လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက် မဂ္ဂဇင်းတစ်ခုမှာပန်းပွင့်များပြောတဲ့ အတိတ်ရနံ့များအကြောင်း ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အင်တာဗျူးလေးပါ။ အခြောက်အားပေးတာရယ်၊ဘာရယ်လို့တော့ မဟုတ်ပါဘူး။ လူသားဆန်တဲ့ လူသားတစ်ယောက်ရဲ့ ဘ၀နဲ့အတိတ်လေးတွေကို တူးဆွကြည့်မိယုံလေးဖြစ်ပါတယ်။ စာဖတ်သူများ လက်မခံဘူးဆိုရင် ဆက်မတင်တော့ဘူးလို့ ကြိုတင်မေတ္တာရပ်ခံချင်ပါတယ်။
အာဂ။

မိတ်ကပ်ခင်စန်းဝင်းရဲ့ ကိုယ်ရေးအကျဉ်း။
မကြီးစန်းကို ၁၉၆၅ ခုနှစ် ၊ ဇွန်လ (၈)ရက်နေ့မှာ မွေးပါတယ် ၊ ဇာတိကတော့ ရန်ကုန်မှာပဲ ၊ ဒဂုံမြို့နယ် မှာပေါ့။ မကြီးစန်းအဘိုးက ကျောင်းအုပ်ကြီးဆိုတော့ ဒဂုံအ.ထ.က (၂) ကျောင်းဝန်းထံမှာပဲ ငယ်ငယ်ကတည်းက နေထိုင်ခဲ့ပါတယ်။ မွေးချင်းမောင်နှမ (၄)ယောက်ရှိပါတယ်။ မကြီးစန်းကတော့ (၄)ယောက်မြောက်ပါ။ ၁၉၈၃ ခုနှစ်မှာ (၁၀)တန်းဖြေတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ (၁၀)တန်းကျတဲ့အတွက် နောက်နှစ်မှာ ဆက်မဖြေဘဲ ဒီမိတ်ကပ် လောကထဲ ရောက်ရှိခဲ့ပါတယ်။

မကြီးစန်းက မိန်းမစိတ်ပေါက်နေတော့ ကျောင်းတက်တုန်းက အတွေ့အကြုံတွေကရောဘယ်လိုမျိုးပါလဲ။

အဓိကက ကိုယ့်ပုံစံက ဒီမိန်းမစိတ်ပေါက်နေတဲ့ပုံဆိုတော့ မိန်းကလေးတွေနဲ့ကတော့ အဆင်ပြောတယ်။ ဒါပေမဲ့ ယောင်္ကျားလေးတွေနဲ့ကျတော့ သိပ်အဆင်မပြေဘူး။ ပြီးတော့ ကိုယ်နေတဲ့ကျောင်းကလည်း ယောင်္ကျားလေး မိန်းကလေး တွဲထားတဲ့ကျောင်းဆိုတော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကြားထဲမှာ အစအနောက်တော့ ခံခဲ့ရ တာပေါ့။ ဒါပေမဲ့ မကြီးစန်းက မိန်းမစိတ်ပေါက်ပေမယ့် ယောင်္ကျားလေးတွေနဲ့ပဲ ပေါင်းတယ်။ ပြီးရင် ယောင်္ကျားလေး တွေ့ လုပ်နိုင်သမျှ အရာအားလုံးကို ကိုယ်လည်း လုပ်နိုင်အောင်ကြိုးစားတယ်။ မကြီးစန်း သက်သေပြချင်တာက ဖိုမစိတ်ဖြစ်နေတာ၊ ခနှာကိုယ်အပြင်ပိုင်းမှာတော့ အားနည်းချက်မရှိဘူးဆိုတာ ပြချင်တာပေါ့။ အဲဒီသဘောနဲ့ ယောင်္ကျားလေးတွေ ဘောလုံးကန်တယ်ဆိုရင်လည်း ကန်တယ်။ ယောင်္ကျားလေးတွေ သစ်ပင်တက်ရင်လည်း တက်တယ်။ ယောင်္ကျားလေးတွေ လုပ်နိုင်သမျှ ကိုယ်တန်းတူလုပ်နိုင်အောင် ကြိုးစားခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ် မိန်းမစိတ်ဝင်နေမှန်း ဘယ်အရွယ်လောက်စပြီး သတိထားမိသလဲ။
ကိုယ့်ကိုယ်ကိုယ် မိန်းမစိတ်ဝင်နေတယ်ဆိုတာကို ဘယ်လိုပြောရမလဲ ၊ ငယ်ငယ်တုန်းကတော့ ကိုယ်က အလှအပကြိုက်တယ်။ နောက်မိန်းကလေးတွေနဲ့နေရတာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးရင်းနှီးသလို ခံစားရတယ်။ ယောင်္ကျားလေးတွေနဲ့ကျတော့ ကိုယ်နဲ့မတည့်တဲ့ ဘာသာခြား ၊ လူမျိုးခြားနဲ့ ဆက်ဆံနေရသလိုပဲ ငယ်ငယ်တုန်းက ခံစားရတယ်။ နောက်နည်းနည်းလေး အရွယ်ရောက်တဲ့အခါကျတော့လည်း သူများတွေက အခြောက်ဆိုပြီးတော့ စတဲ့အခါကျတော့ ဒီလောကထဲမှာ ငါလိုလူတစ်ယောက်ပဲရှိလားဆိုတဲ့ အတွေးမျိုးတော့ဖြစ်တယ်။ ဒါပေမဲ့ နည်းနည်းလေး အရွယ်ရောက်လာတဲ့အခါ ကျူရှင်တွေဘာတွေ အပြင်မှာတက်တဲ့အခါကျတော့ ကိုယ့်လို လူတွေ စမြင်ဖူးတာ။ နောက်အဲဒီအချိန်မှာပဲ မိုးကြိုးငှက်ငယ်လေးများကပွဲတွေဘာတွေပေါ်လာတဲ့အခါကျ သြော်ဒါမျိုးတွေ လည်း ရှိပါလားဆိုပြီး သိလာတယ်။ နောက်အတန်းကြီးလာတော့ တခြားကျောင်းကပြောင်းလာတဲ့ ကိုယ်လိုလူမျိုး တွေ ပါလာတဲ့အခါကျတော့ တွဲမိတယ်ပေါ့။
မခင်စန်းဝင်းဆိုတဲ့ နာမည်စပေးဖြစ်သွားပုံလေးကရော . . .။
မကြီးစန်းနာမည်အရင်းက စန်းဝင်းပါ။ မကြီးစန်း ငယ်ငယ်တုန်းက မိတ်ကပ် ခင်ဇော်ဝင်းဆိုတာ နာမည်ကြီးတယ်လေ။ ခင်ဇော်ဝင်းနဲ့ မကြီးစန်းဆရာ မိတ်ကပ်ဆန်နီနဲ့က သူငယ်ချင်းတွေဆိုတော့ မာမီဆန်က သူ့ရဲ့ တပည့်တွေအားလုံးကို ခင်တွေတပ်တပ်ပေးပြီး ခေါ်တယ်။ မကြီးစန်းက စန်းဝင်းဆိုတော့ ခင်စန်းဝင်းပေါ့။ အဲဒီတုန်းက ခင်သန်းနု တို့ ခင်သီတာထွန်းတို့ မကြီးစန်းတို့က ကြိုက်တာနဲ့ပဲ ခင်တပ်ခေါ်တာကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ရှိခဲ့တယ်။ ဒီနာမည်ကတော့ မာမီဆန်းပေးတဲ့နာမည်ပါ။
