မထည့်ဖြစ်တဲ့စာ

Mr WorldWideJune 18, 20132min1391

မထည့်ဖြစ်တဲ့စာ

ချစ်ရတဲ့အစ်ကိုရေ

အလွမ်းတွေကို စမ်းရေထဲမှာ မျှော်လိုက်ပေမယ့်

စမ်းတွေက ဆည်တွေဖြစ်တော့ တကယ်ညစ်တယ်..အစ်ကို

အစ်ကိုတို့က ပိုသိမှာပေ့ါ

ဟိုတလောက သတင်းစာထဲ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုလား

ဆင်းရဲသားပပျောက်ရေးဆိုလား။

စကားလုံးလေးတွေ တန်းစီထားတာ လှလိုက်တာ…အစ်ကိုရယ်

စကားလုံးလေးတွေ ချီတက်လာတာ ညီနေတာပဲ

ကျွန်မတို့နားထဲ သကြားခဲလေးတွေ ဝင်လာသလိုပဲ

တီဗွီကြေငြာလို ပျော်စရာလိုလို ဘာလိုလို

မစားရ အသားကျ ကျွန်မတို့ ဘဝတွေပေ့ါ…အစ်ကိုရာ

ဘယ်သူမှ မတက်တဲ့ လမ်းဘေးအိမ်သာ ကျမတို့တက်တယ်

ဘယ်သူဌေးမှ မစီးတဲ့ မြို့ပတ်ရထား ကျမတို့စီးတယ်

နိုင်ငံတော်အတွက်ဆို…

တစ်ဆယ်လမ်းကို တစ်ရာပေးစီးလိုက်တာလည်း ကျမတို့ပါပဲ

ကျွန်မတို့အတွက် စဉ်းစားပေးနေပြီဆိုတော့

ကျွန်မတို့ကလည်း ပြန်ပြီး နားလည်ပေးရမှာပေ့ါနော်

အမှိုက်တောင်ပစ်စရာမရှိတဲ့ ကျွန်မတို့ ..အမှိုက်ခွန်ဆောင်ရမယ်တဲ့

ရေခွန်၊လေခွန် မြေခွန် မီးခွန် ဓာတ်ကြီးလေးပါး အခွန်တက်မယ်

ဆိုလား။

ကျွန်မတော့ မယုံပါဘူး အစ်ကိုရယ်….

ဘာလို့ဆို အစ်ကိုတို့က တစ်ခါမှ အတည်မပြောခဲ့ဘူးလေ

ဟုတ်တယ်နော်..အစ်ကို

နောက်နေတာ မဟုတ်လား

ကြားလိုက်ပါသေးတယ်..ဘာတဲ့

အမေရိကန်မှာ အခွန်ဘယ်လိုဆောင်ရတယ်

စင်္ကာပူမှာ အခွန်ဘယ်လို ဆောင်ရတယ်ဆိုလား

သိပ်နားမလည်ပါဘူး..အစ်ကိုရယ်

ကျွန်မတို့လည်း နိုင်ငံတကာအဆင့်မီ အခွန်တွေ ဆောင်ရတော့မှာလား။

ဝမ်းနည်းရမှာလား…ဝမ်းသာရမှာလား…ဂုဏ်ယူရမှာလား။

ကျွန်မ မသိတော့ဘူးအစ်ကို….

လောလောဆယ် ကျွန်မသိတာက

အခွံပဲရှိတဲ့ ကျွန်မ..အခွန်ထဲမှာ ကျပ်နေတာပဲ

ဆင်းရဲမွဲတေမှု စီမံကိန်းဆွဲနေတုန်း

ဘယ်သူဌေးမှ မတက်တဲ့ အိမ်သာထဲ ဗုံးကွဲတော့

ဆင်းရဲသားတစ်ချို့ လျော့သွားတယ်တဲ့..အစ်ကို

လျှော့ပါ..လျှော့ပါ အစ်ကိုတို့ လျှော့လေ ကျွန်မတို့ လျော့လေပါပဲ။

အစ်ကို…

ဒီစာရေးပြီးမှ ဒီစာမပေးဖြစ်တော့ပါဘူး။ ညီမမိုက်ကို ခွင့်လွှတ်ပါ။

စာပို့ခတွေ သုံးဆဆိုလား..လေးဆဆိုလား..ငါးဆဆိုလား

ဒီစာကျွန်မသိမ်းထားလိုက်ပြီ အစ်ကို

လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့….ညီမ။

(ကိုရွေး)

ကျွန်တော့်အကြိုက်ဆုံး..ကဗျာထဲက တစ်ခုပေ့ါ။ စာဖတ်သူလည်း နားလည်ခံစားကြပါစေ…

One comment

  • မင်းမင်း

    June 18, 2013 at 9:10 am

    ထိထိမိမိစာလေးပါ။

    (ညီမသိမ်းထားတဲ့စာ

    အစ်ကိုပို့လိုက်ပြီ)

Leave a Reply