ခုတလော ဖြစ်ပျက်နေတဲ့ ကျနော်တို့ရဲ့ နုနုထွတ်ထွတ် ဒီမိုကရေစီမြန်မာနိုင်ငံကြီးကို မျက်စိဒေါက်ထောက်ကြည့်ပြီး မနေနိုင်မထိုင်နိုင်လွန်းလို့ လက်ဆော့ချင်လာတယ်ဆိုပါတော့ဗျာ…. ဒီရွာကြီးထဲကို သိုသိုသိပ်သိပ်လေးနဲ့ ရောက်နေခဲ့တာ ခုဆို နှစ်နှစ်တောင်ကျော်လာခဲ့ပြီဆိုပေမယ့်… post ရယ်လို့ ယောင်လို့တောင် မတင်ဖူးပါဘူးဗျာ… ခု ဒီ post ကြောင့် အဆဲအဆို ခံရမယ်ဆိုရင်လည်း ၀မ်းမြောက်ဝမ်းသာ ခံယူဖို့ အသင့်ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယူဆပြီးသကာလ…

အရင်ဦးဆုံးအနေနဲ့ ကျနော်ဟာ ခရစ်ယာန်စစ်စစ် ဖြစ်ပါကြောင်း မိတ်ဆက်ပါရစေလားဗျာ…

အဲဒီတော့ ချစ်မိတ်ဆွေတို့ရဲ့ ဗုဒ္ဓဘာသာ လူမှုအတိုင်းအ၀ိုင်းက ဖြစ်ပျက်နေတာတွေကို ကျနော်တဦး တည်းရဲ့ဘေးအမြင်နဲ့ တင်ပြဆွေးနွေးကြည့်ချင်တာပါ.. ခုတလော hot ဖြစ်နေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကြီးနဲ့ ပါတ်သက်လို့ အမျိုးမျိုး ဝေဖန်နေတဲ့ကြားက သမာဓိနဲ့ပြည့်ဝတဲ့ ဆရာတော်ကြီးတွေ အပါအ၀င် ရဟန်းတော် များဟာ အားတက်သရော ဖြစ်နေကြတာဟာ နောက်ကွယ်က ကြိုးကိုင်တဲ့ လူတစုကို မလွန်ဆန်နိုင်လို့လား.. ဒါမှမဟုတ် အမှန်တကယ်ပဲ အဲဒီဥပဒေဟာ မျက်မှောက်ကာလမှာ လိုအပ်နေပြီလားဆိုတာတွေ တွေးကြည့်မိလာတယ်….

ဥပဒေကို ကင်ပွန်းတပ်ထားတဲ့ အမည်အရတော့ တော်တော့ကို ကောင်းတဲ့ ဥပဒေပေါ့ဗျာ… ဒါပေမယ့် ဖြစ်လာမယ့် အကျိုးဆက်တွေထဲက တခုလောက် ကျနော် ထုတ်ပြချင်တယ်ဗျာ… အကယ်၍ အဲဒီ မျိုးစောင့်ဥပဒေကိုသာ အတည်ပြုခဲ့ရင် ဘာသာခြားယောက်ျားပျိုတွေအတွက် တရားဝင် အခွင့်အလမ်းပေး သလိုကော မဖြစ်သွားနိုင်ဘူးလား…

ဥပမာဗျာ..

