ကျနော် http://messengerforbuddhist.blogspot.com/ ဆိုတဲ့ဆိုဒ်ကို တွေ့နေတာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းကပါ။ စာတွေကို ဖတ်ကြည့်တော့ ဗုဒ္ဓဘာသာအပေါ် အတော့်ကို ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ ရေးသားထားတာပါ။ မြန်မာစာသားနဲ့ ဒီလိုမျိုး ဖတ်ရလိမ့်မယ်၊ တွေ့ရလိမ့်မယ်၊ ရှိလိမ့်မယ်လို့ တခါမှ မတွေးမိဘူး။

ရေးထားတာတွေကလည်း ဗုဒ္ဓဘာသာကျမ်းစာတွေကို လျှောက်ဖတ်ပြီး ထင်ရာမြင်ရာတွေကို ညစ်ညစ်ညမ်းညမ်းနဲ့ ရေးထားတာပါ။ အကြောင်းအရာတွေက ခါးအောက်ပိုင်းကကို တက်မလာပါဘူး။ မြတ်ဗုဒ္ဓကို ကလော်တုတ်ထားတာတွေတောင်ပါနေတော့ ကျနော်သူ့အစား ကြက်သီးမွေးညင်း ထမိတယ်။ အော် ငရဲကလူ၊ ပြာပူမကြောက်ဆိုတာ ဒီလူမျိုး ထင်ပါ့လို့လည်း စိတ်ထဲက သတ်မှတ်လိုက်မိပါတယ်။

ပြည်တွင်းက ဗုဒ္ဓသာဘာ ပြန့်ပွားရေးအသင်းက ဆရာတော်တပါးကို အရှင်ဘုရား ဒီဆိုဒ်အကြောင်း သိပါသလားလို့ မေးကြည့်တော့ သူသိပါတယ်တဲ့။ ဘာကြောင့် ဒီအတိုင်း လွှတ်ထားသလဲလို့ မေးတော့ ရှင်ဘုရင်ဟာ သူတောင်းစားနဲ့ ဖက်ရန်ဖြစ်ရင် သူနဲ့ အဆင့်အတန်းခြင်း တူနေလို့သာ ဖြစ်ပါတယ်တဲ့။ အခုလည်း ဒီလို အဆင့်အတန်းမရှိ၊ ယုတ်မာ ရိုင်းစိုင်းတဲ့လူမျိုးကို သူပြောတာ မဟုတ်ကြောင်း အကျိုးသင့် အကြောင်းသင့် ပြောပြ၊ တရားနည်းလမ်းကျစွာ ခုခံချေပရင်လည်း ဟိုဖက်က ရိုင်းရိုင်းစိုင်းစိုင်းပဲ တုန့်ပြန်မယ်ဆိုတာ သိနေတဲ့အတွက် ဒီအတိုင်းနေနေတာပါလို့ ဖြေပါတယ်။

ဆရာတော်ပြောတာ သင့်တော်တယ်လို့ ယူဆပါတယ်။ တကယ်လို့များ မိတ်ဆွေက သူတို့ဆိုဒ်ရဲ့ ကွန်မန့်ဘောက်စ်မှာ ဒေါသနဲ့ တခုခု ရေးကြည့်လိုက်ပါ။ မင်းတို့ ဗုဒ္ဓဘာသာတွေက ဒီလိုပဲ ရိုင်းစိုင်းသလား။ မင်းတို့ ဘုရားကိုက ဘာဖြစ် ညာဖြစ်နေတော့လည်း မင်းတို့ဒီလိုဖြစ်တာ မဆန်းပါဘူး ဘာညာဆိုပြီး တုန့်ပြန်ပါလိမ့်မယ်။

ပြီးတော့ ဆရာတော်က ဆက်မိန့်တာက ဒါဟာ ဘာသာရေးအဓိကရုဏ်းတခုကို ဦးတည်စေတဲ့ ရည်ရွယ်ချက်နောက်ခံ ရှိမယ်ထင်မိတယ်လို့ ပြောပါသေးတယ်။ အင်း ဒါလည်း ဖြစ်နိုင်တာပဲ လို့ တွေးမိပြန်ပါတယ်။ တော်ရုံ ရည်ရွယ်ချက်နဲ့တော့ ဘယ်သူကမှ လက်ညောင်းခံ၊ အချိန်ကုန်ခံပြီး ကျမ်းစာတွေလေ့လာ၊ ယုတ်ယုတ်မာမာ ရေးနိုင်အောင် အားထုတ်ပါ့မလဲ။ အင်း ကျနော်တို့ တိုင်းပြည်က ဘုရားဒကာ သူတော်ကောင်းကြီးတွေများ ပါဝင် ပက်သက်နေမလား။ ဒါလည်း စဉ်းစားစရာတခုပါပဲ။

