ကျွန်တော်မမှတ်မိတော့တဲ့ ညီမလေးအတွက်သီချင်းတစ်ပုဒ်

ဒီနေ့မိုးက အရင်နေ့တွေလို သဲသဲမဲမဲမဟုတ်ဘူး။ ခပ်စွေစွေနဲ့ ရွာနေတယ်။ မိုးရွာရင် အိမ်အပြန် ဘတ်စ်ကားတွေ ဘာကြောင့်ပိုကြပ်သလဲဆိုတာ အခုထိကျွန်တော်အဖြေရှာမတွေ့သေးဘူး။ ဘတ်စ်ကား ပေါ်မှာ သူ့ခြေထောက်ကိုယ်နင်း ကိုယ့်ခြေထောက်သူနင်းနဲ့ လူလူချင်း ကိုယ့်အနံ့သူရှူ သူ့အနံ့ကိုယ်ရှူရင်း။ အိမ်အပြန်ကို အသောနှင်နေကြတယ်။ သက်ပြင်းခပ်သေးသေးတစ်ခုကိုချရင်း ကိုယ့်အကြောင်းမစဉ်းစားခင် သူများအကြောင်းကို ခပ်ဖွဖွကိုယ်စဉ်းစားနေမိတယ်။ ယာဉ်အကူရဲ့အော်ဟစ်တဲ့အသံနဲ့အတူ ညည်းတွားသံ အချို့ကလည်း ဘတ်စ်ကားတစ်စီးလုံးမှာ နေရာကွက်ကြား ထစ်ချုန်းဆူညံနေတယ်။ ဘတ်စ်ကားပေါ်က ပြဿနာအချို့ကို ဥပေက္ခာပြုရင်း စိတ်ထဲမှာသီချင်းတစ်ပုဒ်ကို ကျွန်တော်ညည်းတွားနေတယ်။  ကိုယ်ညည်းတွားနေတဲ့သီချင်းက ခုတလောကျွန်တော်သိပ်ကြိုက်နေတဲ့ “ဂျီလတ် ရဲ့ အစွန်းနှစ်ဖက်” ။

