မန်းလေးဂေဇက် အလှူခရီးစဉ် (၄)..( ၁၅.၆.၂၀၁၃)

kotun winlattJune 25, 20132min1334

tyt5

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ သက်ရင်းတာရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသား/သူများ စာသင်ကြားရာ နေရာ ( ၂၀၁၂ မှ ပုံကို

တင်ထားခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင် ဇရပ်လေးအား ဓာတ်ပုံ မရိုက်မိခဲ့သောကြောင့်ပါ…။)

 

 

0

လှူဒါန်းမည့် ပစ္စည်းများကို နေရာချနေကြသည့် One Candle အဖွဲ့ဝင်များ

 

2

ဆရာမအား လှူဒါန်းသော ပစ္စည်းလေးများ ပေးအပ်စဉ်….

 

3

အနာဂတ်၏ သားကောင်းရတနာလေးများကို စာရေးကိရိယာများ ဝေငှပေးနေကြစဉ်…..

 

4

ကျောင်းသားလေးတစ်ဦးအားး စာရေးကိရိယာနှင့် အာဟာရမုန့်လေးများ ပေးအပ်စဉ်….။

 

5

ကျောင်းသားလေးတစ်ဦးအားး စာရေးကိရိယာနှင့် အာဟာရမုန့်လေးများ ပေးအပ်စဉ်….။

 

6

ကျောင်းသူ ကျောင်းသား ဆရာမများ ခန်းနေ ဦးဇင်းနှင့် OneCandle အဖွဲ့ဝင်များ

 

7

ကျောင်းသူ ကျောင်းသားများ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊ ခန်းနေ ဦးဇင်းနှင့် OneCandle အဖွဲ့ဝင်များ

 

8

သက်ရင်းတာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်ဆောက်လုပ်မည့် မြေနေရာ…

 

 

 

ဒီနေ့(၁၅.၆.၂၀၁၃) ရာသီဥတုမှာ အခြေအနေကောင်းနေ၏။ နံနက်စောစော နေမင်းကြီးက ပူမည့်ဟန်ပြနေခဲ့ပေမယ့်.. ကိုရွှေမိုးတိမ်တို့က အနောက်ဘက်တစ်ခွင်

ညို့ညို့မှိုင်းမှိုင်းဖြစ်လာပြီး..အားကစားသမားများ အကြိုက်ရာသီဥတု အခြေအနေပင်…။ဒီနေ့ ကျနော်တို့ အဖွဲ့လေးသွားရောက်မည့် ကျောင်းလေးကတော့

သက်ရင်းတာရွာဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးပါ။ ဒီရွာလေးကတော့ မော်လူးကနေ ငါးဖာလုံလောက်ကွာဝေးပါလိမ့်မယ်… မော်လူးဆိုတာ ဖြစ်လာစေဖို့

ပံ့ပိုးပေးထားကြတဲ့ လေးတန်ရိုးရွာတွေထဲကရွာလေးတစ်ရွာပါ။ လေးတန်ရိုးရွာဆိုတာက လေးတန်အမည်ရတဲ့ ချောင်းရိုးးတစ်လျှောက် ဟိုဘက်ဒီဘက်ကမ်းလေးတွေပေါ်မှာ

အစီအရီ ရှိနေကြတဲ့ ရွာလေးတွေကိုစုပေါင်းပြီး လေးတန်ရိုးရွာလို့ခေါ်ကြတာပါ..။ သက်ရင်းတာရွာက

စပြီးပဲခူး၊မလူး၊မာန်ဟဲက ချောင်းအရှေ့ကမ်းကရွာတွေ..ချောင်းအနောက်ကမ်းမှာတော့ ကူးဆိပ်၊

ခိုးကောင်၊ ဂွေ့ကြီး၊နန့်ရုံ၊အစရှိတဲ့ရွာတွေ ရှိနေကြတာပါ..။ အများကတော့ တိုင်းလျှံခေါ်တဲ့ ရှမ်းနီတွေပါ..ခက်တာက ရှမ်းနီဆိုပေမယ့် ရှမ်းစကားတတ်တဲ့ လူတွေနည်းနေခြင်းပါ…။

သက်ရင်းတာရွာလေးကတော့ အိမ်ခြေ(၇၀)ကျော်ရှိတဲ့ ရွာလေးပါ..။ အရင်ကတော့ ဘုန်းတော်ကြီးကျောင်းရော စာသင်ကျောင်းပါမရှိခဲ့တဲ့ ရွာလေး…။ အလှူလုပ်လိုလျှင်၊

