လေထဲတွင်လွင့်ပျံ့ခဲ့သော လွင့်ပျံ့နေဆဲဖြစ်သော

“လေထဲတွင်လွင့်ပျံ့ ခဲ့သော လွင့်ပျံ့နေဆဲဖြစ်သော”

 

 

ဟိုလွန်ခဲ့သောနှစ်များစွာရဲ့မနက်ခင်းလေးတွေကို စိုးမိုးထားတာကတော့

“ဘီဘီစီ” ဆိုတဲ့အသံလွှင့်ဌာနကထုတ်လွှင့်ပေးနေတဲ့မြန်မာပြည်သတင်းတွေပါဘဲ။

အထူးသဖြင့်မြို့ပြမှာနေထို်င်တဲ့ပညာတတ်များနဲ့နိုင်ငံရေးကိုစိတ်ဝင်စားသူလူအတော်များများ ရဲ့ နေ့စဉ်အလုပ်တွေထဲကမဖြစ်မနေဆောင်ရွက်ကြတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုနားထောင်တဲ့လူတွေထဲမှာအဆင့်မြင့်ရာထူးကြီးကြီးယူထားကြတဲ့စစ်ဘက်နယ်ဘက်

ဝန်ထမ်းတွေလဲပါတယ်ဆိုတာ အံ့ဩဘွယ်ရာ သိရပြန်ပါတယ်။

နားထောင်တဲ့ရည်ရွယ်ချက်ခြင်းတော့ မတူဘူးပေါ့။

မနက်စောစော “ဘီဘီစီ”ကမြန်မာပိုင်းအစီအစဉ်လာပြီဆိုတာနဲ့ သူတို့ပြောတာဟောတာလေးတွေကို

သေသေချာချာနားထောင်။

လက်ဖက်ရည်ဆိုင်မှာရုံးမှာလူစုံတဲ့စကားဝိုင်းမှာဆုံကြပြီဆိုရင်  နားမထောင်လိုက်ရတဲ့ မိတ်ဆွေတွေကို နားထောင်လိုက်ရတဲ့သူက တစ်ဆင့်ပြန်ဖောက်သည်ချ။

နားထောင်ပြီးသားလူအချင်းချင်းကတော့ ကိုယ့်အမြင်သူ့အမြင်ဖလှယ်ကြ။

“ဘီဘီစီ” ကလွှင့်ခဲ့တာ ဝေဖန်ခဲ့တာတွေ ကရော တကယ်အစစ်အမှန်တွေဟုတ်ရဲ့လားလို့ ဘယ်သူမှသေသေချာချာ မတွေးမိခဲ့တာလဲအမှန်ပါဘဲ။

နောက်ပိုင်းမှာ တော့ ဒီအသံလွှင့်ဌာနက လွှင့်တာတွေကို လူတွေက ယုံကြည်လာတယ်ဆိုတဲ့

အချိန်မှာတော့ ဒီအစီအစဉ်ကို လူသိရှင်ကြားနားထောင်လို့မရတော့ပါဘူး။

ဒါကိုနားထောင်တာကလည်း သိုသိုသိပ်သိပ် တိုးတိုးတိတ်တိတ်လုပ်ရတဲ့စာရင်းထဲမှာပါသွားပြန်ပါတယ်။

ကိုယ်နေတဲ့နေရာနဲ့ ဟိုးအဝေးကြီးမှာရှိနေတဲ့ အသံလွှင့်ဌာနကနေလွှင့်တာကို အနီးမှာရှိတဲ့လူ

တွေက မက်မက်စက်စက် တခုပ်တရ နားထောင်ကြတယ်ဆိုတာ သဘာဝတော့ မကျပါဘူး။

သဘာဝမကျပေမယ့်လည်းတကယ်ရှိခဲ့ တကယ်ဖြစ်ခဲ့တာပါဘဲ။

ဘာလို့လဲမေးရင်တော့ ပေးစရာအဖြေက တစ်ခုထဲဘဲရှိပါတယ်။

“သတင်းမှောင်ချထားလို့ ဖုံးကွယ်ထားလို့”ဆိုတာပါဘဲ။

*************************************************

လွတ်လပ်ရေးရပြီးခါစ တော်လှန်ရေးကောင်စီ အာဏာမသိမ်းမှီရှေးယခင်ကာလများကတော့

မြန်မာပြည်က အစစအရာရာလွတ်လပ်ခဲ့ပါတယ်။

သတင်းစာ ဂျာနယ် မဂ္ဂဇင်းအစရှိတဲ့ မီဒီယာတွေက လွတ်လပ်စွာရေးသားခွင့်ရရှိခဲ့ကြပါတယ်။

လွတ်လပ်စွာရေးသာခွင့်ရတော့ အရှိကိုအရှိအတိုင်း သိခွင့်ရခဲ့ကြပါတယ်။

တစ်ခါတစ်ရံမှာ စည်းမစောင့်တတ်တဲ့ မီဒီယာသမားကြောင့်တော့ မဟုတ်ဘဲဖွတာမျိုးတွေ

လူပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ အပုတ်ချခဲ့တာတွေတော့ရှိခဲ့ပါတယ်။

ဒါပေမယ် အဲဒီအချိန်က ကိုယ့်နိုင်ငံအတွင်းကအကြောင်းကို သူများပြောပြမှ ကြားရ

သူများဖော်ပြမှ ဖတ်ရသိရတဲ့ အဖြစ်အပျက်ဆိုတာမရှိခဲ့ပါဘူး။

 

တော်လှန်ရေးကောင်စီလက်ထက်ကနေ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(မ.ဆ.လ) ခေတ်ကိုကူး

ပြောင်းချိန်မှာတော့ ဆိုရှယ်လစ်ဆိုတဲ့ စကားလုံးတွင်ကျယ်လာတာနဲ့အမျှ လွတ်လပ်စွာရေးသား