ဗုဒ္ဓဘာသာ မိန်းမပျိုလေးတယောက်နဲ့ ဘာသာခြား ယောက်ျားပျိုလေးတယောက် ရည်းစားဖြစ်တယ်ဆိုပါစို့… ဒီအတိုင်းအတာထိတော့ ဘယ်သူမှ အဲဒီ မျိုးစောင့်ဥပဒေအရ ပြစ်မှုမမြောက်သေးဘူးနော်… ကဲ.. မိတ်ဆွေတို့ သိတဲ့အတိုင်းပဲဗျာ… ဒီနေ့ခေတ်ကာလ သားသမီးများ ရည်းစားဘ၀မှာ လက်လေးကိုင်ရုံ၊ ပါးလေးနမ်းရုံနဲ့ တင်းတိမ်မယ်ထင်သလား….. မိန်းကလေးတွေဟာ ကိုယ့်ရဲ့ အပျိုရည်ကို ပေးအပ်ပစ်လိုက်ဖို့ ၀န်မလေးတဲ့ ရောင်စုံယဉ်ကျေးမှုခေတ်ဗျ…. ပြီးတော့ မိန်းကလေးအများစု တွေးတတ်သေးတယ်.. တဖြေးဖြေးနဲ့ ဖျောင်းဖျယူမယ်ပေါ့လေ… အဲဒါနဲ့ပဲ မလိုလားအပ်တဲ့ ကိုယ်ဝန် ဖျက်ချမှုတွေပါ ကပ်ရက်ပါလာတော့မှာ…. မျှော်လင့်ထားတဲ့ နေ့ရက်ကို ရောက်လာလို့ “ ကဲ.. ရှင် ကျမကို လက်ထပ်ပါတော့.” လို့ ပြောရတော့မယ်…. အဲဒီအချိန်မှာ ယောက်ျားလေးဖက်က ဒီဥပဒေကို ထုတ်သုံးပါပြီတဲ့… “ နင့်ကို ယူဆိုရင်တော့ ခုချက်ချင်း ငါယူလိုက်မယ်…. ဒါပေမယ့်… ငါကတော့ မိရိုးဖလာ ငါ့ဘာသာကို မစွန့်လွတ်နိုင်ဘူး…အဲဒါကြောင့်.. ထောင်(၁၀)နှစ်ပဲ အကျခံလိုက်မယ်…”  လို့ ပြောလာခဲ့ရင် မိတ်ဆွေတို့ရဲ့ မြန်မာဗုဒ္ဓဘာသာမလေးများ ကိုယ်ချစ်တဲ့ယောက်ျားလေးအပေါ်မှာ အဲလောက်ကြီး ခက်ထန်မာကျောတဲ့ စိတ်မျိုးထားနိုင်ပါ့မလား… ဒါမှမဟုတ် အဲဒီအချိန်ကျမှ ကျမနဲ့ ဟိုဝှာ ဟိုလို ဖြစ်ပြီးပါပြီဆိုပြီး ဘယ်မှာသွားတိုင်လို့ ဘယ်လိုအရေးယူနိုင်တော့မလဲ….

ကျနော်က ဘေးအမြင်နဲ့ တစ်စတစ်မျှင်လေး ထုတ်ပြတာပါ.. စဉ်းစားကြပါအုံးဗျာ….

တကယ်ဖြစ်သင့်တာက တို့ ဗုဒ္ဓဘာသာ မြန်မာမိန်းမပျိုလေးတွေ ယောက်ျားပျိုလေးတွေ ဘာကြောင့် ဘာသာခြားကို လက်ထပ်ကြတာလဲဆိုတဲ့ အရင်းအမြစ်ကို အရင်ရှာသင့်တယ် ထင်တယ်နော်….

ဆိုပါတော့ ဆော်ဒီနိုင်ငံမှာ မိန်းမပျိုလေးဖြစ်ဖြစ် ယောက်ျားပျိုလေးဖြစ်ဖြစ် ဘယ်အချိန်မှာ အိမ်ထောင်ပြုပြုဗျာ သေချာတယ် မူစလင်အချင်းချင်းပဲရကြမှာ…. အဲဒီလိုပဲ အစ္စရေးမှာလည်း ထိုနည်း၎င်းပဲဗျ… ဘာလို့လဲဆိုတော့ သူတို့ပတ်ဝန်းကျင်မှာ ဘာသာခြားမှ မရှိတာဗျ… ခုမြန်မာနိုင်ငံရဲ့ အခြေအနေက ဥပဒေထုတ်ရလောက်အောင်ကို ဖြစ်နေပြီဆိုကတည်းက သေချာနေပြီ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဦးရေနဲ့ ဘာသာခြားဦးရေဟာ မတိမ်းမယိမ်း အခြေအနေရောက်နေပြီဆိုတာ…. ဆိုတော့ ဗုဒ္ဓဘာသာဟာ တဖြေးဖြေး ၀ါးမျိုခံနေရပြီဆိုတဲ့သဘောပေါ့ဗျာ….

ပြီးတော့ မိတ်ဆွေတို့ လေးလေးနက်နက် သတိချပ်သင့်တာက မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံး ခြေကုတ်စခန်းဆိုတာကို ဘယ်တော့မှ မေ့မထားကျပါနဲ့….