ဥပုသ်စောင့်လိုလျှင် ပဲခူးရွာက ဘုန်းတော်ကြီးကျောင်းကိုသွားကြရသလို… ကလေးတွေ ပညာရေးအတွက်လည်း ပဲခူးရွာ စာသင်ကျောင်းလေးကို သွားကြရတယ်…။အခုတော့

ရွာခံလူတွေရဲ့ ကြိုးစာအားထုတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းလေးရော…. ကလေးတွေ ပညာရေးအတွက် စာသင်ကျောင်းလေးပါ ရှိနေခဲ့ပါပြီ…။ လောလောဆယ်ဆယ်တော့

စာသင်ဆောင် မရှိသေးလို့ ကျောင်းပြင်က ဇရပ်လေးပေါ်မှာ ကလေးတွေ စာသင်ပေးနေပါတယ်.. စာသင်ဆောင်လေးဆောက်ဖို့အတွက် မြေနေရာကို ဝယ်ယူထားပြီပြီလို့

သိရပါတယ်.. ကျနော်တို့အဖွဲ့လေးဟာ မော်လူးနဲ့ သိပ်မဝေးတဲ့ရွာလေးမို့ နံနက် ကိုးနာရီကျော်မှပဲ စထွက်ခဲ့ကြပါတယ်…။ မနေ့ကတည်းက ပြင်ဆင်ထားခဲ့တာမို့

ဘာမှသိပ်မလိုတော့ပါ..ဒါကြောင့် ကျနော်တို့ အဖွဲ့လေးဟာ ဆိုင်ကယ်တွေပေါ် ပစ္စည်းထုတ်တွေ တင်ပြီး ခရီးစဉ်ကို စထွက်ခဲ့ကြပါတယ်….

 

ရွာလေးကိုရောက်တော့ ဘုန်းတော်ကြီးကျောင်းလေးထဲ ဆရာတော်ကို ဖူးမြော်ဖို့ ဝင်သွားခဲ့ပါတယ်..။ ဆရာတော်က မရှိချေ။ လမ်းပြင်ရန်အတွက် သွားလိုက်တယ်ဟုသိရသည်။

ဆရာတော်မှာ အသက်ငယ်ရွယ်ပေမယ့် ပရဟိတအလုပ်တွေကို စိတ်ဝင်စားသလို ကိုယ်တိုင်လည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်ပါတယ်…။ ဆရာတော် မရှိတဲ့အတွက်

ကျနော်တို့ အဖွဲ့လည်း စာသင်ဆောင်ဖြစ်တဲ့ ဇရပ်လေးပေါ်တက်ပြီး ဆရာမကို ကျောင်းသားအရေအတွက်မေးတော့(၅၅)ဦး ရှိကြောင်းသိရပြီး ဝေငှမဲ့ ပစ္စည်းလေးတွေကို

အစီစဉ်တကျဖြစ်အောင် စားပွဲပေါ်မှာ နေရာချ.. မှတ်တမ်းတင်ဓာတ်ပုံလေးရိုက် ဆရာမကို မြေဖြူတိုက် သင်ပုန်းဖျက်စတာတွေ ပေးအပ်ပါတယ်..။ ပြီးတာနဲ့ ကလေးတွေကို

စာရေးကိရိယာလေးတွေ ဝေးငှပေးကြတာပေါ့..။ ကလေးတွေရဲ့ အပြုံးမျက်နှာလေးတွေ အပြစ်ကင်းစင်ပုံလေးတွေ မြင်ရတော့ ကြည်နူးဝမ်းသာရပါတယ်..။ တိုင်းပြည်အတွက်

အားထားရမည့် သားကောင်းရတနာများ ဖြစ်လာကြပါစေဟု စိတ်ထဲမှ အကြိမ်ကြိမ် တောင်းဆုပြုနေမိသည်..။ ဪ…. ကလေး ကလေး အထင်မသေးနဲ့ ကလေးကောင်းမှ

လူကြီးကောင်းမှာ..လူကြီးကောင်းမှ အားးလုံးးကောင်းးမှာ ဆိုတဲ့ ရွှေဥမင်ဆရာတော်ဘုရားရဲ့ ဆုံးမစကားလေးကိုလည်း နားထဲမှာ ကြားယောင်နေမိတယ်… ကောင်းတဲ့

