၂၀၁၅ခုနှစ် ဘာမားစပရင်း ဒိုင်းလုပွဲဖိုင်နယ်

ムラカミJune 19, 20131min31656

၂၀၁၅ခုနှစ် ဘာမားစပရင်း ဒိုင်းလုပွဲဖိုင်နယ် ကား စပေပြီ

ဝါရင့် နည်းပြ ကျောက်ဆည်ရွှေရင်ဟို ဦးစီးသော- ကြံ့ဆီးလ် အသင်း ပွဲထွက်လာ၏။

နာမည်ကျော် ဂိုးသမား စိန်အောင်မင်းချက်ခ် ကတော့ သူ၏နာမည်ကျော် နာနတ်သီးဦးထုပ်ဆောင်းပြီး ဝင်လာသမျှသောဘောတွေကို

လက်မလည်အောင် ရှင်းထုတ်နေရမှာ မလွဲပေ။ အဘယ်ကြောင့်ဆိုသော် တဖက်အသင်းမှာ နယ်နယ်ရရမဟုတ်။

ပရိတ်သတ်အင်အားလည်း တောင့်တင်းလွန်းသော ဘာစီ-ဒီချုပ်ဖြစ်သည်ကိုး။ အဲ့အသင်းမှာ ကမာ္ဘ့အကောင်းဆုံး

တိုက်စစ်မှူးလည်း ဖြစ်သော နာမည်ကျော် မက်ဆီစုကြည် ကစားသည်မဟုတ်ပါလား။

ဂိုးသမားနည်းတူ အသင်းခေါင်းဆောင် တယ်ရီရွှေမန်း လည်း ရွှေပန်း အဲ့လေ ရင်တုန်ပန်းတုန် ဖြစ်နေရှာ၏။ သူသည်လည်း

man of the match ရချင်သည်မဟုတ်ပါလား ။ တုန်မယ်ဆိုလည်း တုန်ချင်စရာ ။မက်ဆီစုကြည် ကလည်း ထိုဆုလိုချင်ပြန်သည် ဟု အတိအလင်း

ပြောထားသကိုး။

ကြံ့ဆီးလ်အသင်း ကွင်းလယ်တွင်မူ နာမည်ကျော် တင်အောင်လမ်းပါတ်၊ ဇော်မင်းအက်ဆီယံ နှင့်၊ မာတာကျော်ဆန်း တို့ ပွဲထွက်မည်ဖြစ်၏။

အခြားဝါရင် ့ ကွင်းလယ်လူ တဦးဖြစ်သူ အော်စကာခင်ညွန် ့ ကတော့ အရင်ပွဲက ကြမ်းကြမ်းတမ်းတမ်းကစားခဲ့သဖြင့် အနီကတ်ထိကာ

ဘေးထွက်ထိုင်နေရလေသည်။

ယနေ့ပွဲမှာ ကား ရေကုန်ရေခမ်း ကစားရမည်ဖြစ်သည်။ ဘလော့ဂါ နဲ့ ဖွဘုတ် ရုပ်သံလိုင်းများမှလည်း ပွဲအစီအစဉ်တင်ဆက်သူ

လွဏ်းဆွေ၊ ဂါမဏိ၊ နှင့် သံဒုတ်တို့ ကတမျိုး ငြိမ်းရွှေ၊ တင်ထားဆွေတို့က တဖုံ သူနိုင်ငါနိုင် အပြိုင်ကျဲကြလေတော့သည်။

ယနေ့ပွဲအတွက် ဒိုင်လူကြီးတာဝန်ကိုကား ကော်လီမင်းအောင်လှိုင်မှ တာဝန်ယူမည်ဟု ကြားသိရပေသည်။

 

ဘာစီဒီချုပ် အသင်းဘက်မှ နာမည်ကျော်ကွင်းလယ် ကစားသမား ဇာဗီမင်းကိုနိုင် ဝင်ကစားမလား မကစားမလား မသေချာသေးချေ။