ကိုယ်ကမိန်းမစိတ်ပေါက်နေတဲ့အခါ မိဘဆွေမျိုးတွေက ဘာတွေပြောကြသေးလဲ။
မိဘတွေဆိုတဲ့နေရာမှာ အဖေကတော့ ဘာမှမပြောဘူး။ ထုံးစံအရဆိုရင်တော့ အဖေတွေကဒီလိုမျိုး မိန်းမစိတ်ပေါက်တာတို့ ၊ မိန်းမလိုဝတ်တာတို့ကို မကြိုက်ကြဘူး။ မကြီးစန်း မိန်းမစိတ်ပေါက်တာကလည်း တစ်ခုတော့ရှိတယ်။ မကြီးစန်းအထက်က အစ်မဆိုတော့ အရင်တုန်းက မြန်မာတွေထုံးစံအတိုင်း အကြီးရဲ့အကျ အ၀တ်အစားတွေကို အငယ်က၀တ်ရတယ်လေ။ ကိုယ်က အစ်မရဲ့ အ၀တ်အစားတွေဝတ်ရတော့ မိန်းမ အ၀တ် အစားတွေ ၀တ်ရသလိုဖြစ်နေတယ်။ အဲဒီတော့ ငယ်ငယ်ကတည်းက မိန်းမလိုဝတ်ရ ၊ တာပိုကြိုက်နေဖြစ်တယ်ပေါ့။ ဒါပေမဲ့ အမေကကျတော့ မိန်းမလိုဝတ်တာ မကြိုက်ဘူး။ နွဲ့တာ မကြိုက်ဘူး။ များသောအားဖြင့် ရိုက်ရင်လည်း အမေက ရိုက်တာများတယ်။ အဖေက ဘယ်တော့မှမရိုက်ပါဘူး။
ဒါဆိုမကြီးစန်းအမေကရော မကြီးစန်းရဲ့ စိတ်ကိုပြုပြင်ဖို့ ကြိုးစားသေးလား။
ပြင်ဖို့ကြိုးစားတယ်လို့ပဲ ပြောရမလား။ ငယ်ငယ်က အမေကယောင်္ကျားလေးသူငယ်ချင်း တော်တော်များများ ကို ပေါင်းခိုင်းတယ်။ တကယ်လည်းကျောင်းမှာ ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ပဲ ပေါင်းတာပါပဲ။ ကိုယ်က မိန်းမ စိတ်ပေါက်နေတဲ့ အခြောက်ဖြစ်နေပေမယ့် ယောင်္ကျားလေးတွေနဲ့ပေါင်းတယ်။ သူတို့နဲ့ရောနှောပြီး နေတယ်။ သူငယ်ချင်းတွေကလည်း ကိုယ့်ကို တစ်ပြေးညီဆက်ဆံကြတယ်။ ရုပ်ရှင်သွားလည်း အတူတူ ၊ မုန့်သွားစားလည်း အတူတူ ၊ ကျောင်းပြေးကြလည်း အတူတူပေါ့။ ကိုယ့်ကို တခြားသူတွေက စတယ်ဆိုရင်လည်း သူတို့က ကိုယ့်အတွက် ၀ိုင်းပြီး ရန်ဖြစ်ပေးကြတယ်။ ကာကွယ်ပေးကြတယ်။ သူငယ်ချင်းတွေနဲ့ ခင်ကြတယ်ပေါ့။ အမေက ကျတော့ အဲဒီလို ယောင်္ကျားလေးတွေနဲ့ ကျားကျားလျားလျား ပေါင်းစေချင်တာပေါ့လေ။ ဒါပေမဲ့ စိတ်ကဖြစ်နေတာ ကို ပြုပြင်လို့မလွယ်ဘူး။ မရဘူးဆိုတာ သူတို့သိလာတဲ့အခါကျတော့ သူတိုကိုယ့်ကို ပြင်ဖို့ မကြိုးစားကြတော့ဘူး။
အဲဒီအချိန်က အိမ်ကလည်း ကိုယ့်ကိုပြောင်းလဲအောင် ဖိအားတွေဘာတွေ ပေးတဲ့အခါကျတော့ စိတ်ထိခိုက် တာတွေ ဘာတွေရော ဖြစ်မိသေးလား။