ဖော်ပြ ပြောဆိုခွင့်တွေ တစထက်တစ ပျောက်ဆုံးလို့လာခဲ့ပါတယ်။

ဗဟိုချုပ်ကိုင်မူ့စံနစ်အရ ကန့်သတ်၊လျှို့ဝှက်၊ အထူးလျှို့ဝှက်၊ထိပ်တန်းလျှို့ဝှက် တံဆိပ်ကပ်ပြီး

သတင်းမှောင်ချခဲ့ခြင်းရဲ့ရလာဒ်ကတော့ “ ကောလဟာလ“ဆိုတဲ့စကားလုံးလေးကိုမွေးဖွားပေးလိုက်

သလိုဖြစ်လာခဲ့ပါတယ်။

နေရာအတော်များများမှာ “အများပြည်သူသိရှိရန်မသင့်၊အများပြည်သူကြည့်ရှု့ရန်မသင့်”ဆိုတဲ့သတ်မှတ်

ချက်နဲ့အတူ ဖုံးကွယ်ခြင်းများက အဆုံးစွန်ထိရောက်လာခဲ့ပါတယ်။

အဆုံးပိုင်းမှာတော့ ဖုံးကွယ်ထိန်ချန်တာ တင်မကတော့ဘဲ အဖြစ်မှန်များနဲ့ ကွဲလွဲသော မမှန် သတင်းတွေကိုသာ

ထုတ်ပြန်ခဲ့တဲ့အတွက် တစထက်တစ ယုံကြည်မူ့ကင်းမဲ့လာခဲ့ပါတော့တယ်။

မဆလခေတ်မှာ လက်တွေ့နဲ့ကင်းကွာသော လိုက်နာရန်ခက်ခဲ့သောမူဝါဒများနဲ့သာမောင်းနှင်ခဲ့ပါတယ်။

စီမံကိန်းတွေအကောင်အထည်ဖော်ရာမှာ အမှန်တကယ်မအောင်မြင်တာကို မအောင်မြင်ဘူးလို့

အမှန်အတိုင်း ပြောရဲသူ ပြောတတ်သူတွေဟာ ဘေးအဖယ်ခံရတဲ့အတွက် အမှန်ကိုပြောရဲသူမရှိတော့ပါဘူး။

“ဗူးပေါက်တာမလိုချင်-ရေပါတာဘဲလိုချင်တယ်”ဆိုတဲ့မူဝါဒအောက်မှာပြားပြားမှောက်ခဲ့ရခြင်း

ကနေသီးပွင့်လာတဲ့ အသီးအပွင့်လေးကတော့ “လိမ်ညာဖုံးကွယ်ခြင်း” ပါဘဲ။

လက်တွေ့မှာမအောင်မြင်တဲ့လုပ်ငန်းကလဲ အထက်ကိုတင်ပေးတဲ့ အစီရင်ခံစာမှာရာနုန်းပြည့်

အောင်မြင်ပါတယ်။

အမြဲတမ်းဘာမှရောင်းစရာရှိတဲ့ သမဝါယမဆိုင်လေးတွေက လဲ လူကြီးတွေလာတဲ့အချိန်မှာ

တော့ သူများဆီကနေ ခေတ္တခဏယူခင်းထားတဲ့ ကုန်ပစ္စည်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်။

ဘာအကောင်ပလောင်မှ မရှိတဲ့ မွေးမြူရေးခြံကလဲ အထက်ကလာစစ်အချိန်မှာတော့

ဘယ်ကဆွဲထည့်ထားမှန်းမသိတဲ့ တိရိစာ္ဆန်တွေနဲ့ အောင်မြင်လို့နေပါတယ်။

သူတို့လာကြည့်တဲ့အချိန်မှာအကောင်းတွေဘဲတွေ့မြင်ခဲ့ရတဲ့သူကလည်း သူ့အထက်ကို

အစီရင်ခံစာတင်ချိန်မှာတော့  အောင်မြင်တယ်ဆိုတာပြချင်တော့ အဖြစ်မှန်ထက်ပိုပိုသာသာလေး

ရေးပြီးတင်လိုက်ပါတယ်။

အထက် အထက် အဆင့် အဆင့်ကို အစီရင်ခံစာရေးကြတဲ့အခါမှာ

အကောင်းတွေချည်းရေးတင်ပေးကြပါတယ်။

ဒီလိုတစ်ဆင့် တစ်ဆင့်လိမ်ညာလို့အစီရင်ခံစာတင်ရင်းကနေ

နောက်ဆုံးအဆင့်နို်င်ငံပိုင် သတင်းစာမျက်နှာပေါ်မှာတော့  အကောင်းမကုန်တဲ့

ဖော်ပြချက်တွေကိုသာပြည်သူပြည်သားများဖတ်ခွင့်ရပါတော့တယ်။

တကယ့်လက်တွေ့ဘဝမှာအဆင်မပြေတာတွေမြင်နေပေမယ့် သတင်းစာမှာ

ရေဒီယိုကအသံလွှင့်ရာမှာရုပ်မြင်သံကြားသတင်းမှာအောင်မြင်ဖြစ်ထွန်းတာတွေဘဲ ရေးပြ အသံလွှင့်ပြ ရိုက်ပြကြတယ်ဆိုတော့ အကြောင်းသိနေတဲ့ ဒေသခံတွေအဘို့မှာရီစရာတွေဖြစ်လို့ပါဘဲ။

အဲဒီကစပြီး တစ်ယောက်စကား တစ်ယောက်နားပြန့်နှံ့ပြီး အဲဒီမှာပါတာတွေက လိမ်ဆင်တွေဆိုတာသိလာကြပါတယ်။