သူမကစားနိုင်ပါက သူ့နေရာတွင် လူငယ်ခြေတက် ပီဒရိုဇေယျာသော် ကို ထည့်သုံးနိုင်သေး၏။ သို့သော်သူက ကြံ့ခိုင်မှု မပြည့်ဝသည့်အပြင်

အတွေ့အကြုံလည်း နုနယ်နေသေးရာ ပွဲကြီးပရက်ရှာ မိမှာ စိုးရသေး၏။

ဘာစီဒီချုပ် အသင်း နည်းပြ နှင့် နည်းစနစ်အကြံပေးဖြစ်သော ဝင်းတင်နှင့်တင်ဦး တို့ ခေါင်းချင်းရိုက်နေပြီတည်း။

ဂီတမှူး ကိုရဲလွင် နှင့် အဖွဲ ့ ကတော့ ဘာစီဒီချုပ် အသင်း သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုဖျော်ဖြေပေးနေသည်။

ဇာဂနာဖာဂရီဂတ်စ်ကတော့ မက်ဆီစုကြည် ကို ကွင်းလယ်မှနေ၍ အစွမ်းကုန် ကူညီမည်ဟု ယမန်နေ့က အင်တာဗျူးတွင် ဖြေသွားခဲ့၏။

ဘာစီဒီချုပ် အသင်းမှ အခြားနောက်ခံလူများဖြစ်သော ပူယိုးလ်ကိုကိုကြီး နှင့် ပီကေးလ်ဌေးကြွယ်တို့မှလည်း တဖက် ကြံ့ဆီးလ်အသင်း

မှ အဓိက တိုက်စစ်ကစားသမားဖြစ်သော သိန်းစိန်တောရက်စ် ကို ထိန်းနိုင်မည်ဟု ယူကြည်ချက်ပြင်းပြလျက်ရှိပေသည်။

ဟုတ်တော့လည်းဟုတ်သည် ကြံ့ဆီးလ်အသင်းမှာ သိန်းစိန်တောရက်စ် ခြေစွမ်းမပြနိုင်ပါက ဂိုးရဖို့ ခက်ခဲလေ့ရှိတာ အားလုံးအသိ။

လက်တလော သူသည်ပုံမှန်ခြေစွမ်းရရန်ပင် ရုန်းကန်နေရပြီး ထရိန်နင် ဆက်ရှင်များတွင် အားဖြည့်အချိုများ အလွန်အမင်း

သောက်သုံးမှုကြောင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် နှလုံးထိခိုက်ပြီး ဆံပင်ပါးလာပြီ မဟုတ်တုန်လော။

နောက်တန်းက အက်ရှ်လေမှူးဇော် တို့ တသိုက် ကြံ့ကြံ့ခံပေးနေလို့သာ ကိုယ့်ဘက်က ဂိုးမပေးရဘဲ ရှုံးပွဲမကြုံတာ။

ယခုတော့ အက်ရှ်လေမှူးဇော် တယောက် တဖက်အသင်းက ရလျင်ရမရလျင် ချဟူသော ဘောလုံးသော်လည်းကောင်း လူသော်လည်းကောင်း

တခုခုတော့ မလွတ်စေရဘူး ကြွေးကျော်ထားသူ ခံစစ်သန်ကွင်းလယ် ကစားသမား မိုက်ရူးရဲ မာရှီယာနိုမိုးသီးဇွန် နှင့် ရင်ဆိုင်ရတော့မည်။

ဒါတောင် တောင်ပံကနေ ထိုးဖောက်လာမည့် ဆန်းချက်ဇ်ထွန်းအောင်ကျော် ဗီလာအောင်မိုးဇော် တို့ရှိနေသေးသည်။ သူလည်း

