မိုးရာသီနှင့်ကလေးများကျန်းမာရေး

manawphyulayJune 19, 20131min1005

ကျွန်မတို့ မြန်မာနိုင်ငံဟာ ယခုအချိန်ဆိုရင်ဖြင့် မိုးရာသီအချိန်ကာလကို စတင်ရောက် ရှိလို့ လာနေပြီ ဖြစ်ပါတယ်။ မိုးရာသီကို ရောက်လာလျှင်ဖြင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်စောင့်ကြည့်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိုးနည်းနည်း ဝင်တာနဲ့ ကလေးတွေ မပြောနဲ့ လူကြီးတွေတောင် နှာစေး ချောင်းဆိုး၊ ခေါင်းအုံ ခေါင်းကိုက် ဝေဒနာကို အနည်းနှင့် အများ ခံစားနေကြလို့ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်သော ကလေးများအတွက်တော့ လူကြီးမိဘတွေက ဂရုစိုက်နိုင်မှသာ တော်ကာကျမှာ ဖြစ်ပါတယ်။ နုနယ်သောအရွယ် ကလေးများ မိုးရာသီမှာ ဖြစ်တတ်သော အဓိကရောဂါများကတော့ သွေးလွန်တုပ်ကွေးရောဂါ၊ အထက်လှန် အောက်လျှော၊ တုပ်ကွေး၊ တိုက်ဖွိုက်နှင့် နမိုးနီးယားခေါ် အဆုတ်ရောင် ရောဂါ အစရှိသည်ဖြင့် ဖြစ်တတ်ကြပါတယ်။ ကလေးငယ်ရှိသော အိမ်များနှင့် လူကြီးများအနေနဲ့ အထက်ပါ ရောဂါများ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ဖို့တော့ ပြင်ဆင်ထားသင့်ပါတယ်။
မိုးတွင်းရာသီမှာ မိမိတို့အိမ်ရှေ့ ရေနုတ်မြောင်းတွေ၊ ရေအိုင်တွေ၊ မိမိတို့အိမ်တွင်းရှိ ရေအိုး၊ ရေကန်တွေ၊ ဘုရားပန်းအိုး၊ သောက်တော်ရေခွက် အစရှိသည်တို့မှ ခြင်များပေါက်ဖွားလာ တတ်ကြ ပါတယ်။ ထိုခြင်များကြောင့် ကလေးငယ်တွေမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားတတ်ပါတယ်။ အများအားဖြင့် သတိထားရမယ့်သူတွေကတော့ ခြံနဲ့ ဝင်းနဲ့ နေသူများသည် ချုံနွယ်ပိတ်ပေါင်းများကို အမြဲရှင်းလင်းထားရပါမယ်။ သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် အဓိကအားဖြင့်တော့ မိမိတို့ အိမ်တွေမှာ ခြင်မပေါက်ပွားအောင် အရင် လုပ်ဆောင်ကြရမှာပါ။ ခြင်မပေါက်အောင် လုပ်ဆောင် ရမှာကတော့ မိမိတို့အိမ်ရှေ့မှာရှိတဲ့ ရေမြောင်းတွေ အမှိုက်သရိုက်တွေနဲ့ပိတ်နေရင် ရေစီး ရေလာကောင်းအောင် အရင်ရှင်းထုတ်ရမှာ ဖြစ်ပါတယ်။ နောက် မိမိတို့ အိမ်တွင်းမှာရှိတဲ့ ဘုရား ပန်းအိုးတွေ၊ သောက်တော်ရေခွက်တွေကိုလည်း ခြင်မပေါက်ပွားနိုင်အောင် နေ့စဉ် လဲလှယ်ပေး ရပါမယ်။ မိမိတို့ အိမ်တွင်းရှိ ရေကန်တွေကိုလည်း ၃ ရက် တစ်ခါလောက် လဲလှယ်ပေးသင့်ပါတယ်။ ဒါမှသာ ခြင်တွေဟာ အလွယ်တကူ မပေါက်ပွားနိုင်မှာ ဖြစ်ပါတယ်။ မိုးရာသီအချိန်အခါဆို ဆေးရုံများတွင် သွေးလွန်တုတ်ကွေးဖြစ်လို့ ဆေးရုံလာတက်ကြသော ကလေးများကို အများအပြား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မိမိတို့ ကလေးငယ်တွေအနားမှာ ခြင်ဆေးခွေတွေ ထွန်းပေးခြင်းကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ခြင်ဆေးခွေက ထွက်တဲ့ ဓာတုအညစ်အကြေး အနံ့တွေဟာ ကလေးငယ်တွေကိုသာမက လူကြီးတွေအတွက်ပါ ကျန်းမာရေးရှုထောင့်အနေနဲ့ ကြည့်ရင် မသင့်တော်ပါဘူး။