          “ကျွီကနဲ” ဘရိတ်အုပ်လိုက်တဲ့ အရှိန်ကြောင့် ကားပေါ်က ခရီးသည်တွေတစ်ချက် ဆူဆူညံညံဖြစ်သွား လေရဲ့။ ခြေနင်းခုံကနေ ကျွန်တော်ခြေတစ်လှမ်းဆင်းပြီး ရှေ့ကိုတစ်ချက်ကြည့်လိုက်တယ်။ ဟုတ်တယ် ကိုယ်ဆင်းရမယ့်မှတ်တိုင်ပဲ။ ဆင်းဆင်းချင်း မျက်နှာချင်းဆိုင်မှာ ဘီယာဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်ထဲတစ်ချက် လှမ်းကြည့်တော့ ဘီယာဆိုင်ကြီးက ကျွန်တော့်ကိုတစ်ချက်လှမ်းပြုံးပြတယ်။ ဖရိုဖရဲဖြစ်နေတဲ့ အိကျီ င်္နဲ့ လွယ်အိတ်ကို တစ်ချက်သပ်တင်ရင်း မျက်နှာလွှဲလိုက်တယ်။ ဒီနေ့က လတစ်လရဲ့ ရက်(၂၀)ကျော်လေ။ နောက်ရက်တွေဘယ်လိုကျော်ဖြတ်မလဲ။ အရင်ရက်တွေက ဘယ်သုံးခဲ့သလဲဆိုတာ ကျွန်တော့်မေ့ထားတယ်။ မမှတ်မိတော့လည်း ဖြစ်မှာပါ။ ဝန်ထမ်းဆိုတဲ့ဖြစ်တည်မှုဆိုတာ သည်လိုပါပဲဆိုသလို “ရှိပူရ မရှိမှအေး”ဆိုတဲ့ စကားက။ ကျွန်တော်တို့ကြားမှာ ရေးပန်းစားစမြဲပါပဲ။
          “ကျွိ…ကျွိ……ကျွိ……ကျွိ”
          ရာဘာဖိနပ်နဲ့ ခြေဖဝါးပွတ်တိုက်သံကို သံစဉ်အဖြစ်ကျွန်မှတ်ယူလိုက်တယ်။ ကျွန်တော်နေထိုင်တဲ့ အိမ်လေးနဲ့ နီးလားတိုင်း ပိုပိုကျယ်လာသလိုပဲ။ သံဇကာအကွက်နဲ့ခြံတံခါးကို ကြိုးတစ်ခုနဲ့တိုင်မှာချည်ထားတဲ့ အိမ်။ တံခါးကိုအလွယ်တကူဖွင့်ရင်း သက်ပြင်းပူပူတစ်ခုကိုလွှတ်ထုတ်လိုက်တယ်။ အေးမြတဲ့အထိအတွေ့တစ်ခုက တစ်ကိုယ်လုံးကိုလွှမ်းခြုံထားတယ်။ တစ်နေ့လုံးမှာ အခုအချိန်သာ အအေးချမ်းဆုံး။ မိုးအေးအေးမို့ ပူအောင်နွှေးထားတဲ့ ဟင်းရည်အချို့နဲ့ရောထားတဲ့ ပန်းကန်ပြားပေါ်က ထမင်းက ကျွန်တော့်ပါးစပ်ထဲ အဆက်မပြတ်ဝင်နေလေရဲ့။ ဒီနေ့တော့ စောစောအိပ်မယ်လို့ တေးထားတဲ့ စိတ်က ရုပ်သံကလာတဲ့ ရုပ်ရှင်ကြောင့်ပျက်ခဲ့ရပြန်တယ်။
          *****************************************************************
          တစ်နေ့တာဟာ အစီအစဉ်တကျ ဇယားအတိုင်းရွေ့လျားနေသလိုုပါပဲ။ ဘာလိုလိုနဲ့ ခေါင်းချဖို့အချိန် ရောက်လာပြန်ပြီ။ နဖူးပေါ်လက်တင်လို့ တစ်နေ့လုံးဖြစ်သမျှ ခဏတာလောက်တွေးတောကြည့်မိတယ်။ မျက်လုံးမှိတ်နေပေမယ့် နှုတ်ဖျားကတစ်ချက်တော့အသံထွက်သွားတယ်။ “ညီမလေး….” ကျွန်တော် သိပ်ချစ်ရပါသော ကျွန်တော့်ရဲ့ညီမလေး။ နေ့လည်က ဖုန်းထဲကညီမလေးရဲ့အသံတွေ ကျွန်တော်ပြန်လည် ကြားယောင်နေမိတယ်။ ရှိုက်သံတစ်ချက် အားငယ်တဲ့အသံတစ်ချက်နဲ့ ညီမလေးရဲ့အသံတွေ ကျွန်တော့်နှုတ်ဖျားတွေ ဆွံ့အသွားစေတယ်။ စိတ်ကျအားငယ်စွာနဲ့ အန်ထုတ်လိုက်တဲ့ ညီမလေးရဲ့ စကားလုံးတွေ ကျွန်တော်နှစ်သိမ့်မယ့်စကားလုံးတွေ ဘယ်လိုမှယှဉ်လို့မရပေမယ့် နှစ်သိမ့်မှုတော့ ပေးနိုင်ကောင်းပါရဲ့။ နောက်ဆုံးမှာတော့ “ကိုကြီး….ဒါပဲနော်” နဲ့ အဆုံးသတ်လိုက်ကြတယ်။ ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း တစ်ချက်တော့ကျွန်တော် လောကကြီးနဲ့ အဆက်ပြတ်သွားခဲ့လေရဲ့။