ချွေးပြန်နေပေ၏။

ဒီပွဲအတွက် ကစားသမားတွေသာ စိတ်လှုပ်ရှားနေတာမဟုတ်ပေ။ ပရိတ်သတ်များထဲမှဆိုလျင်လည်း

ကြံ့ဆီးလ် အသင်း အမာခံ ငါးမင်းဆွေ ဦးဆောင်သောအဖွဲ့ နှင့် ဘာစီဒီချုပ် ၏ကာလရှည်ပိတ်သတ် ဒီမိုခွန်ဒီးယံ တို့ အဖွဲ့

တဖက်နှင့် တဖက် စောင်နေလေပြီ။

 

တဖက်မှာလည်း မက်ဆီစုကြည် တပွဲလောက် ဂိုးမသွင်းနိုင်သည်နှင့် ငြိုငြင်ပြီး ကြံ့ဆီးအသင်းမှအလကား ပေးလတ္တံ့သော ပွဲလက်မှတ် အထိမ်းအမှတ်အကျင်္ ီ

စသည်ကိုမျှော်ကိုးကာ အသင်းပြောင်းအားပေးတော့မည့် သွဲ့သွဲ့ဝင်းတို့အဖွဲ့ ရှိသေးသည်။ အလားတူပင် ဖိုင်နယ် တက်လာသည့်ပွဲစဉ်တလျောက်

တောက်လျောက် ကြံ့ဆီးလ် အသင်းဘက်မှ အားပေးလာသော်လည်း ဖိုင်နယ်တွင်မူ ဘာစီဒီချုပ် သာသယောင်မြင်သဖြင့် ကူးလာသော သာကူး

ပိတ်သတ်များမှာလည်း အင်အားမနည်းချေ။ ဂိုးသွင်းခြေမရသော သိန်းစိန်တောရက်စ် ကိုလည်း မနှစ်သက်

လူမည်းကစားသမားတွေနှင့်တွဲကစားသည့်အတွက် မက်ဆီစုကြည်ကိုလည်း စိတ်ပျက်သည် ပြောထားသည့် ကတုံးတွေကတော့ သူရို့ကိုယ်ပိုင်

ဘောလုံးအသင်းထောင်မည်ဟု ဆိုကာ ကွင်းတွင်း လက်မှတ်နှင့်အလှူငွေ လိုက်ကောက်ကာ ရှုပ်ရှက်ခတ် နေ၏။ နဝင်းကျေအောင် သူရို့အသင်းတွင်

၉ဂဏန်း ထည့်သွင်းအသုံးပြုမည်ဟုတော့ သတင်းသဲ့သဲ့ကြားသည်။

ပွဲကြည့်စင်၏ အထူးတန်းတနေရာမှာတော့ ကြံ့ဆီးအသင်းကို စပွန်ဆာပေးထားသည့် ချစ်ဆုံးယီး ခင်ရွှေ မိန့်မိန့်ကြီး ထိုင်လေသည်။

မိန်းစပွန်ဆာ-ကိုစပွန်ဆာများကို ဘယ်နှင့်ညာ ခွဲ၍နေရာချထားသော်လည်း နှစ်သင်းစလုံးကို ဂျာစီ ဘောကန်ဖိနပ်နှင့် ဘောလုံးကအစ

စပွန်ဆာပေးသော ဇော်ဇော်နှင့် တေဇ တို့ ခွထိုင်နေကြ၏။

ယခုပွဲတွင် ဆေးမှူးအဖြစ် ကိုကျော်သူနှင့် နန်းခင်ဇေယျာတို့က တာဝန်ယူပြီး သူရို့ကတော့ ဘယ်အသင်းက ကစားသမားနာနာ

တာဝန်ယူချပေး ..အဲ့လေ တာဝန်ယူကုပေးဖို့ အဆင်သင့် အနေအထားပြင်ဆင်ထားလေသည်။

ကန္နားစီးမိဂီ ကတော့ တီဗီရှေ့နေရာယူ ဘီယာစုပ် ရင်း ကိုယ့်ကို သားမက်တော်ချင်သည် အတိအလင်း ပြောလာသော ကြံ့ဆီး အားပေးသူ (ယွန်းဝတီလေး၏