မိမိတို့ကလေးငယ်တွေကိုလည်း မိုးရွာနေတဲ့အချိန်တွေမှာ မိုးရွာထဲသွားစေခြင်း၊ ဆော့စေခြင်း တို့ကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ကလေးငယ်တွေကို မိုးမိစေခြင်းကြောင့် အဖျားရောဂါ၊ အအေးမိပြီး နမိုးနီးယား စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။ ကလေးတွေကို မိုးတွင်းအချိန်မှာ အဝတ်အစားကို အပြင်ပဲသွားသွား အိမ်တွင်းမှာပဲ နေနေ နွေးနွေးထွေးထွေး ဖြစ်အောင် ဝတ်ဆင်ထားပေးသင့်ပါတယ်။ မိုးရေမစိုအောင်လည်း ဂရုတစိုက်နဲ့ လုပ်ဆောင်ပေးသင့် ပါတယ်။ မိုးရာသီအဝင်မှာ မိမိတို့ကလေးတွေ ကျောင်းစတင် တက်ရောက်ရတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းမသွားခင် ပြင်ဆင်ရမည်များနှင့် မိုးရွာလျှင် လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ပေးဖို့လည်း လိုပါတယ်။ ကျောင်းကိုသွားချိန်မှာလည်း မိုးမိခဲ့ပြီး အဝတ်တွေ ရေစို သွားခဲ့လျှင် လဲလှယ်ဖို့ အဝတ်တစ်စုံ အပိုထည့်ပေးထားသင့်ပါတယ်။ ကျောင်းတွင်လည်း မိုးရွာနေလျှင် နွေးနွေးထွေးထွေး နေဖို့ အဝတ်အစိုမခံဖို့ကိုလည်း ပြောပြထားသင့်ပါတယ်။ နောက် တစ်ချက်က ကလေးငယ်တွေကို ကျောင်းမှာ အစားအစာ စားသောက်တဲ့နေရာမှာလည်း ဆင်ခြင်ဖို့ မှာထားသင့်ပါသေးတယ်။ အမှည့်လွန် အစာတွေမစားဖို့ ရက်လွန်နေတဲ့ အစာတွေမစားမိစေဖို့ ဂရုစိုက်သင့်ပါတယ်။ အဆိုပါ အစားအသောက်များကို စားသုံးခြင်းဖြင့် ဝမ်းပျက်ရောဂါ၊ ဝမ်းလျှော ရောဂါ၊ အထက်လှန်အောက်လျှောရောဂါများကို ဖြစ်ပွားစေနိုင်ပါတယ်။
မိုးရာသီအချိန်တွင် မိမိကလေးငယ်များကို ဓာတ်တိုင်၊ မီးကြိုးများနှင့် ဝေးသောနေရာတွင် ကစားစေဖို့လည်း သတိထားရပါမယ်။ ရေမြောင်းများ၊ ရေစီးသန်သော မြောင်းများဘေးတွင် ဆော့ကစားစေခြင်းမှလည်း ရှောင်ကျဉ်သင့်ပါတယ်။ ကျောင်းသွား ကျောင်းပြန်တွင် ကလေးများကို လူကြီးမိဘများက ကျောင်းအထိ သေချာဂရုတစိုက် လိုက်လံပို့စေချင်ပါတယ်။ ကျောင်းအသွား လမ်းမများပေါ်တွင် ရေများလျှံကျနေခြင်း၊ ရေနုတ်မြောင်းများ ပွင့်နေခြင်းများသည် ရေများ ပြည့်လျှံနေချိန်တွင် သတိမမူမိပဲ ဖြစ်တတ်ပါတယ်။ လူကြီးများက ကလေးများရဲ့ လက်ကို မြဲမြံစွာ ကိုင်တွယ်ထားပြီး သွားရောက်စေချင်ပါတယ်။ လမ်းများတွင် ချိုင့်ခွက်များ ရေစိမ့်ဝင်နေခြင်း သည်လည်း သတိပြုစရာ အမှန်ဖြစ်ပါတယ်။ အများအားဖြင့် ကျောင်းဝန်းကျင်အနေအထားများကို မိုးမရွာမီပင် အရင်ဆုံး