စိတ်ထိခိုက်တာမျိုးတော့ မရှိပါဘူး။ ကိုယ်ကမိန်းကစိတ်ပေါက်တော့ မိန်းမဆန်ဆန်နေတယ်။ မိန်းမ အ၀တ်အစားကြိုက်တယ်။ အဲဒီအခါကျတော့ အိမ်ကလည်း ကိုယ့်ကိုပြုပြင်ထိန်းသိမ်းလို့ မရတဲ့အခါကျတော့ ကိုယ့်ကို နောက်ဆုံး မိန်းမတစ်ယောက်လိုပဲ ထိန်းသိမ်းလိုက်တယ်ပေါ့။ သဘောကတော့ သမီးပျိုရှိတဲ့ မိဘတွေလိုဘဲ ထိန်းသိမ်းတယ်။ သွားစရာတွေရှိရင်လည်း တကောက်ကောက်အမြဲတမ်းလိုက်တယ်။ နောက်မိဘတွေ မပါဘဲ အပြင်ကို မသွားဘူးဆိုတော့ မကြီးစန်းရဲ့ ကြီးပြင်းတဲ့ပုံစံက မိန်းကလေးတစ်ယောက် မိဘ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းတဲ့ပုံစံက မိန်းကလေးတစ်ယောက် မိဘအုပ်ထိန်းမှုအောက်မှာ ကြီးပြင်းတဲ့ပုံစံနဲ့ ကြီးပြင်းလာခဲ့တာပေါ့။
အဲဒီခေတ်က အရွယ်ရောက်တဲ့ မိန်းမလျာအများစုက လမ်းလွဲရောက်တတ်တာများတဲ့အချိန်မှာ မကြီးစန်း အနေနဲ့ ဒီအလှဖန်တီးရှင်ဘ၀ကူးဖို့ စိတ်ကူးမိတဲ့ စိတ်ကူးလေးကရော…..
မကြီးစန်းတို့ငယ်ငယ်က မိတ်ကပ်မှာ နာမည်ကြီးတာဆိုရင် အမျိုးသမီး မိတ်ကပ်ဆရာတွေများတယ်။ ဥပမာ-ဟောလီဝုဒ်ဒေါ်ကေတီ၊ ဖြိုးငွေစိုးရဲ့အဘွားပေါ့။ နောက်ဗိုလ်ချုပ်ဈေးထဲက လှသူဇာတို့ ၊ စန္ဒာဝင်းတို့ ၊ ကုမုဒြာညီ အစ်မများတို့ ၊ ဒေါ်နန်းအိအိဇာတို့ အဲဒီလို မိန်းမအလှပြင်တဲ့လူတွေ ၊ ဆိုင်တွေက အရမ်းနာမည်ကြီးတယ်။ အဲဒီတုန်းက ဒီလောကထဲမှာ အခြောက်ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ လက်ချိုးရေလို့ရတယ်။ ဥပမာ- မြောက်ဥက္ကလာမှာ ဂျီဗလနေတယ်။ မင်းမနိုင်မှာ ကိုဖယ်ရီမျိုးသော်နေတယ်ပေါ့။ ကြည့်မြင်တိုင်မှာ မာမီဂျွန်ရှိတယ်။ အဲဒီအချိန်မှာ မိတ်ကပ်စိုးစိုးတို့ ၊ မိတ်ကပ်ကိုမာတို့ ၊ မိတ်ကပ်သော်သော်တို့လို လူမျိုးတွေကတော့ အမည်ရဖို့ ကြိုးစားနေတဲ့ အချိန်ပေါ့။ ဒီတော့မိတ်ကပ်ဆရာဖြစ်လာဖို့ မဖြစ်လာဖို့ထက်ကို သူတို့တွေက ကြီးစိုးနေတာပေါ့။ အဲဒီအချိန်မှာ မကြီးစန်းတို့က ပတ်ဝန်းကျင်မှာ မြင်ဖူးတာက ရပ်ကွက်ထဲမှာ ရှောက်သီးဆေးပြားလှည့်ရောင်းတဲ့ အခြောက်မျိုး မြင်ဖူးတယ်။ နတ်ကတဲ့ နတ်ကတော်လိုလူမျိုးကို မြင်ဖူးတယ်။ ဒီတော့အိမ်က အဲဒီလိုလူမျိုးတွေမြင်ရရင် ကိုယ့်ကို ပိုပြီးတော့ ဖိအားပေးတာပေါ့။ အစ်ကိုတွေဆိုရင် မရဘူး။ သူတို့ကို မြင်ပြီဆိုရင် ကိုယ့်ကို ဆုံးမပြီး ရိုက်လေပဲ။ တစ်ခုရှိတာက သူတို့လည်း သူတို့ဘ၀နဲ့သူတို့ နီးစပ်ရာယဉ်ပါးပြီးတော့ သူတို့ရဲ့ ဘ၀ရပ်တည်ရေးအတွက် လုပ်ကြတာ ဖြစ်မှာပေါ့လေ။ မကြီးစန်းတို့ကျတော့လည်း ကိုယ်နေတဲ့ကျောင်းရဲ့အနီးမှာ ယဉ်ကျေးမှုကဇာတ်ဌာနရှိတယ်။ အဲဒီမှာလည်း အခြောက်တွေအများကြီးရှိတယ်။ အဲဒီမှာ ဇာတ်ကတဲ့လူ လုပ်ချင်လုပ်လို့ရတယ်။ ဆိုလိုတာက မကြီးစန်းနဲ့ နီးစပ်နေပေမယ့်လည်း မကြီးစန်းက ဇာတ်ကတဲ့အလုပ်ကို ၀ါသနာလည်းမပါဘူး။ ၀ါသနာမပါတဲ့အခါ ကျောင်းပြေးပြေးပြီးတော့ မင်းမနိုင်မှာရှိတဲ့ ကိုဖယ်ရီမျိုးသော်ရဲ့ဆိုင်ကို သွားသွားလည်တယ်။ အဲဒီဆိုင်မှာ သူများတွေ ဆံပင်ညှပ်တာတို့ ၊ မိတ်ကပ်လိမ်းတာတို့ကို ခိုးခိုးပြီး ကြည့်တယ် ၊ နောက် ကိုယ်ကျောင်းအားရက်တဲ့ရက်တွေ ဆိုရင် သူတို့ကိုဝိုင်းကူပြီး လုပ်ပေးတယ်။ မင်္ဂလာဆောင်တွေရှိရင် ကိုယ်သွားလုပ်ရင်းနဲ့ ဒီလောကထဲဝင်လာတာပေါ့။

မကြီးစန်းငယ်ငယ်တုန်းက မိတ်ကပ်လိမ်းရတာကို ဘာကြောင့် ၀ါသနာပါခဲ့တာလဲ။
မကြီးစန်း ၊ မိတ်ကပ်လိမ်းရခြင်းကို ငယ်ငယ်ကတည်းက ဘာကြောင့် ၀ါသနာပါလဲဆိုတော့ မကြီးစန်းက ပန်းချီဆွဲတာ ၀ါသနာပါတယ်။ အရောင်တွေနဲ့ ဖန်တီးတာကိုကြိုကတယ်။ ငယ်ငယ်တုန်းက စာမေးပွဲကျတယ်ဆိုတာ ကလည်း ပန်းချီတွေ ထိုင်ဆွဲနေလို့ပဲ ၊ ကိုယ်ကြည့်မိတဲ့ ရုပ်ရှင်မင်းသမီးပုံတွေ ပြန်ဆွဲတာတို့ဘာတို့ လုပ်ဖြစ်တယ်။ အဲဒီလို အရောင်တွေနဲ့ ခြယ်မှုန်းရတာ ၀ါသနာပါတဲ့အတွက် စာထဲသိပ်စိတ်မရောက်ဖြစ်ဘူး။ တကယ်(၁၀)တန်း စာမေးပွဲကို မဖြေနိုင်ဘူးဆိုတာကလည်း စိတ်ကစာထဲမရောက်ဘဲ အလှပြင်တဲ့ဘက်ကို ရောက်နေလို့ မဖြေနိုင်တာ။
မကြီးစန်းက ကိုတူးရဲ့ ဆံပင်ညှပ်ဆိုင်မှာ အောက်ခြေကနေစပြီး လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ လုပ်ဖြစ်သွားပုံလေးကရော .. .။