ကလေးတွေကနေ.. ကောင်းတဲ့ လူကြီးတွေဖြစ်လာ… လူကြီးးတွေကောင်းတော့ အားလုံးကောင်းပြီပေါ့..။ ကျနော်တို့တွေ ဖြတ်သန်းနေတဲ့ ခရီးဟာ

ကြမ်းတမ်းရင်ကြမ်းတမ်းနေပါစေ… ကျနော်တို့ရဲ့.. မျိုးဆက်တွေရဲ့ ဘဝခရီးကို ကျနော်တို့လို မကြမ်းတမ်းစေချင်ဘူးဗျာ…။ ဒီတော့ တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်ကနေ

ကြိုးပမ်းပေးနေရခြင်းကိုလည်း ကျေနပ်နေမိတာ အမှန်ပါ..။ သူတို့လေးတွေ ပျော်ရွှင်နေတာတွေမြင်ရတော့ လူမောစိတ်မောဖြစ်ရတာတွေ

အကုန်ပျောက်ပေါ့..။ နောက်ထပ် နောက်ထပ်သော လှူဒါန်းမှုလေးတွေ လုပ်ဖြစ်အောင်လည်း တွန်းအားတွေ ပေးနေသလိုပါပဲ..။ တကယ်တော့ ကျနော်တို့

အဖွဲ့လေးဟာ နှမ်းဖြူကြသူတွေဆို ပိုမှန်မယ်ထင်ပါတယ်..။

 

အဖွဲ့ဝင်တွေထဲမှာ ငွေကြေးချမ်းသာသူတွေ မပါရှိကြပါဘူး..။ သူများတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေကိုသာ အရောက်ပို့ပေးကြနိုင်ကြတာပါ..။

ဥပမာပြောရရင် ပေါင်းထားတဲ့ ကောက်ညှင်းကို စားလို့ကောင်းအောင် နှမ်းထောင်းလေးဖြူးပေးရသလိုပေါ့…။ ကျနော်တို့

အဖွဲ့က ကောက်ညှင်းပေါင်းပေါ် နှမ်းလေးတွေ ဖြူးပေးနေကြတာပါ..။

 

ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျနော်တို့နယ်က ပညာရေးကို အားပေးလာကြတယ်ဆိုရင်.. အခုကလေးတွေ ကြီးပြင်းလာတဲ့ အချိန်ဆိုရင် ကျနော်တို့လိုပဲ ပရဟိတလုပ်ငန်းကို

စိတ်ဝင်စားသူတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူးလေ..။

 

နောက်တစ်ခုက ကျနော်တို့နယ်ကလူတွေက ကုသိုလ်ဆိုတာ ရဟန်းသံဃာတွေလှူမှ ဘုန်းတော်ကြီးကျောင်းတွေဆောက်လုပ်လှူဒါန်းမှ.. စေတီတော်တွေတည်တဲ့နေရာမှာ လှူမှ

ကုသိုလ်ရမယ်ထင်နေကြတာ။ ဘုန်းတော်ကြီးကျောင်းတွေ အကြီးကြီးဆောက်ထားပေမယ့် ကျောင်းထဲမှာ ကိုရင်၊ ကျောင်းသားမရှိတော့ အလကားဖြစ်မနေဘူးလား..

ပိုဆိုးတာက ကျောင်းမှာ ဝေယျာဝစ္စလုပ်ဖို့ အတွက် ကပ္ပိယငှားထားရတာတွေပါပဲ…. ကျနော်တို့လူမျိုးတွေ အလှူအတန်းကိစ္စတွေမှာ သေသေချာချာ တွေးခေါ်စဉ်းစားကြဖို့လိုပါပြီ…။

ထားပါလေ… ကျနော်က ဒါတွေပြောနေ ရေးနေတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ဘူးလို့ ထင်မှတ်နေကြပါလိမ့်မယ်…. အနောက်နိုင်ငံက လူတွေ

ဘယ်လိုနေရာတွေကိုလှူတယ်… သူတို့လှူဒါန်းမှုတွေဟာ ဘယ်လိုလှူဒါန်းမှုတွေဖြစ်တယ်ဆိုတာ လေ့လာ အတုယူသင့်ကြပါပြီ.. ။