ဒီတော့လဲ လူတွေစိတ်ထဲမှာ သတင်းစာက ပါတွေက အမှား။

ကျန်တဲ့ နေရာကလာတဲ့ သတင်းတွေကအမှန်တွေပါတယ်ဆိုတာကို သိလာရပြန်ပါတယ်။

ဒီအတွေးအခေါ်က တစ်နိုင်ငံလုံးအတို်င်းအတာထိ ပြန့်နှံခဲ့တဲ့အချိန်မှာတော့

တိုင်းပြည်အပေါ်မှာ မကောင်းသတင်းလွှင့်ချင်သူများ က မမှန်ကန်တဲ့သတင်းတွေ

သူတို့ဖြစ်စေချင်တာတွေကို ရောထည့်ပေးပါတော့တယ်။

တစ်ခါတစ်ရံမှာ အများပြည်သူကြားတဲ့ မှာစကားလေးတစ်ခွန်းအကြောင်းအရာလေးတစ်ခု

စိမ့်ဝင်ပျံ့နှံ့လို့သွားအောင် မမှန်သတင်းတွေကို ဟိုဘက်ရောဒီဘက်ကပါ

အပြိုင်အဆိုင်လွှင့်ထုတ်ကြတဲ့အခါမှာတော့ “ကောလဟာလ” ဆိုတဲ့စကားလုံးလေးက

နေ့စဉ်သုံးစကားလုံးမှာ တဖြည်းဖြည်းနဲ့နရာယူလာပါတော့တယ်။

မိဘနေရာကရှိနေတဲ့ အုပ်ချုပ်သူများက သားသမီးများဖြစ်တဲ ့တိုင်းသူပြည်သားတွေကို

စိတ်မချမ်းမြေ့မှာစိုးလို့ အနိဌာရုံ သတင်းတွေကိုမှောင်ချခဲ့ပါတယ်။

အောက်အဆင့်က အထက်အဆင့်ကိုတင်ပြတဲ့နေရာမှာဖုံးဖိပြီးတင်ပြတာလား

အထက်အဆင့်ကဘဲ ထိန်ချန်ပြီး ဖော်ပြတာလားဆိုတာကတော့ကာယကံရှင်တွေကိုယ်တိုင်ဘဲ

သိနိုင်ပါလိမ့်မယ်။

သဘာဝဘေးအန္တရာယ်ကြောင့် လူတွေသေတာ အဆောက်အဦတွေပျက်စီးတာ

မတော်တဆထိခိုက်မူ့တွေကြောင့်သေကြေပျက်စီးကြတာ ကိုထုတ်ပြန်တဲ့နေရာမှာ

အရှိအတိုင်း ပကတိအတိုင်းဖော်ပြလေ့မရှိဘဲ သေဆုံးသူအရေအတွက်

ပျက်စီးဆုံးရှုံးတဲ့ ပမာဏတွေကို လျော့ပြီးဖော်ပြခဲ့ကြပါတယ်။

အဖြစ်မှာကို်ယ်တိုင်ပါဝင်ကြုံတွေ့ခဲ့သူများ ဒီသတင်းတွေကိုဖတ်မိတဲ့အခါမှာ

အဖြစ်အပျက်အမှန်တွေကိုဖောက်သည်ချတဲ့အချိန်မှာတော့ လိမ်ညာထားတာတွေက

ဘူးပေါ်သလိုပေါ်ကုန်ပါတယ်။

အဲဒီအခါမှာတော့ လူတွေက တရားဝင်ထုတ်ပြန်တဲ့သတင်းအပေါ်မှာယုံကြည်ခြင်းမရှိတော့ပါဘူး။

အဲတော့ ထုတ်ပြန်တဲ့သတင်းတွေထက် ဟိုက ဒီကနေပြီး တီးတိုးပျံ့လွင့်လာတဲ့ သတင်းစကားတွေကိုသာ ယုံကြည်လက်ခံလာကြပါတော့တယ်။

???????????????????????????????????????????????????????????????????????????????

“မီးခိုးထွက်တယ်ဆိုတာ မီးရှိလို့”ဆိုတဲ့စကားပုံလေးအတိုင်းပါဘဲ ။

ကောလဟာလဆိုတာအဖြစ်ပျက်အမှန်တွေရှိနေလို့ဆိုတာကို သက်သေပြုနိုင်တဲ့

အကြောင်းတရားတွေကလဲဖြစ်ပေါ်လို့လာခဲ့ပါတယ်။

၁၉၈၈ တပြည်လုံးအတိုင်းအတာနဲ့ ပါဝင်ခဲ့တဲ့  ၈၈၈၈အရေးတော်ပုံပေါ်ပေါက်စေခဲ့တဲ့

အကြောင်းရင်းများထဲက တစ်ခုဖြစ်တဲ့ “တရားမဝင်ငွေစက္ကူ”ကိစ္စကလဲ ကောလဟာလဆိုတာ

ပစ်ပယ်ထားလို့မရဘူးဆိုတာကို ယုံကြည်စေလောက်တဲ့ အဖြစ်အပျက်တွေရှိနေခဲ့ပါတယ်။

တရားမဝင်ငွေစက္ကူအဖြစ် ပထမအကြိမ်မကြေညာခင်လေးမှာ ဒီသတင်းလေးက သဲ့သဲ့လေး

ပေါ်ထွက်လို့လာပါတယ်။

အတော်များများက မဟုတ်လောက်ပါဘူးလို့ထင်မိခဲ့ကြပေမယ့် ငွေစက္ကူကတော့

ကြေညာသွားခဲ့ပါတယ်။

ဒါပေမယ့်အဲဒီပထမအကြိမ်က ကန့်သတ်မူ့တစ်ခုနဲ့ပြန်ပြီးလှဲလှယ်ပေးခဲ့တဲ့ အတွက်အားလုံးတော့

ကြီးမားတဲ့ထိခိုက်နစ်နာမူ့နဲ့မကြုံခဲ့ရပေမယ့် အတော်များများမှာတော့ အပ်ငွေအပြည့်ပြန်လည်မရတဲ့