သမိုင်းကို အစွဲမပါပဲ ပြန်ငှဲ့ကြည့်ကြပါ ဗုဒ္ဓဘာသာဟာ တိုးပွားလာတာထက် လျှော့ပါးသွားတာကို မိတ်ဆွေတို့ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ…

ကဲ… အခု ကျနော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့ ဗုဒ္ဓဘာသာ လူမှုအဖွဲ့အစည်းနဲ့ ကျနော်တို့ ခရစ်ယာန် လူမှုအဖွဲ့အစည်းတို့ရဲ့ အခြေခံအဆောက်အဦးဖွဲ့စည်းပုံကို နှိုင်းယှဉ်ကြည့်ကြရအောင်လားဗျာ… နှိုင်းယှဉ်ကြည့် မယ်ဆိုတဲ့နေရာမှာ ဗုဒ္ဓရဲ့ တရားဓမ္မနဲ့ ခရစ်ယာန်ရဲ့ သမ္မာတရားကို နှိုင်းယှဉ်ကြည့်ဖို့ မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်…

ဒီလိုဗျာ.. မိတ်ဆွေတို့သိနှင့်ထားပြီးတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာမိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးများဟာ အလိုလို ဗုဒ္ဓဘာသာဝင်တွေဖြစ်သွားကြသလို ခရစ်ယာန်တွေမှာလည်း ထိုနည်းလည်းကောင်းပဲ မဟုတ်လားခင်ဗျာ… ဗုဒ္ဓဘာသာဝင်တွေဖြစ်လာကြတဲ့ သားသမီးများကို ခဏအသာ ထားလို့ ခရစ်ယာန်ဖြစ်လာကြတဲ့ ကျနော်တို့ရဲ့ သားသမီးများအကြောင်းကို အကြမ်းဖျင်းလေး ကျနော်ပြောပြပါရစေခင်ဗျာ….ချစ်မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်…

ခရစ်ယာန် သားသမီးများဟာ အသက်သုံးနှစ်လောက်ကစလို့ Sunday School ဆိုတဲ့ ဘုရားကျောင်းက ကျောင်းလေးကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မိဘများက တာဝန်ယူ ပို့ဆောင်ပေးကြတယ်… အဲဒီ Sunday School မှာ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အကြီးတန်းဆိုပြီး အဆင့်ဆင့်ရှိတာကြောင့် သားသမီးများဟာ အသက်အရွယ် ၁၆၊ ၁၇ နှစ်ထိ မိဘများက ကြပ်မတ်ပြီး မပျက်မကွက် တက်စေပါတယ်… Sunday ရောက်လို့ Sunday School မသွားခဲ့ရင် အမေ့ရဲ့ ဒုတ်စာလား အဖေကဆော်မလားဆိုတာ တွေးကြောက်နေရပြီသာမှတ်ပေတော့.. အဲဒီလောက် မတင်းကြပ်တဲ့ မိဘတွေလည်းရှိပါတယ်… ဒါပေမယ့် များသောအားဖြင့် ၁၀နှစ်အောက်ကလေးတွေကိုတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လေ့ရှိတယ်ဗျ… အဲဒီလို မူကြိုကနေ အကြီးတန်းအထိ အစီအစဉ်အတိုင်း တစ်နှစ်ပြီးတစ်နှစ် အတန်းတက်ရုံမဟုတ်ပါဘူး… နှစ်စဉ်ကျင်းမလေ့ရှိတဲ့ မိခင်များနေ့၊ ဖခင်များနေ့၊ ခရစ္စမတ်နဲ့ အခြားသောပွဲနေ့တွေမှာ ကဏ္ဍအလိုက် အတန်းတိုင်းဟာ သီးခြားအစီအစဉ်တွေကို ဦးဆောင်ရပါတယ်…

ကျနော်ဘာကိုဆိုလိုသလဲဆိုတော့ ကျနော်တို့ ခရစ်ယာန်ကလေးတွေဟာ အကြမ်းအားဖြင့် အပတ်တိုင်း တနင်္ဂနွေနေ့မှာ ဘုရားသခင်ရဲ့ သမ္မာတရားနဲ့ နီးစပ်တဲ့အပြင် ခရစ်ယာန်မိသားစုချင်းချင်း အမြဲတမ်း မိဿဟာယဖွဲ့ ကူးလူးဆက်ဆံနေကြရတယ်ဆိုတာကို ပြောပြချင်တာပါ… ဆိုတော့ ၁၄၊ ၁၅ နှစ်လောက် နှစ်ရှည်လများ ရိုက်သွင်းခံလာရတဲ့ ဒီသမ္မာတရား ကျနော်တို့ နှလုံးသားမှာ သံမှိုစွဲသလို အမြစ်တွယ်နေမယ်ဆိုတာ ယုံမှားသံသယ ရှိမယ်လို့ မထင်ပါဘူးဗျာ….

