(အနီးမီးယား) Anemia ခေါ် ဒုက္ခသည်ရောဂါတမျိုး

khunmyomyatJuly 30, 20101min570

လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်တဲ့လေထဲက အောက်စီဂျင်ကို သုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်)ဆိုတာက သံဓါတ် နဲ့လုပ်ရတာ။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘူယျခေါ်တယ်။ သွေးစစ်ရင် “HB နည်းနေသည်”လို့ အဖြေ ထွက်မယ်။ ပုံမှန်ဆိုရင် အမျိုးသမီးတွေမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားတွေမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတာ။ ရက်တိုနဲ့ နာတာရှည်။ နည်းနည်းဆိုးတာနဲ့ များများဆိုးတာ။ ဖြစ်ရင် မျက်ခွံ၊ နုတ်ခမ်း၊ အသားအရေ အရောင်ဖြူလျော့နေမယ်၊ မောလွယ်မယ်၊ အသက်ရှူမဝ၊ နှလုံးခုန်မမှန်၊ ရင်ပတ်နာ၊ ခေါင်းမူး၊ ခြေလက်အေးစက်၊ ခေါင်းကိုက်။

လစဉ် ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိတာတို့၊ မစားနိုင်လို့-မစားတတ်လို့ အစားအစာ ရွေးလွန်းလို့၊ အရက် ကြာကြာသောက်သူတွေ၊ အူရောဂါတမျိုးရှိသူ၊ အူကို အရှည်ကြီး ဖြတ်ပြစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသဲ၊ ကင်ဆာ ရောဂါတွေရှိသူ၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ (ရူမတွိုက်) အဆစ်နာရောဂါ၊ AIDS တွေကြောင့်လည်း သွေးအားနည်း နိုင်သေးတယ်။

အများဆုံးကတော့ သံဓါတ်နည်း သွေးအားနည်းရောဂါ ဖြစ်တယ်။ ဖြစ်ရင် သံဓါတ်ပါတဲ့ အစား အစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်သိအောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသဲ (၇၀)၊ ပဲပုတ် (၅၀)၊ တခြားပဲ (၂၀-၂၅)၊ တိုဖူး (၂၀)၊ ဟင်းနုနွယ် (၂၀)၊ အမဲသား (၁၀-၂၀)၊ ကြက်သား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။

သွေးအားကောင်းစေတဲ့ ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုး ထုတ်တယ်။ Iron တမျိုးထဲအပြင် Folic acid နဲ့တွဲ၊ Vitamin B, C ပါ ရောထားတာလဲ ရှိတယ်။ (ဗမာပြည်မှာ ဖြူရာမင် ဘီစီ)။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီး တယောက်ကို သံဓါတ်ပါ စားဆေး (၃)လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာသောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါလေ။ ဗမာပြည်တုံးကတော့ UNICEF ကနေ အလားကားဝေတာကို ထုတ်ရောင်းလို့ ၁၀၀ဝ ဗူးကို ၁ဝ မပေးရဘူး။

သံဓါတ်ဆေးဆိုတော့ သံချေးနံ့ရလို မကြိုက်သူတွေအတွက် အပေါ်ကသကြားအုပ်ဆေး ထုတ်တယ်။ ဆေး မမြိုတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ ကိုယ်ဝန်လာအပ်တဲ့ သားဦး မိန်းကလေးတယောက် အတော် သွေးအားနည်းနေလို့ ဆေးခန်းကို တခါလာရင် ဆေး ၁ ပါတ်စာပေးပါတယ်။ အရပ်စကား ပြန်ကြားမှ အနံ့မကြိုက်လို့ ဆေးမသောက်ဘူးဆိုတာ သိရတယ်။ ဒါနဲ့ နောက်တခါလာတော့ မသိချင်ယောင် ဆောင်ပြီး၊ ထိုးဆေး အဝယ်ခိုင်းပြီး ထိုးပေးတယ်။ အဲဒါလဲ သိပ်အဆင် မပြေပါဘူး။ ဆေးထိုးတာကလဲ နာလို့တဲ့၊ ၂ ခါဘဲ လာထိုးတယ်။ သူမွေးရင် အတော် ဂရူစိုက်ရလိမ့်မယ်လို့ ဆရာမတွေကို မှာထားရတယ်။