ဒယ်ဒီဖားသားချစ်ဖေဖေ) ၏ ဖောသွပ်သွပ် မျက်နှာကိုလည်းကောင်း ဘာစီဒီချုပ် အမာခံ ချစ်သူလေး ဒေါက်တာထွီဇာရဲ့မျက်နှာလှလှလေး အားလည်းကောင်း

တလှည့်စီမြင်ယောင်နေရင်း မည်သည့်အသင်း ကို အားပေးရမှန်းမသိဖြစ်နေရှာလေသည်။

ဟော ..ပွဲစတော့မည်…။

ဟာ… ကတောက် မီးပျက်သွားဘီ။

ကွိကွိ…။

 

P.S

လူစာရင်းကို ရဲရဲတောက် ဘလပ်ဒီးကဘုန်းကျော်၏ စာမျက်ခွက်မှ မ-လာပြီး

အိုင်ဒီယာ ကို ရွာသူလေးတယောက် ရှဲသော စာစုမှ ခိုးချပါသည်။

6 comments

  • မင်းမင်း

    June 19, 2013 at 12:44 pm

    ဝီလျှံမင်းမင်း မှ လောင်းကြေးများ

    စတင်လက်ခံနေပါသည်။

    ကြံ့ဆီး ၂လေး

    ဘာစီဒီချုပ် ၄လေး

    (point ဖြင့်အလျော်အစားလုပ်သည်)

    သဂျီးမဖတ်ရ။

    ဟီးးးးးးးးးး

    • သခင် mobile

      June 19, 2013 at 1:36 pm

      ပွဲကြီးပွဲကောင်းပေပဲ လောင်းကြေးဖွင့်တယ်ဆိုရင်တော့ ကျုပ်က
      ကြံ့ဆီး အသင်းကို ပိုသဘောကျသဗျ……………
      ဘာ့ကြောင့်ဆို ခြေစွမ်းကောင်းသော်ဝ်ငြား လုပ်ပွဲးနဲ့တွေ့ပါမူ ထိုအသင်များ
      ရှုံးရှုံးသွားတတ်သည်ကို ဘေားဝါသနာရှင် ပညာရှင်များ ကြုံဖူးကြပေမည်……

      • ကြက်အူလှည့်

        June 19, 2013 at 3:25 pm

        ကြိုတင်ဂိုးတွေ သိပ်ကြောက်ဖို့ကောင်းဒယ်နော…
        ကွိကွိ..

  • ဦး ကျောက်ခဲ

    June 19, 2013 at 2:56 pm

    အဆိုပါ ၂သင်းလုံးသည် ဖိုင်နယ် ဒိုင်းလုပွဲသို့ရောက်ရှိလာပါသော်လည်း…
    အုပ်စုပွဲစဉ်များအတွင်း..
    ဘိုင်ယန်ရခိုင်အသင်းအားလည်းကောင်း… မန်ချက်ရှမ်းအသင်းအားလည်းကောင်း
    ဂိုးပြတ် ရှုံးနိမ့်ခဲ့ဖူးပါသည်… ဆိုတဲ့ အကြောင်း…
    အက်ရှလေကျောက်စ်သည်လည်း ဘောလောကမှ အနားယူသွားပါသည် ဆိုတဲ့ အကြောင်း…
    :mrgreen:

  • Wow

    June 19, 2013 at 6:16 pm

    ဖွဘုတ်မှာ ရှယ်လိုက်ပဟဲ့….

  • TNA

    June 21, 2013 at 11:40 pm

    မို်က်လှချည်လားမယ်ဂိ့ရဲ့။ အခုတလော ညီး အိုင်ဒီယာတွေလန်းနေတယ်။ ဖတ်ရင်းရီရင်းနဲ့ နာ့စာမျက်ခွက် မှာနဲနဲရှဲမယ်အေနော့။

Leave a Reply