ချွင်းချက်အနေနဲ့ တချို့သော ဆယ်ကျော်သက်လေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဘုရားကျောင်းနဲ့ဝေးရာကို ထွက်သွားတတ်ကြပါတယ်… ဒါပေမယ့် အသက်ရှင်နေသရွေ့ အချိန်တန်တဲ့ တနေ့မှာ သူတို့ဟာ ဒီမိသားစု ရင်ခွင်ထဲကို ပြန်ရောက်လာတတ်ကြတာချည်းပါပဲ…

ချစ်မိတ်ဆွေ မြန်မာဗုဒ္ဓဘာသာများလည်း နားဆင်ဖူးမယ်လို့ မျှော်လင့်တဲ့ အဆိုတော် ဗဒင်ရဲ့ သီချင်း စာသားလေးတချို့ကို ဒီနေရာမှာ အနည်းငယ် မျှဝေပါရစေလားခင်ဗျာ…

“ ဘုရားကျောင်းထဲ မင်းလေးမရောက်တာ အတော်ကြာပြီ

အပေါင်းအသင်းများစုမိတဲ့အခါ ငယ်စဉ်ကအကြောင်းတွေ

ပြန်ပြီပြောဖြစ်တယ်ဆို… မင်းသတင်း x  x  x x x   xxx x

x x x x x x    x x x x x x x              x x x  x x x x  x

မင်းဆိုးလို့ ၀ရင် မင်း မိုက်လို့ ၀ရင် ဘုရားကျောင်းဖက် မင်းလေးလှည့်လာနော်…

သိုးမဲဟောင်းကြီးတွေ ပြေးထွက်လာပြီး မင်းကို ကြိုနေမယ်……”

ကျနော်တို့ဆီမှာ အမှန်တကယ် အဲဒီအတိုင်းပါပဲ….

အပေါ်က အကြောင်းအရာတွေဟာ ကျနော်တို့ရဲ့ ဥယျာဉ်ခြံကို ကာကွယ်တဲ့ အကြမ်းဖျင်း နည်းလမ်းပါပဲခင်ဗျာ…(ဥပဒေထုတ်ဖို့ မလိုပါဘူးခင်ဗျာ)

ကျနော်တို့တွေဟာ ဒီလောက်နဲ့ ရောင့်ရဲတင်းတိမ်နေကြတာ မဟုတ်ပါဘူးဗျာ… ကျနော်တို့ ဘုရားကျောင်းလို့ခေါ်တဲ့ အသင်းတော်တပါးစီတိုင်းမှာ ဌာနပေါင်းများစွာရှိကြပါတယ်.. အဲဒီထဲကမှ ဧ၀ံဂေလိဌာန ဆိုတဲ့ အဖွဲ့အစည်းလေးလည်း ရှိပါတယ်… နားလည်လွယ်အောင်ပြောရမယ်ဆိုရင် ဧ၀ံဂေလိဌာန ဆိုတာ သာသနာပြုတဲ့ဌာနပေါ့ဗျာ… သင်းအုပ်ဆရာ(မိတ်ဆွေတို့အနေနဲ့ ကျောင်းထိုင်ဆရာတော်ဆိုပါတော့) ဟာ ဘုရားကျောင်းမှာ ပင်တိုင်ရှိနေပြီး အပတ်စဉ် တနင်္ဂနွေ ၀တ်ပြုအစည်းဝေးကို ဦးဆောင်သည်သာမက အခြားသော အသင်းသူအသင်းသားများရဲ့ လူမှုရေး၊ ကျန်းမာရေး နဲ့ အခြားသော ထွေရာလေးပါးများကို တာဝန်ယူ ခွဲခန့်မှတ်သားပါတယ်.. ဆိုလိုတာက ကိုယ့်ဥယျာဉ်လေးကို လုံခြုံအောင် အကွယ်အကာပေးနေတဲ့ သဘောပေါ့ခင်ဗျာ…

တချိန်တည်းမှာပဲ ဧ၀ံဂေလိဌာနဟာ သွက်လက်ဖျတ်လတ်တဲ့ လူငယ်ဓမ္မဆရာတွေ၊ နိုးကြားတက်ကြွတဲ့ လူငယ်ခေါင်းဆောင်တွေ နဲ့ လူငယ်တွေ စုပေါင်းပြီး မိမိတို့ ဥယျာဉ်ခြံဝန်းပြင်ဖက်ကို ထွက်လို့ ဧ၀ံဂေလိတရား(သာသနာပြုတဲ့တရား)ကို ဟောပြောသက်သေခံကြပါတယ်….အဓိကအားဖြင့် အတီးအမှုတ်တွေပါမယ်… ဇာတ်လမ်းပြဇာတ်တွေ အကတွေနဲ့တကွ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်တဲ့ လူငယ်တွေ ပါဝင်ကြပါတယ်…..