          ဝေ့ဝဲတက်လာတဲ့ မျက်ရည်တစ်စဟာ အားလုံးကိုဝေဝါးသွားစေတာပါပဲ။ ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ သက်ပြင်းတစ်ခုကိုချရင်း မျက်လုံးအစုံကို ကြိတ်ကာမှိတ်ပစ်လိုက်တော့တယ်
          ကျွန်တော်စာသားတစ်ခုရေးနေတယ် အခုရေးနေတဲ့စာက ကဗျာလား၊စာလားဆိုတာ ကျွန်တော် တောင် ကွဲကွဲပြားပြားမသိဘူး။ ဒါပေမယ့် သည်စာဟာ ညီမလေးအတွက်ဆိုတာ သေချာသိတယ်။ ကျွန်တော် ရေးနေရင် ကျွန်တော့်ရင်ခွဲထဲ ဂစ်တာတစ်လက်ရောက်လာတယ်။ ကျွန်တော်နှုတ်ခမ်းအစွန်းနှစ်ဖက်က ပြုံးသလိုလိုဖြစ်သွားလေရဲ့။ ဂစ်တာလေးက သံစဉ်တွေဟာ ညီမလေးအတွက်တော့ ခဏတာပျော်ရွှင်စေ နိုင်မှာပါ။ အခုအချိန်မှာ ကျွန်တော့်ဘေးမှာ ဘယ်သူမှမရှိဘူး။ မဟုတ်ဘူး………. ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာဆို ပိုမှန်မယ်ထင်ပါရဲ့။ ကျွန်တော် ရင်ခွင်ထက်မှာ ဂစ်တာတစ်လက်၊ ညာလက်မှာ ဖောင်တိန်တစ်ချောင်းနဲ့ ဘယ်လက်မှာ စာရွက်အလွတ်တစ်ရွက်။ ကျွန်တော်ချရေးနေတဲ့စာသားတွေဟာ ဘာတွေလည်း ဆိုတာ ကျွန်တော်ကိုယ်တိုင်တောင်မသိဘူး။ ကျွန်တော်ချရေးလိုက်တယ် ကျေးဇူးပြု၍ သည်းခံပြီးဖတ်ပေးပါ။
ညီမလေးအတွက်
ညီမလေး ဘဝဆိုတာဒီလိုပဲ
လဲပြီးရင် ပြန်ထပါ
ညီမလေး အချစ်အတွက်နဲ့ ဘဝမပျက်ပါစေနဲ့
ညီမလေး အချစ်နဲ့ဘဝကိုမလဲပါနဲ့
ညီမလေး ခံစားချက်တွေထိန်းချုပ်ပါ
ညီမလေး အမြဲတမ်းပြုံးထားပါ
ညီမလေး………………………………။
                   ******************************************************
          သံစဉ်မကိုက်တဲ့ ညီမလေးအတွက် ကျွန်တော့်ရဲ့စာကို ကျွန်တော်အဆုံးမသတ်နိုင်ခဲ့ဘူး။ စာကိုရေးရင် ကျွန်တော့်လက်တွေတုန်ခါလာတယ်။ အချို့လူတွေရယ်ချင်ရယ်ကြလိမ့်မယ်။ အချို့လူတွေလှောင်ချင်လှောင် ကြလိမ့်မယ်။ တကယ်တော့ အဖြူရောင်ဆိုတာ အစွန်းအထင်းမခံဘူးဆိုတာ ကျွန်တော်သိနေတယ်။ ဒီလိုနဲ့ ညီမလေးအတွက် စာတစ်ပိုဒ်ကနေ သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့တယ်။ သံစဉ်နားမလည်တဲ့ ကျွန်တော့်အတွက် သီချင်းတစ်ပုဒ်ကို ဖန်တီးပေးမိတယ်။ ဒါဟာ အဖြူရောင်တွေလွှမ်းခြုံထားတဲ့ အစွန်းထင်းမခံတဲ့ သံစဉ်သီချင်းတစ်ပုဒ်ပါပဲ။ စိတ်စေရာလွင့်ပါလို့ ကျွန်တော်လက်တွေဟာ သံစဉ်တစ်ပုဒ်ကိုတီးခတ်မိရဲ့။ ညီမလေးအတွက်စာတစ်ပုဒ်ဟာ သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့တယ်။ ကျွန်တော်တီးတဲ့ သံစဉ်တွေဟာ စာသားတွေနဲ့ ကိုက်ညီလို့။ ကျွန်တော်လွင့်မျောသွားတယ်။ ဒါပေမယ့် ကျွန်တော်သီချင်းကို အဆုံးမသတ်နိုင်ဘူး။ ကျွန်တော့်ရင်ဘတ်က ဆို့နင့်တက်လာခဲ့တယ်။ ကျွန်တော်ဘယ်လိုအဆုံးသတ်ရမလဲ။ ကိုယ့်သီချင်းတစ်ပုဒ်ကို သီဆိုရင်း ထွက်လာတဲ့သီချင်းရဲ့အဆုံးသတ်က ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ အခြားလူရဲ့ ညီမလေးအတွက် သီချင်းတစ်ပုဒ်။ တကယ်တော့ သံစဉ်တွေစာသားတွေဟာ ဘဝတစ်ခုလိုပဲ ရှုပ်ထွေးလွန်းလှပါတယ်။ သံစဉ်တွေဟာ ဖြူစင်တယ်။ နူးညံ့တယ်။ ပျော့ပြောင်းစေတယ်။ ကြမ်းတမ်းစေတယ်။ ညီမလေးအတွက်သီချင်းတစ်ပုဒ်ကို ကျွန်တော် ညီမလေးသို့ ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ ရောနှောခဲ့မိတယ်။ ဒါပေမယ့် အဖြူရောင်ကနေ အရောင်မပြောင်းခဲ့ပါဘူး။
ညီမလေးသို့
ညီမလေးရယ်နားထောင်ဦး စကားတစ်ခွန်းတော့ပြောချင်တယ်
လူတွေအမြဲလိုအပ်နေတဲ့ ငါတို့ရဲ့အချစ်အကြောင်းလေ
လိုက်ရှာလို့နေလည်း ဘယ်နားမှာဘယ်ဆီခိုတားနေ
မင်းလေးတွေ့ပြီလားဟေ့ စဉ်းစားကြည့်ပါဦးလေ
ရင်မှာသစ္စာတရားတွေနဲ့ ချစ်ခဲ့ဖူးပေမယ့်
တစ်ချိန်မှာနားလည်မှုတွေလွဲ ငါတို့ပဲအသည်းကွဲမယ်
တို့လိုအပ်နေတဲ့ အကြင်နာတွေဘယ်မှာရှာရမလဲ
ဘဝနဲ့အချစ်ကိုလဲဖို့ စိတ်ချတဲ့အချစ်ဟာရှားတယ်
ယုံကြည်ပါညီမလေး… ငါလေမင်းအတွက်ရင်မောတယ်
မသေချာတဲ့ ဒီလိုအချစ်ကြောင့် မငိုပါနဲ့
ယုံကြည်ပါညီမလေး…ငါလေမင်းအတွက်ရင်မောတယ်
တကယ်ဆိုရင် ဘဝနဲ့အချစ်က လဲဖို့ကိုမလိုတယ်….။
          ကျွန်တော့်မျက်ရည်တွေဟာ အတိုင်းအဆမသိ မျက်ရည်စတွေဟာ ဂစ်တာကြိုးတွေနဲ့ရောကာ ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိကျသွားတယ်။ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ကျွန်တော်နိုးထ လာတယ်။ ကျွန်တော့်ခေါင်းအုံးတစ်ခုလုံး မျက်ရည်ရွှဲနစ်လို့ နားထင်ကို လက်ညိုးနဲ့တစ်ချက်ထောက် လိုက်တယ်။ နာရီကိုတစ်ချက်ကြည့်တော့ (၆)နာရီ (၂၅)မိနစ် သက်ပြင်းတစ်ချက်ချကာ မျက်နှာသစ် ရေမိုးချိုး အလုပ်သွားဖို့ထလိုက်တယ်။ အိပ်မက်ထဲက ညီမလေးအတွက်သီချင်းကို ကြိုးစားပြီး ပြန်ဆိုကြည့်မိတယ်။ ကျွန်တော်နှုတ်ဖျားက တစ်ခုမှ ထွက်ကျမလာခဲ့ဘူး။
                   ************************************************
ရင်နှင်ရင်း၍
အောင်မိုးသူ
ဇွန် (၂၀)ရက် ၂၀၁၃ခုနှစ်
နံနက် (၁၁)နာရီတိတိ

2 comments

  • အလင်း ဆက်

    June 20, 2013 at 3:39 pm

    ရသ ပါပဲ ဗျာာ

    ဖတ် ရှု ခံစားသွား ပါတယ်။
    ညီမ လေး အတွက် ဆိုပေမယ့်
    ညီလေး က ဖတ် သွားမိတာပါ 🙂
    🙂

Leave a Reply