အတွက်ဆုံးရှုူံးနစ်နာခဲ့ကြပါတယ်။

၁၉၈ရခုနှစ်ဒုတိယအကြိမ်မြောက်မကြေညာခင်အချိန်မတိုင်မီမှာ ငွေစက္ကူနဲ့ပါတ်သက်တဲ့

သတင်းတွေထွက်လာခဲ့ပါတယ်။

စိတ်မချရဘူးဆိုတဲ့ ငွေစက္ကူနံပါတ်စာရင်းထွက်လာခဲ့ပါတယ်။

ဒီသတင်းလေးက တောမီးလို့ပျံ့လာတော့ တစ်ယောက်နဲ့တစ်ယောက်တိုးတိုးတိတ်တိတ်

အသိပေးကြပါတယ်။

မကြာခင်မှာ ဘဲ တစ်ခုသောစနေနေ့ မှာလက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူထဲကအချို့ကို  တရားမဝင်ငွေစက္ကူအဖြစ် ကြေညာခဲ့ပါတယ်။

ဒုတိယအကြိမ်ကြေညာတာကတော့ လုံးဝပြန်လဲမပေးတဲ့ အတွက် တပြည်လုံးအတိုင်း

အတာနဲ့ ဆင်းရဲချမ်းသာမရွေး ထိခို်က်နစ်နာခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်ရဲ့နောက်ပိုင်းမှာတော့ သတင်းလေးတစ်ခုထွက်လာရင်

ကောလဟာလ ရယ်လို့ သဘောမထားနို်င်ဘဲ ထွက်လာတဲ့သတင်းကိုစူးနစ်စွာ

ယုံကြည်ခဲ့တဲ့ အလေ့အကျင့်ကိုမွေးမြူပြီးသားဖြစ်သွားခဲ့ကြပါတယ်။

 

#################################################

ရှစ်လေးလုံးအရေးအခင်းအပြီးမှာ တော့ အုပ်ချုပ်ပုံအဆင့်ဆင့်ပြောင်းခဲ့ပေမယ့်

သတင်းမှောင်ချမူ့ကတော့ တိုးသထက်တိုးလာခဲ့ပါတယ်။

အပြင်မှာဖြစ်ပျက်နေတာနဲ့ကွဲလွဲခြားနားနေတဲ့ သတင်းထုတ်ပြန်မူ့တွေကိုသာ

မြင်တွေ့ခဲ့ရပါတယ်။

ရှစ်လေးလုံးအလွန်ကာလများမှာ အခြားသောနိုင်ငံများရဲ့စီးပွားရေးပိတ်ဆို့ခြင်း၊

နိုင်ငံရေးအရ ဝိုင်းပယ်ခြင်းခံခဲ့ရတဲ့အတွက် အကျပ်အတည်းများစွာနဲ့ရင်ဆိုင်ခဲ့ရတဲ့

ကာလများဖြစ်ခဲ့ပါတယ်။

နိုင်ငံရဲ့အကျပ်အတည်းဟာ ပြည်သူပြည်သားအားလုံးအတွက် အခက်အခဲတွေဖြစ်လာခဲ့ပါတယ်။

ပြည်သူနဲ့အုပ်ချုပ်သူရဲ့ကြားက ရှိနေတဲ့ မသင့်မြတ်မူ့ကလဲ ကြီးသည်ထက်ကြီးထွားလာခဲ့ပါတယ်။

ဒီလိုအချိန်မျိုးမှာ နိုင်ငံပိုင်မီဒီယာထုတ်လွှင့်နေတဲ့သတင်းတွေက အမှန်မဟုတ်ဘူးဆိုတာကို အများစုကသိနေပါတယ်။

ပုဂ္ဂလိကပိုင်ဂျာနယ်များရှိနေပေမယ့် ကန့်သတ်ချုပ်ချယ်မူ့အောက်မှာသာရှိနေခဲ့တဲ့အတွက်

လွပ်လပ်စွာရေးသားခွင့်မရှိ ၊

စာပေစီစစ်ရေးရဲ့ ဖြတ်တောက်ထိန်းချုပ်မူ့အောက်မှာသာရှိနေတဲ့အတွက်အမှန်အတိုင်းဖော်ပြနိုင်ခြင်းမရှိခဲ့။

 

ကိုယ်ပြည်တွင်းကသတင်းမှန်ကို မရနို်င်တဲ့အခါ ပြည်ပနိုင်ငံများက ထုတ်လွှင့်တဲ့သတင်းကိုသာမှန်တယ်လို့

ယုံကြည်ခဲ့ကြရပါတော့တယ်။

အဲဒီအချိန်မျိုးမှာ တိုင်းပြည်ကို ထိုးနှက်တိုက်ခိုက်ဘို့ ရည်ရွယ်ချက်သာရှိနေတဲ့ ပြည်ပ မီဒီယာများကလဲ

အဖြစ်မှန်နည်းနည်းကြားမှာ သူတို့ဖြစ်စေချင်တဲ့ အာဘော်ကို သာသာထိုးထိုးလေးဖော်ပြလို့တိုက်ခိုက်တာ

များလဲရှိလာပါတယ်။

ဖိနှိပ်ချုပ်ချယ်မူ့ရဲ့သားကောင်များဖြစ်နေကြတဲ့ပြည်သူများအဖို့တော့ အပြင်ကထုတ်လွှင့်တဲ့သတင်းကိုပိုမို

ယုံကြည့်ခဲ့ကြတာမဆန်းဘူးလို့တော့ဆိုနိုင်ပါတယ်။

တိုက်ဆိုင်တာဘဲဆိုဆို တမင်ဖန်တီးယူတာဘဲဖြစ်ဖြစ် ဘာဖြစ် ညာဖြစ်ဆိုတဲ့ ကောလဟာလဆိုတဲ့သတင်းအများစုက အချိန်ကာလတစ်ခုမှာတော့ တကယ့်ကိုဖြစ်လာခဲ့တဲ့အခါ