ကျနော်တို့ ဧ၀ံဂေလိဌာနရဲ့ အဓိက Target တွေကတော့  အကြောင်းအမျိုးမျိုးကြောင့် ဘာသာခြားတွေကြားထဲမှာ ရုန်းကန်လှုပ်ရှားနေထိုင်နေကြရတဲ့ လူနည်းစု ခရစ်ယာန်မိသားစုလေးတွေကို အပတ်စဉ်သွားရောက် အားပေးခြင်း မေတ္တာပြခြင်း လိုအပ်တဲ့အကူအညီတွေကို ပေးကမ်းဝေမျှခြင်း စတာတွေ လုပ်ဆောင်ကြပါတယ်… သဘောကတော့ လူနည်းစုမို့လို့ ပတ်ဝန်းကျင်လူများစုရဲ့ လွမ်းမိုးဝါးမျိုမှုကို မခံရအောင် လို့ပေါ့ဗျာ….

အဲဒါပြီးမှ အခြားသော ဘာသာခြားတွေဆီ ဆက်လက်ပြီး ဧ၀ံဂေလိ သာသနာပြုကြပါတယ်…. တောင်တန်းဒေသ ကျေးလက်တောရွာတွေမှာ သာသနာပြုပုံအနည်းငယ် ဖေါ်ပြလိုပါတယ်.. ကျနော်တို့တွေ ဟာ အဲဒီဘာသာခြားကျေးလက်တောရွာ(ဥပမာ.. နတ်စားရွာလိုမျိုးဆိုပါတော့)တွေကိုသွားတယ်.. ကျနော်တို့ရဲ့ သာသနာတရားတွေကို အရင်မဟောပြောပါဘူး… လူငယ်တွေ နှစ်ယောက်တတွဲ သုံးယောက်တတွဲ စသဖြင့် အစုခွဲပြီး အိမ်တိုင်းအိမ်တိုင်းကို သွားပြီး ကူညီလုပ်အားပေးပါတယ်… လယ်ထွန်ချိန် လယ်ထဲကူဆင်း… ကောက်ရိတ်ချိန်ကောင်လှိုင်းတွေ ၀ိုင်းကူရိတ်ပေး.. ထင်းခွေရင်လည်း ၀ိုင်းကူ.. အဲလိုလုပ်တယ်ဗျ… တနေ့တာပြီးလို့ ညနေစောင်းရင်တော့ ကျနော်တို့ လူငယ်တွေ ပြန်စုပြီး အတီးအမှုတ် အဆိုအကပြဇာတ်တွေနဲ့ သူတို့တွေကို ဖျော်ဖြေပါတယ်.. ကြားထဲမှာတော့ ဧ၀ံဂေလိ တရား အနည်းငယ်စီထည့်ဟောကြတာပေါ့ဗျာ….

Post တော်တော်ရှည်နေပြီမို့လို့ ဒီလောက်ပဲ အကြမ်းဖျင်းတင်ပြပေးလိုက်ပါတယ်ခင်ဗျာ…အထက်ပါ အကြောင်းအရာများကတော့ ကျနော်တို့ ဥယျာဉ်ခြံ စည်ပင်တိုးတက်ပွားများဖို့အကြောင်းများထဲက တစိတ်တဒေသကို တင်ပြခြင်းမျှသာ ဖြစ်ပါတယ်ဗျာ…

ချစ်မိတ်ဆွေ မြန်မာဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ အဆွေတို့ဘာသာရဲ့ လူမှုဝန်းကျင်နဲ့ နှိုင်းယှဉ်ကြည့်နိုင်မယ်လို့ မျှော်လင့်ရင်း မေတ္တာနဲ့ ဝေမျှလိုက်ပါတယ်ခင်ဗျာ…

လူဟား (17 June 2013)

About လူ ဟား

လူ ဟား has written 2 post in this Website..