ထူးခြားတာတခုကတော့ သူတို့ အလိုမရှိတဲ့ဆိုဒ်တွေ ဘလော့ဂ်တွေကို ပြည်တွင်းကနေ ကြည့်လို့မရအောင် ဘန်းထားပေမယ့် ဒီဆိုဒ်ကတော့ ပြည်တွင်းကနေ အလွယ်တကူပဲ ၀င်ကြည့်နေနိုင်ပါတယ်။

အဲဒီအပေါ်မှာ ဆရာတော်က ဘာပြောသလဲဆိုတော့ “သူတို့ မလိုချင်တဲ့ ဆိုဒ်တွေ အကုန်ဘန်းထားတယ်။ ကျော်ခွမှ ကြည့်လို့ရတယ်။ ဒီဆိုဒ်ကိုတော့ မဘန်းဘူး။ ဗုဒ္ဓဘာသာ နိုင်ငံတခုအနေနဲ့ ဒါမျိုးဆိုဒ်ကို ဘန်းသင့်တယ်ဆိုတာ ပြောဖို့ကို မလိုဘူး။ အဲဒါကို မဘန်းဘဲ လွှတ်ထားတယ်ဆိုတော့ ကိုယ့်ဖာသာ ဆက်စဉ်းစားကြည့်ပေါ့”လို့ မိန့်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ စတဲ့ အန္တနော အန္တနငါးပါးကို ပြစ်မှားရင် ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ ဘာသာဝင်တိုင်း သိပါတယ်။ အဲ ဘာသာဝင် မဟုတ်သော်လည်း ဒါတွေကို မသိဘဲ စော်ကားလာရင်တော့ အပြစ်က သိသူ၊ မသိသူကို ခွဲခြားမှာ မဟုတ်ပါ။

သေချာတာတခုကတော့ သူလုပ်ခဲ့တဲ့ အကုသိုလ်ပမာဏအတိုင်း ပြန်လည်ပေးဆပ်ရမှာ အသေအချာပါပဲ။ အရပ်သားစကားနဲ့ ပြောရရင် သူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ်။ ကျနော်တို့က သူ့ဆိုဒ်ကိုသွား၊ သူရေးတာကို ဖတ်ပြီး အလကားဒေါသတွေ ထွက်တာမျိုး သူ့အကုသိုလ်တွေကို ကိုယ်က ဖဲ့ယူတာမျိုး မလုပ်လိုက်ပါနဲ့။

သူဘယ်လို ပြောသည်ဖြစ်စေ ဗုဒ္ဓဘာသာဟာ သူပြောသလို ယုတ်ညံ့နိမ့်ကျသွားမှာ မဟုတ်ပါဘူး။ ဒါကို အကြွင်းမဲ့လက်ခံပါတယ်။ သည်းခံခြင်းဟာ မြင့်မြတ်တယ်ဆိုတာ ကျနော်တို့ နားလည်ကြပါတယ်။

ဒါပေမယ့် နည်းပညာကျွမ်းကျင်သူ မြန်မာများကို ပြောလိုတာက“ခြေမ မကောင်းရင်၊ ခြေမ၊ လက်မ မကောင်းရင် လက်မ”ဆိုတဲ့ မြန်မာ စကားပုံရှိပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် အစိတ်အပိုင်းပင် ဖြစ်သော်လည်း မကောင်းရင်၊ အဆိပ်အတောက် ဖြစ်နေရင် စွန့်ပစ်ရမှာပါ။

အခုက ခြေမ၊ လက်မလည်း မဟုတ်ပါဘူး။ ၀က်ဆိုဒ်တခုပါ။ ၀က်ဆိုဒ်တောင်မှ တမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်နေသူတွေကိုရော မြင့်မြတ်လှတဲ့ မြတ်ဗုဒ္ဓကိုပါ သိမ်းကျုံးပြီး စော်ကားနေတဲ့ ၀က်ဆိုဒ်ပါ။ အဲတော့ ဒီလိုဆိုဒ်မျိုးကို နည်းပညာ ကျွမ်းကျင်သူ မြန်မာများက အင်တာနက်ပေါ်ကနေ ပပျောက်သွားအောင် လုပ်ဆောင်သင့်တယ် ထင်ပါတယ်။

ဒါဟာ သူများလုပ်ထားတဲ့အရာတခုကို ဖျက်ဆီးတိုက်ခိုက်တာ မှန်ပေမယ့် မကောင်းတဲ့၊ အများသူငါ ဖတ်ဖို့ မသင့်တော်တဲ့၊ အကုသိုလ်တရား တိုးပွားစေတဲ့ အရာတခုကို အင်တာနက် ကွန်ယက်ထဲကနေ ရှင်းထုတ်လိုက်တာပါ။ ဒါဟာ လုပ်သင့်တယ်လို့လည်း မြင်သလို လုပ်အပ်တယ်လို့လည်း ထင်ပါတယ်။ ဒါက ကျနော့်ရဲ့ အမြင်နဲ့ အထင်ပါ။

မိတ်ဆွေရော … ဘယ်လို အမြင်ရှိလဲ၊ ဘာလုပ်သင့်တယ် ထင်မိလဲ။

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.