ပြောတိုင်းယုံတဲ့လူသားများဘဝကိုလျောကျသက်ဆင်းခဲ့ကြရပါတယ်။

အတိအကျပြောရရင်တော့ မအောင်မြင်မူ့ ပျက်စီးဆုံးရှုံးမူ့တွေကို ဖုံးကွယ်ထားတဲ့ ပြည်တွင်းသတင်းများနဲ့

အဖြစ်ပျက်မှန်ကို ဖုံးကွယ်ပြီး ကွာဟချက်ကြီးသည်ထက်ကြီးအောင်ဖန်တီးနေတဲ့ ပြည်ပမီဒီယာကျွဲနှစ်ကောင်

ကြားမှာ မြေစာပင်ပြည်သူများရဲ့ စိတ်ပိုင်းဆိုင်ရာပျက်စီးလို့လာခဲ့ပါတယ်။

ကိုယ်ပိုင်ဦးနှောက်နဲ့ ဆင်ခြင်မူ့မရှိတော့ဘဲ သူများပြောတာကို လွယ်လွယ်ယုံတဲ့သူတွေများလာသလို

ကောလဟာလ များကလည်း များသထက်များ ခိုင်သထက်ခိုင်လို့လာခဲ့ပါတယ်။

********************************************************************IMG_6035 [640x480]

 

 

သက္ကရာဇ်၂၀၀ဝခုနှစ်အလွန်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့ဆက်သွယ်မူ့ကဏ္ဍတွေတိုးတက်လို့လာပါတယ်။

အရင်က ကြိုးဖုန်းသာရှိခဲ့ရာကနေ ဆယ်လူလာ စီဒီအမ်အေ ဂျီအက်စ်အမ် အစရှိတဲ့

လက်ကိုင်ဖုန်းတွေပေါ်ပေါက်လာတဲ့အခါမှာ ဟိုးမိုင်ပေါင်းများစွာအဝေးမှာရှိနေတဲ့အရပ်က

သတင်းပလင်းတွေကို ချက်ခြင်းသိလာနို်င်တဲ့ အခွင့်အရေးတွေရှိလာသလို တွင်ကျယ်စွာလဲ

အသုံးချနိုင်ခဲ့ကြပါတယ်။

ကမ္ဘာအရပ်ရပ်မှာဖြစ်ပျက်နေတာတွေကို တပြေးညီသိနိုင်တဲ့ ဂြိုဟ်တုစလောင်းတွေပေါ်လာခဲ့

ပါတယ်။

ရေဒီယိုက တီဗွီကတစ်ဆင့်လာတဲ့ သတင်းဆိုတာ နားထောင်ရုံသက်သက်ဘဲဖြစ်ပါတယ်။

အကြောင်းအရာတစ်ခုကို ချက်ခြင်းသိနိုင်တာဘဲရှိပါတယ်။

ကိုယ့်အချင်းချင်း သိတာလေးကို ဖလှယ်ကြရုံထက်ဘာမှ မပို။

နောက်များမကြာမီမှာဘဲ လေထဲကနေ ဆက်သွယ်တဲ့ အင်တာနက်ဆိုတာပေါ်လာပါတယ်။

ပေါ်ကာစက တော့ ဈေးလဲကြီးတဲ့အပြင် အင်္ဂလိပ်ဘာသာစကားနဲ့သာအသုံးပြုလို့ရတဲ့အတွက်

မတွင်ကျယ်တဲ့အပြင် ဒီအင်တာနက် သုံးတယ်ဆိုတာ သာမန်လူတစ်ယောက်အတွက်

တရားဝင်တာလို လို တရားမဝင်တာလိုလို ဆိုပြန်တော့ လူတိုင်းမသုံးဖြစ် မသုံးရဲခဲ့ပါဘူး။

နောက်ပိုင်း အင်တာနက်မှာ မြန်မာစာအသုံးပြုလို့ရတဲ့အချိန်ကစပြီး သုံးတဲ့သူများလာခဲ့ပါတယ်။

အဲဒီကမှတစ်ဆင့် အင်တာနက်မှာအသင်းအဖွဲ့လေးပေါင်းမြောက်များစွာပေါ်လာပါတယ်။

အသုးံအများဆုံးကတော့ ဖွဘုတ်လို့ခေါ်ကြတဲ့ သုံးရတာလွယ်ကူမြန်ဆန်တဲ့ဖေစ်ဘုတ်ပါဘဲ။

ဒီဖွဘုတ်အပါအဝင် အင်တာနက် နဲ့စတင်ထိတွေ့စဉ်အချိန်မှာတော့လူတိုင်းလူတို်င်းက အကောင့်နာမယ်လေးတစ်ခုကလွဲရင် ကျန်တဲ့ ကိုယ်ရေးကိုယ်တာ

အချက်အလက်တွေကို လူသိမခံရဲကြပါဘူး။

အဆင်မတော်ရင် အီးမေးလ်အကောင့်လေးတစ်ခုရှိတာနဲ့တင်အထဲကိုပို့ချင်ပို့လိုက်နိုင်တာကိုး။

အဲတော့ သိုသိုသိပ်သိပ်နေကြသလို အင်တာနက်ကနေကိုယ်ရေးချင်တာ ရေးနိုင်ပြောနိုင်ပြန်ပါတယ်။

၂၀၁ဝ အလွန်မှာတော့ အင်တာနက်သုံးသူဦးရေများသထက်များလာပါတယ်။

အထူးသဖြင့်ဖေစ်ဘုတ်ကိုအပိုအသုံးပြုကြပါတယ်။

အင်တာနက်ရဲ့အားသာချက်ကတော့ အခုတင်အခုဖတ်အခုပြန်ပြီးဝေဖန်လို့ရပြောလို့ရအောင်

မြန်ဆန်လာခြင်းပါဘဲ။

မြန်ဆန်လာခြင်းကြောင့်လဲ ကောင်းသောရလာဒ်ရှိသလို မကောင်းသောရလာဒ်များလဲရှိလာခဲ့ပါတယ်။

