်လွှတ်ပေးသည့် တုတ်ချောင်းတစ်ခုသဖွယ် လုပ်ဆောင်မည်ဖြစ်သည်။ RDX မော်လီကျူးတစ်ခုကို ဖမ်းယူရရှိသည့်အခါတွင်မူ ပေါ်လီမာအပေါ်၌ ဖြတ်သန်းစီးဆင်းသည့်စွမ်းအင်များကို အလင်းရောင်အစား အပူအဖြစ်သို့ ကူးပြောင်းပေးသည်။ ထိုအခါ ပေါ်လီမာအနေဖြင့် အလင်းရောင်ထုတ်လွှတ်မှုကို ရပ်ဆိုင်းခြင်းဖြင့် အနီးအနားတွင် ပေါက်ကွဲစေတတ်သည့် လက်လုပ်ပစ္စည်းတစ်ခုခု ရှိနေကြောင်းကို အချက်ပြသပေသည်။
ဤနည်းလမ်းသည် ဖောက်ခွဲရေးပစ္စည်းအများအပြားကိုလည်း ခြေရာခံရှာဖွေပေးနိုင်မည်ဖြစ်ပြီး ပြည်သူလူထုသို့လည်း ယင်းဖောက်ခွဲရေးပစ္စည်းများကို ထိန်းချုပ်သည့်သူတစ်ဦးဦး မကြာသေးမီက ဤအနီးအနားတွင် ရှိနေခဲ့ကြောင်းကို သတိပေးလှုံ့ဆော်နိုင်မည်ဖြစ်သည်။ အနာဂတ်ကာလ၌ ယင်းပေါ်လီမာများကို  လက်ရှိအသုံးပြုနေသည့် TNT ကာကွယ်ရေးအတွက် လက်ကိုင်ရှာဖွေရေး စက်ငယ်များ ကဲ့သို့ အရွယ်အစားသေးငယ်စွာဖြင့် အသုံးပြုလာနိုင်တော့မည်ဖြစ်ပေသည်။
” ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ ဒီကာကွယ်ရေးကိရိယာတွေဟာ တစ်စုံ တစ်ယောက်ရဲ့လက်ထဲက ဖောက်ခွဲရေးပစ္စည်းတွေကို ရှာဖွေပေးနိုင်ရုံသာမကပဲ အနီးအနားက ဖုံးကွယ်ထားတဲ့အရာတွေကိုပါ ရှာဖွေပေးနိုင်ဖို့ပါပဲ” ဟု ဒစ်ခ်ျတဲလ်က ဆိုသည်။ ၄င်းအပြင် ”တစ်စုံတစ်ယောက်ရဲ့ ခရီးဆောင်အိတ်ထဲမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတစ်ခု ရှိတယ်ဆိုပါစို့၊ အဲဒီအရာကို မဖွင့်လိုက်တာဟာ ပိုကောင်းပါလိမ့်မယ်” ဟု ဒစ်ခ်ျတဲလ်က အကြံပေး ပြောဆိုသွားပေသည်။
Source:www.popsci.com

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)