လေ့လာထားသင့်ပါတယ်။ ဒါမှသာ ဘယ်နေရာမှာ ဘာရှိတယ်။ ဘယ်နေရာ မှာတော့ ဘယ်လိုနေရာနိမ့်နေတယ်။ ဒါမှသာ မိုးရွာလာရင် ဘယ်လိုရှောင်ကွင်းရမယ်ဆိုတာ လေ့လာ ထားမှ သာလျှင် ရေလွှမ်းသွားတဲ့အခါ မမြင်ရနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိုးရွာချိန်ဆို မြို့ထဲမှာ ပြေးမြင်ယောင်ကြည့်မိတာကတော့ အနော်ရထာ လမ်းပေါ်က သိမ်ကြီးဈေးနှင့် ရွှေဘုံသာအနီးဝန်းကျင်များတွင် ရေများ မြင်မကောင်းအောင် လမ်းများပေါ် ပြည့်လျှံနေပြီး အမှိုက်သရိုက်များဖြင့် အမြဲ ညစ်ပတ်နေတာကို တွေ့မြင်နေရပါတယ်။ ဒီလို အခြေအနေသာ ကလေးများ ကျောင်းတက်ချိန် ကျောင်းလွှတ်ချိန်တွေ ကြုံဆုံခဲ့ရင်တော့ အရွယ်ငယ်သော ကလေးများကို ချီပိုးပြီး သွားသင့်ပါတယ်။ အရွယ်နည်းနည်းရောက်နေတဲ့ ကလေးများကို လက်မလွတ်ပဲ သေချာဂရုတစိုက် ခေါ်ဆောင်သွားသင့်ပါတယ်။ ဒါတွေ ဘာကြောင့် ပြောရသလဲဆိုရင် နှစ်စဉ်နှစ်တိုင်း ရေကြီးသောနေရာတစ်နေရာ ရှိပါတယ်။ ဘယ်နေရာလဲဆိုတော့ သမိုင်းလမ်းဆုံတစ်ဝိုက်နားပဲ ဖြစ်ပါတယ်။ သင်လည်း ဖြတ်သွားဖြတ်လာ မြင်တွေ့မယ်လို့ ထင်ပါတယ်။ အရင်နှစ်ကတော့ ကျောင်းအပြန်မှာ ဖြစ်ပွားသွားတဲ့သတင်းတစ်ခုကို ကြားသိရပါတယ်။ တစ်နေ့တွင် ကျောင်းပြန်ချိန်မှာ ကလေးငယ်တစ်ယောက်သည် ပလက်ဖောင်းပေါ်မှ လျှောက်နေစဉ် ပလက်ဖောင်းပွင့်နေသည်ကို မသိပဲ ခြေချော်ကျပြီး ရေမြောင်းထဲသို့ ပြုတ်ကျသွားခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ အနားမှာရှိတဲ့ လူကြီးနှစ်ယောက်လည်း ကမန်းကတန်းဆင်းပြီး ကယ်ဆယ်ဖို့ ကြိုးစားရှာပါတယ်။ ဒါပေမယ့် ဆင်းပြီး ကယ်တဲ့ လူကြီးတစ်ယောက်လည်း ရေစီးသန်နေတဲ့ ရေမြောင်းထဲကို ပြုတ်ကျသွားပြီး ရှာမရဖြစ်ခဲ့ပါတယ်။ နောက်ရက်မှသာ အလောင်းပြန်ပေါ်တယ်လို့ ကြားသိလိုက်ရတဲ့အခါ ရင်ထဲမှာ အလွန်ပဲ ဝမ်းနည်းကြေကွဲမိခဲ့ပါတယ်။ အပြင်လူတောင် ဒီလောက် ခံစားခဲ့ရရင် ကလေးမိဘများနှင့်အတူ ပြုတ်ကျသွားသော လူရဲ့အိမ်မှ မိသားစုတွေဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ အမှန်အားဖြင့် ပြောရရင် လမ်းများ၊ ရေနုတ်မြောင်းများကို မိုးရာသီမရောက်ခင် ပြုပြင်ထားသင့်တယ်လို့ မြင်မိပါတယ်။ မိုးဥတုရောက်မှသာ လိုက်ပြင်နေရင်တော့ ပြင်လို့ဆုံးမှာ မဟုတ်တော့ဘူး။ ရေကြီးပြီးရင် ရေပြန်ကျသွားချိန်ဆို လမ်းများပေါ် အမှိုက်များ တင်ကျန်ခဲ့သည်မှာလည်း မြို့တော်အင်္ဂါရပ်နဲ့ မလျော်ညီစွာ တွေ့မြင်နေရပါသည်။ ကလေးများနှင့် လူကြီးများပါ မိုးတွင်းရောက်လာပြီဆိုရင်ဖြင့် အစစအရာရာ အားလုံး အထူးဂရုတစိုက် နေထိုင်ပြုမူ သင့်ကြောင်း နိုးဆော်ရေးသားလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