ဟိုးအရင်ကတည်းက ကောလဟာလအပေါ်မှာ မှီခိုနေထိုင်ခဲ့တဲ့ ယုံကြည်ခဲ့ရတဲ့ ပြည်သူတွေမှာ

ဒီဖေစ်ဘုတ်အပေါ်ကနေ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘယ်သူဘယ်ဝါမှန်းမသိသူရဲ့

ရေးသားချက်များကို ယုံကြည်သူကယုံကြည်ခဲ့ကြပါတယ်။

ခက်ပြန်တာက ဒီအင်တာနက်က ရုပ်မြင်သံကြားရရုံတင်မက ကို်ယ်တိုင်တောင်အပြန်အလှန်ပြောခွင့်ရနေတော့အသုံးပြူသူများသလို

ယုံကြည်ကြသူလဲများပါတယ်။

အခုနောက်ပိုင်းဖြစ်လာတာကတော့ ဟုတ်တာဘဲဖြစ်ဖြစ် မဟုတ်တာဘဲဖြစ်ဖြစ် ဒီအင်တာနက်ပေါ်

ရောက်သွားတယ်ဆိုရင် ဖုံးကွယ်လို့မရဘဲ လူသိရှင်ကြားဖြစ်သွားတာငြင်းလို့မရနို်င်အောင်ပါဘဲ။

၂၀၁၂နောက်ပိုင်း မှာ အ စိုးရ ဖွဲ့စည်းပုံအပြောင်းအလဲ မူဝါဒအပြောင်းအလဲမှာ စာနယ်ဇင်းမီဒီယာ

အပေါ်မှာဖိစီးထားတာတွေကို အတော်လေးဖြေလျော့ပေးလိုက်ချိန်မှာ နဂိုကထဲကလွတ်လပ်ခဲ့တဲ့

အင်တာနက်က ပိုပိုပြီးလွတ်လပ်လို့လာပါတယ်။

ဒီအင်တာ နက်ပေါ်မှာဘဲ ပိုစ်တွေရေးကြ မှတ်ချက်တွေပေးကြ အပြန်အလှန်ရေးကြ

အပြန်အလှန်ကလော်တုတ်ကြနဲ့နည်းနည်းလေးတော့ရုပ်ပျက်ဆင်းပျက်နိုင်လာပါတယ်။

အရင်က အင်တာနက်ဆိုတာ တစ်နေရာထဲမှာအသေထိုင်ပြီးကွန်ပြူတာနဲ့တွဲကြည့်မှာ ရတာကနေ

လက်ကိုင်ဖုန်းကိုအသုံးပြုလို့ကိုယ်ရောက်လေရာရာကနေ ကြည့်ချင်သလို ကြည့်လို့ရတဲ့အဆင့်ကိုရောက်လာပါတယ်။

အဲဒီကမှာတစ်ဆင့် ကိုယ့်ဖုန်းမှာတင်အင်တာနက်ချိတ်ထားရင် သုံးလို့ရသလို

ဟော်တယ်တွေ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ ဝိုင်ဖိုင်(ကြိုးမဲ့ အသံလွှင့်စနစ်)ကိုအသုံး

ပြုနို်င်ချိန်မှာတော့ သုံးရတာပိုပိုလွယ်ကူသွားပါတယ်။

ပိုမိုလွယ်ကူမြန်ဆန်တာနဲ့အမျှ မကောင်းသောရည်ရွယ်ချက်နဲ့ ထုတ်လွှင့်လိုက်တဲ့

ပျက်စီးရာပျက်စီးကြောင်းကို ဦးတည်ထားတဲ့ အရေးအသားများကလဲ လူထုကြားမှာ

အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။

အင်တာနက်သုံးရတာလွယ်ကူတာကြောင့် ကောလဟာလတွေ ပိုပိုများလာသလို ပိုပိုလဲလွယ်ကူစွာပျံ့နှံ့သွားခဲ့ပြန်ပါတယ်။

အလားတူဘဲ မမှန်သတင်းတစ်ပုဒ်ထွက်သွားရင် မဟုတ်တဲ့အကြောင်းကိုချက်ခြင်းလက်ငင်း

လျှင်လျှင်မြန်မြန် ပြန်လည်ချေပပြီး တားဆီးနိုင်ပြန်ပါတယ်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ပြီးခဲ့တဲ့ မကြာခင်ရက်ပိုင်းလေးအတွင်းမှာ ဒီကောလဟာလ လက်ကနေ မန်းလေးမြို့ကြီးကို

ကယ်တင်နုိုင်ခဲ့ကြပါတယ်။

အခုရက်မှာအများသိကြတဲ့အတိုင်း သာမန် မထူးဆန်းတဲ့အဖြစ်အပျက်ကလေးတွေကနေ

ဘာသာရေးအထိကရုဏ်းအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။

၂၀၁၃ ဇွန်လ (၅)ရက်နေ့က ၃၅ -၃၆ကြား ရ၆လမ်းပေါ်က ကျောင်းတစ်ခုမှာ ကျောင်းသားလေးတွေရန်ဖြစ်ကြတယ်။

ဒါကလဲ မထူးဆန်းတဲ့ ဖြစ်ရပ်ပါ။

ကလေးတွေကိုးဗျ။

အဲဒီမှာ လူတွေဝိုင်းအုံကြည့်တာက တစထက် တစများများလာတော့ လူစုခွဲပြီး လမ်းပိတ်ထားလိုက်ရပါတယ်။

အဲဒီမှာ ပဋိပက္ခဖြစ်အောင်ဖန်တီးချင်သူက မဟုတ်မဟတ်တွေကို ဆိုင်ကယ်နဲ့လိုက်အော်ပါတယ်။

အဲဒီမှာ ဘာသာရေးအဓိကရုဏ်းဖြစ်အောင်ဖန်တီးယူတာပါ။

မန်းလေးမြို့ ၃၅လမ်းမှာဖြစ်လိုက်တာက သိပ်မကြာခင်အတွင်းမှာ မြို့သစ် သင်ပန်းကုန်း သုးိခြံထိ