အောက်ခြေသိမ်းဆိုတာ ဒီလိုပါ။ သူတို့က ခိုင်းတာရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ့်အနေအထားကလည်း သူတို့ကို အောက်ခြေသိမ်းလုပ်ပေးရမယ့်အနေအထားမျိုး မဟုတ်ဘူးဆိုတာ မကြီးစန်းတို့ မျိုးရိုးအရ သူတို့သိပါ တယ်။ ဒါပေမဲ့ ကိုယ်ကဘာလဲဆိုတော့ ဒီအလှပြင်လုပ်ငန်းလုပ်မယ်ဆိုတာ အိမ်ကသဘောမတူတာလည်း တစ်ချက် ပါတယ်။ နောက်မိဘကလည်း အစိုးရ၀န်ထမ်းဖြစ်တဲ့အခါ သိပ်ပိုပိုလျှံလျှံ မရှိတာရယ်။ ဆင်းရဲတယ်လို့ ပြောလို့ ရတယ်ပေါ့။ အဲဒီအချိန်မှာ အတတ်ပညာတစ်ခုကို သင်မယ်ဆိုရင် ထိုက်သင့်တဲ့ငွေကြေးပေးပြီး သင်ရမယ့်အနေ အထားတစ်ခု ဖြစ်နေတဲ့အခါကျတော့ ကိုယ်ကတန်ဖိုးတစ်ခုပေးပြီးတော့ မသင်နိုင်ဘူး။ ဒီတော့ အတတ်ပညာတစ်ခု ကို အချောင်လိုချင်တဲ့စိတ် မကြီးစန်းမှာမရှိဘူး။ ဒီတော့ သူတို့ကို ကိုယ်တတ်နိုင်တဲ့ဝန်လေးနဲ့ ကူညီမယ်ဆိုတဲ့ စိတ်လေးနဲ့ လုပ်ပေးခဲ့တာပါ။ မိသားစုလိုပေါ့။ အခုခေတ်ကလေးတွေနဲ့ကွာတာက မကြီးစန်းတို့ဆိုရင် ကိုယ့်ဆရာ သမားကို ကိုယ့်ရဲ့မိဘလို ၊ ကိုယ့်ရဲ့ကျေးဇူးရှင်လို ချစ်ခင်ပြီးတော့ ရိုသေလေးစားခဲ့တယ်။ ဒီဘက်ခေတ်ကလေးတွေ နဲ့ကတော့ အများကြီးကွာသွားတယ်။
အဲဒီမှာရော ကြုံတွေခဲ့ရတဲ့ အခက်အခဲလေးတွေရှိလား။
အခက်အခဲဆိုတာကတော့ ဒီလိုပါပဲ။ အမှန်အတိုင်းပြောရရင် သူတို့က မကြီးစန်းကို အရမ်းအားကိုးရတယ် ပေါ့နော်။ ဒီအလုပ်ဆိုရင်လည်း အောက်ခြေသိမ်းကအစ လုပ်ပေးတယ်။ ဆရာသမားရဲ့ စကားကိုလည်း နာခံတယ် ပေါ့နော်။ နောက်လိုလေသေးမရှိအောင် လုပ်ပေးရတဲ့အခါကျတော့ ဆရာသမားရဲ့ ချစ်ခင်ခြင်းကို ခံရတယ်။ အဲဒီအခါ ဘာဖြစ်လဲဆိုတော့ ကိုယ့်ကိုမလုပ်ပေးနိုင်တဲ့သူတွေကျတော့ မကြီးစန်းလို နေရာပေးမခံရဘူး။ ဦးစားပေးမခံရတဲ့ အခါ ကိုယ့်အပေါ် မလိုတမာစိတ်နဲ့ ချောက်တွန်းတာမျိုး ၊ ရန်တိုက်ပေးတာမျိုးပေါ့စသဖြင့် ဆရာနဲ့ကိုယ့်ကို အဆင် မပြေအောင်လုပ်တာမျိုးတွေကတော့ ကြုံရတာပေါ့နော်။

အပိုင်း(၂) ဆက်ရန် ……..

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011