သံဓါတ်က ဝမ်းချုပ်တတ်လို့ ဝမ်းလွယ်အောင် သင်္ဘောသီး၊ မန်ကျီးမှည့်၊ ကန်ဇွန်းရွက်၊ စတာတွေကိုပါ စားသင့်တယ်။ မြန်မာဘယဆေးများကလည်း အသုံးဝင်လှပါတယ်။

သံဓါတ်အပြင် (ဖေါလစ်အက်စစ်) နည်းတဲ့ သွေးအားနည်းရောဂါဆိုတာရှိတယ်။ သာမန်အချိန်မှာ 400 နို့တိုက်နေရင် 500 ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ နာနတ်သီး၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာ အမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်စတဲ့ အသီးအရွက် စိမ်းတွေ၊ နေကြာစေ့၊ မြေပဲ၊ အစေ့အဆံတွေ၊ အသဲ-အမြစ်၊ ပြောင်း-ပြောင်းဖူးထွက် အစာတွေ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။

Folic acid ဟာ Spina bifida စတဲ့ မွေးရာပါ ဦးနှောက်-အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။ Spina bifida ဆိုတာ (ရဖြူဂျီ)ထဲက ရခိုင်-ဗမာ ကလေးတယောက်မှာ ဖြစ်တာ။ ခွဲစိတ်ကုပေးနိုင်လို့ အတော်အခြေအနေ ကောင်းတယ်။ ကိုယ့်တိုင်းပြည်မှာဆို သနားပါတယ်ဘဲ ပြောနိုင်ကြမှာ။ အခု ပိုကံကောင်းတယ် ပြောရမယ် တတိယနိုင်ငံ ရောက်ပြီး၊ အတော် တိုးတက်နေပြီတဲ့။ ကျောင်းလဲတက်နေပြီ။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နဲတဲ့ သွေးအားနည်းရောဂါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နည်းနေရင် Vitamin 12 ထိုးပေးရမယ်။ B-12 ဟာ သွေးအတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသဲ၊ ကောက်နှံတွေ၊ ငါး၊ အမဲသား၊ ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ပါ။

(ရိုးတွင်းခြင်ဆီ) မကောင်းသူတွေမှာ Aplastic anemia နဲ့ (လူကီးမီးယား) သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ သွေးသွင်းပေးရတာတို့ ရိုးတွင်းခြင်ဆီ အစားထိုးပေးတာတို့ လုပ်ပေးရတယ်။ သွေးအားနည်းတာကို အိပ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် အကြောင်းရင်းကိုပါ ကုပေးရပါမယ်။ လိပ်ခေါင်းက သွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေ ပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိ ုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန်နည်းနေတာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့အထဲ ပါတဲ့သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ဝမ်းစစ်မှ တွေ့နိုင်တယ်။

သွေးအားနည်းတာနဲ့ (ပရက်ရှာ)ကျတာ မတူဘူး။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ Blood Pressure တိုင်းရင်တော့ နည်းနေတာကို တွေ့ရပေမဲ့ ရက်ကြာကြာ သွေးအားနည်းနေသူတွေက (ပရက်ရှာ) ပုံမှန် ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနည်းနေနိုင်တယ်။

သွေးသွင်းတာဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေအတွက် အသက်ကို ကယ်နိုင်တယ်။ သွေးနီဥဆိုတာ ရက် ၉၀-၁၂ဝ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ်လဲနေကြတာ။ ဒါ့ကြောင့် သွေးလှူရှင် တဦးဟာ ရက် ၁၂ဝ ဒါမှမဟုတ် ၄ လတခါ (သွေးလှူဘဏ်က လက်ခံရင်) စိတ်ချ လက်ချ လှူနိုင်ပါတယ်။

Dr.Tint Swe
၄-၁၂-၀၉