ပျံ့နှံ့လို့သွားခဲ့ပါတယ်။

ဆက်သွယ်ရေးကမြန်ဆန်တော့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေနဲ့ပြောကြတဲ့အခါ

ကိုယ်တို်င်မသိမမြင်ပါဘဲနဲ့ ရမ်းသမ်းဖွတဲ့လူက ဖွဆိုတော့ သတင်းက ပွစာကြဲသွားပြီး

မိဘတွေက ကလေးတွေကိုပြန်လာခေါ်တဲ့ အထိရောက်သွားပါတယ်။

အဲတော့လဲ ဒီကိစ္စဖြစ်တယ်ဆိုတာ မဟုတ်ကြောင်းကို လက်ကိုင်ဖုန်းတွေက တစ်ဆင့်ရော

အင်တာနက်ကပါ ဝိုင်းဝန်းဖြေရှငိ်းလိုက်တော့ ပြဿနာမကြီးခင်ဖြေရှင်းလိုက်နိုင်ပါတယ်။

ကျနော်တို့ငယ်စဉ်က စလို့ လွန်ခဲ့သောနှစ်များအထိ သတင်းမှန်ဆိုတာ မကြားရသလောက်

ရှိပီး ကောလဟာလနဲ့ဘဲလူဖြစ်လာ အရွယ်ရောက်လာခဲ့ရပါတယ်။

အခုချိန်မှာတော့ အဖြစ်မှန် သတင်းမှန်တွေကို ဖော်ပြခွင့်ရသလို ဖော်လဲဖော်ပြလို့ရနေပါပြီ၊

ဒါကြောင့် ကျနော်တို့အားလုံး ကောလဟာလ ကိုယုံကြည်အားကိုးတဲ့စိတ်ကလေးကို

ဖျောက်ပစ်ကြဘို့သင့်ပြီဆိုတာ ကိုတော့ သတိပေးချင်သလို ဖြစ်သမျှပျက်သမျှ

သတင်းကို ပကတိအရှိအတိုင်း အမှန်အတိုင်း မဖော်ပြသမျှကာလပါတ်လုံး

ကောလဟာလ ဆိုတာကို ဟုတ်နိုိုးနိုးနဲ့ယုံကြည်နေကြရအုံးမှာပါဘဲ။

ဒီကောလာဟာလကို ပပျောက်စေချင်ရင် အမှန်ကိုအမှန်အရှိကို အရှိအတိုင်း

ပြည်သူလူထုကို အသိပေးသင့်တယ်လို့  ပါးပါးလေး တွေးမိပါတယ်။

 

ကိုပေါက် (မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

12-6-2013

17 comments

  • မင်းမင်း

    June 18, 2013 at 4:02 pm

    ဖတ်။ကြိုက်။ရှယ်သွားပါတယ်။

    • ko pauk mandalay

      June 19, 2013 at 9:35 am

      ရှယ်ပါခင်ဗျာ များများသိလေ ကောင်းလေပါဘဲ

  • Myo Thant

    June 18, 2013 at 4:04 pm

    Good Post ….Ko Pauk…..Bravo

    Thanks…..

    • ko pauk mandalay

      June 19, 2013 at 9:36 am

      ဖတ်သွားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်

  • ဦး ကျောက်ခဲ

    June 18, 2013 at 4:16 pm

    ဖြတ်သန်းခဲ့ရတဲ့ မဆလခေတ် နဝတ/နအဖခေတ်တွေကို တန်း မြင်သွားတာပဲ…

    “ဗူးပေါက်တာမလိုချင်-ရေပါတာဘဲလိုချင်တယ်”

    ဆိုရင်တော့… ရတယ်လေ၊ ဗိုက်ထဲထည့်ပြီး သယ်ခဲ့မယ်… :mrgreen:

    • ko pauk mandalay

      June 19, 2013 at 9:38 am

      အလွယ်လေးပါ
      ဗိုက်ထဲကရေပြန်လိုချင်ရင် ဗိုက်ခွဲပြီးယူလိုက်ရုံပေါ့

  • kyaw hteik

    June 18, 2013 at 11:37 pm

    ယ​နေ့​ခေတ်​ကိုပုံ​ပေါ်လာ​အောင်​ ​ခေတ်​အဆက်​ဆက်​ရဲ့ဖြစ်​ပျက်​ပုံကို တင်​ပြပုံ​ဖော်​ထားတာ
    အလွန်​​ကောင်​းပါတယ်​။ဒါမှ ယခုအချိန်​မှာ ​ကောလဟာလဆိုတာ ဘယ်​လိုစတင်​ဖြစ်​​ပေါ်ခဲ့တာ
    သိပြီး သတင်​းတစ်​ခုကြားရင်​ စဉ်​းစားချင်​့ချိန်​သင်​့​ကြောင်​း ဗဟုသုတရရှိ​စေပါတယ်​။လူတိုင်​းဖတ်​ပြီ
    အသိအမြင်​ပွင်​့လင်​း ​စေ​သောပို့မို့ ပြန်​လည်​မျှ​ဝေခွင်​့ပြုပါလို့ ခွင်​့​တောင်​းလိုက်​ပါတယ်​။

    • ko pauk mandalay

      June 19, 2013 at 9:42 am

      ကိုထိုက် ရေ သိသလောက် မှီသလောက်လေးကို ဆက်စပ်ပြတာပါ။
      ပြန်လည်မျှဝေပေးတယ်ဆိုရင် ကျေးဇူးအရမ်းတင်ပါတယ်။

      ကိုထိုက်ပြောတဲ့ဆီကို ကျနော် ဇူလိုင်လဆန်းမှာသွားမယ်နော်.
      မမေ့ဘူး သတိရတယ်။
      မိုးလေနဲ့ ခက်ခဲတဲ့ရက်ကို မှတ်တမ်းတင်ချင်လို့ပါ.