မနောဖြူလေး
၄.၆.၂၀၁၃

5 comments

  • မင်းမင်း

    June 19, 2013 at 3:05 pm

    ကျနော်ကတော့ခြင်ကိုက်တာကို

    အကြောက်ဆုံးပဲ။

  • အလင်း ဆက်

    June 19, 2013 at 8:26 pm

    အကျို းရှိစေသော.. ပိုစ့်လေးအတွက်..
    ကျေးဇူးပါ..မမ မနောရေ..။

  • သခင် mobile

    June 20, 2013 at 1:07 am

    ကိုယ့်ကိုယ်ကို ဂရုစိုက်ရပေမပဲ…………
    ခုတစ်လော ရာသီဥတုက မိုးကရွာရွာနေတော့……..
    ချမ်းသလိုလို အေးသလိုလို နေရထိုင်ရတာလည်း မစွံ့ပေါင်ဘူးဗျာ…..
    ယခုလို နှိုးဆော်ပေးတဲ့အတွက် ကျေးဇူးပါ………….

  • Ma Ma

    June 20, 2013 at 7:36 am

    မိုးရွာလာပြီဆိုတာနဲ့ အလုပ်ပျက်တဲ့သူတွေ များလာတယ်။
    ခြင်ကိုက်လာတယ်။
    မြောင်းလျှံပြီး မိုးရေတွေ အိမ်ထဲဝင်တယ်။
    အသိမိတ်ဆွေတွေထဲက ကလေးတွေ သွေးလွန်တုတ်ကွေးဖြစ်သံတွေ ကြားလာရတယ်။
    ခုရာသီမှာ ခုလိုသတိပေးစာလေးရေးပေးတာ အချိန်ကိုက်ပဲ။ 🙂

  • TNA

    June 20, 2013 at 3:59 pm

    ခြင်ကိုအစိုးရိမ်ဆုံးပဲ။

Leave a Reply