  • Ma Ma

    June 19, 2013 at 6:26 am

    ကြုံခဲ့ရတဲ့ ခေတ်စနစ်ရဲ့ ချို့ယွင်းချက် အားနည်းချက်တွေကို ထောက်ပြပြီး ပြုပြင်သင့်တာလေးကိုပါ ဖြည့်စွက် အကြံပြုသွားတာလေးကို သဘောကျတယ်။
    ပြုပြင်နိုင်ကြရင်ကောင်းမယ်။ :hee:

    • ko pauk mandalay

      June 19, 2013 at 9:47 am

      ပြုပြင်ဘို့ကတော့ အားလုံးမှာ တာဝန်ရှိပါတယ်

  • Foreign Resident

    June 19, 2013 at 7:46 am

    ” အမြဲတမ်းဘာမှရောင်းစရာရှိတဲ့ သမဝါယမဆိုင်လေးတွေက လဲ လူကြီးတွေလာတဲ့အချိန်မှာ
    တော့ သူများဆီကနေ ခေတ္တခဏယူခင်းထားတဲ့ ကုန်ပစ္စည်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်။

    ဘာအကောင်ပလောင်မှ မရှိတဲ့ မွေးမြူရေးခြံကလဲ အထက်ကလာစစ်အချိန်မှာတော့
    ဘယ်ကဆွဲထည့်ထားမှန်းမသိတဲ့ တိရိစာ္ဆန်တွေနဲ့ အောင်မြင်လို့နေပါတယ်။ ”

    ကိုပေါက်ရေ ၊ အဲလောက်များကတော့ အဘတို့ စစ်တပ်က သ နားးးးးး တယ် ။
    တပ်ရင်း စပါးခင်းက မ အောင်မြင်တော့ ၊ လူကြီး လာစစ်မယ်လဲ ဆိုရော ၊
    အနီး အနား တပ်နယ်ထဲ က လယ်သမားတွေရဲ့ စပါးခင်း တစ်ခုလုံးကို ၊
    အောက်ခြေ ကနေကို တူးပြီး ရွှေ့စိုက်လိုက်တယ်လေ ( ဘာရမလဲ ) ။

    လူကြီး ပြန်သွားတော့မှ ၊ လယ်သမားတွေကို ၊
    မင်းတို့ စပါးပင်တွေ မင်းတို့ ပြန်လာယူတော့ ၊ ရပြီ တဲ့ ။ ဟီ ဟိ ။

    အဲဒီ စပါးပင်တွေက နာ သွားပြီလေ ၊ မ အောင်နိုင်တော့ဘူး ။
    လယ်သမားတွေ ခမျာ မျက်ရည်ကို ဘူးသီးလုံးလောက်ကို ကျရရှာတာ ။

    • ko pauk mandalay

      June 19, 2013 at 9:52 am

      ဆိုးခဲ့သမျှပြောရင်တော့ ပြောမကုန်ပါဘူး။
      ဒါတွေကိုထားခဲ့ပြီးနောင်မဖြစ်အောင်ကြိုးစားကြဘို့ပါ။

  • kyeemite

    June 19, 2013 at 8:33 am

    ကိုပေါက်ရေ…ဆောင်းပါးလေးအတွက်ဘရာဗိုပါဗျ… 😆

    “အခုချိန်မှာတော့ အဖြစ်မှန် သတင်းမှန်တွေကို ဖော်ပြခွင့်ရသလို ဖော်လဲဖော်ပြလို့ရနေပါပြီ၊
    ဒါကြောင့် ကျနော်တို့အားလုံး ကောလဟာလ ကိုယုံကြည်အားကိုးတဲ့စိတ်ကလေးကို
    ဖျောက်ပစ်ကြဘို့သင့်ပြီဆိုတာ ကိုတော့ သတိပေးချင်သလို ဖြစ်သမျှပျက်သမျှ
    သတင်းကို ပကတိအရှိအတိုင်း အမှန်အတိုင်း မဖော်ပြသမျှကာလပါတ်လုံး
    ကောလဟာလ ဆိုတာကို ဟုတ်နိုိုးနိုးနဲ့ယုံကြည်နေကြရအုံးမှာပါဘဲ။”

    ဒီအချက်ကိုတော့ တကယ်လိုက်နာသင့်ပါတယ်..

  • ko pauk mandalay

    June 19, 2013 at 9:54 am

    အဖြစ်မှန်ဖော်ပြလို့ ရတဲ့ အခွင့်အရေးကို တလွဲမသုံးမိုဘို့လိုပါတယ်နော်

  • ko pauk mandalay

    June 19, 2013 at 9:57 am

    အင်း ကော်မင်းတွေပြန်ရင်းနဲ့ ခွိခွိပြောသလို့ 15နှစ်လီသုံးဆယ်တော့ ဖြစ်တော့မှာဘဲ

  • KZ

    June 19, 2013 at 10:27 am

    လေးပေါက်ရေ။
    သတင်း အမှောင်ဖုံးထားခံတာ အကျင့်ပါနေတဲ့ ကျနော်တို့က
    သိလိုက်တဲ့ သတင်း မှားလားမှန်လားမသိသေးခင် ဖွချင်တဲ့ စိတ်လေးတွေ အရင် ဆင်ခြင်ရမယ်ထင်ပါရဲ့။ :mrgreen:

  • အလင်း ဆက်

    June 19, 2013 at 8:45 pm

    တစ်သဘောထဲ ပါပဲ.. လေးပေါက်ရေ.. ။
    သတင်း ပီသသော သတင်းများ.လိုအပ်နေပါသည် ။
    သတင်းမပီသ သေး သ၍….
    ကောလဟာလတွေ.ကြားမှာ….
    အမှားမြင်..အမြင်မှား.နေကြမှာ..မလွဲ….

Leave a Reply