အခုကျနော်တို့ သွားရောက်လှူဒါန်းတဲ့ ကျောင်းလေးကတော့ 2013/2014 ပညာသင်နှစ်မှာ တတိယမြောက် လှူဒါန်းဖြစ်တဲ့ ကျောင်းလေးပါ…။ ကျေးရွာအုပ်ချုပ်ရေးမှူးကတော့

ကျနော့်ကို ကျောင်းဆောက်လုပ်မဲ့ မြေနေရာလေးကို ပြပြီး စာသင်ဆောင်ဆောက်လုပ်ချိန်မှာ အကူအညီလိုရင် ကူညီပေးဖို့ပြောနေပါသေးတယ်..။ ကျနော်ကတော့ ပြုံးပြီး ဟုတ်ကဲ့..

ကြိုးတော့ကြိုးစားပေးပါ့မယ်..ရမယ် မရဘူးတော့ မသေချာသလို ဘယ်လောက်ရမယ်.. မရဘူးဆိုတာကလည်း မသေချာဘူးပေါ့.. ဘာလို့လဲ ဆိုတော့

ကျနော်တို့က နှမ်းဖြူးသူတွေပါလို့ ပြန်ဖြေမိကြောင်းပါ…။ ဟုတ်တာပဲလေ.. ကျနော်တို့က လုပ်အားပဲ စိုက်ထုတ်နိုင်ကြတာလေ..။ နောက်တစ်ခုက ကျနော်ဒီနှစ်မှာ

အသက်ရှင်နေပေမယ့် နောက်နှစ်မှာရော အသက်ရှင်နေဦးမယ်လို့ ဘယ်သူကအတတ်ပြောနိုင်ကြမှာလဲ…။ အသက်ရှင်နေစဉ်ကာလလေးမှာ ကောင်းတာလေးတွေ

တတ်နိုင်သလောက်လုပ်သွားချင်သေးတယ်… တိုတောင်းလှတဲ့ လူ့လောကထဲကို ရောက်လာတဲ့ အချိန်လေးမှာ ဖြစ်ချင်တာတွေ မဖြစ်လာပေမယ့် ဖြစ်သင့်တာတွေကိုတော့

လုပ်နိုင်သလောက် လုပ်သွားချင်သေးတာ ကျနော့်ဆန္ဒပါ…။ ကျနော်တတ်နိုင်သလောက် စွမ်းနိုင်သလောက် ဖယောင်းတိုင်တစ်တိုင်စာ အလင်းလောက်တော့ ပေးနိုင်အောင်

ကြိုးစားနေဦးမှာပါ..။ ကျနော့်လိုပဲ လူတိုင်းတတ်နိုင်တဲ့နေရာ တတ်နိုင်တဲ့ဘက်ကနေ ဖယောင်းတိုင်တစ်တိုင်စာ အလင်းလေးတွေ ထွန်းညှိပေးကြမယ်ဆိုရင်….

လင်းလက်တောက်ပတဲ့ အနာဂတ်ကို မြင်တွေ့ကြရမယ်လို့ ယုံကြည်နေမိတာပါပဲ…။

ဒီနေ့ ဒီအလှူလေးဖြစ်မြောက်လာအောင် ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့… ကျနော်နေတဲ့ နေရာလေးကို မရောက်ဘူးတဲ့သူတွေ… ကျနော့်ကိုလည်း မမြင်ဘူး မသိဘူးပေမယ့်

ယုံယုံကြည်ကြည်နဲ့ လှူဒါန်းပေးကြတဲ့ မန်းလေးဂေဇက်က အလှူရှင်တွေ အပေါ်ကို သာဓု..သာဓု..သာဓု.. ခေါ်ဆိုကြောင်းပါ…။အားလုံးလည်း စိတ်၏ချမ်းသာခြင်း

ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သကြောင်းပါ…။

ဒီတစ်ခေါက် အလှူခရီးလေးကိုတော့ ကျနော် နှစ်ခြိုက်ပြီး အမြဲသုံးဖြစ်တဲ့ ဆရာမဂျူးရဲ့ စာအုပ်လေးတစ်အုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်ပါရစေ…” ပိုကောင်းတဲ့ အနာဂတ်ကို

ဖန်တီးကြဖို့ မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ်…”

ဒီတော့ ကျနော်တို့တစ်တွေ ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးကြဖို့ ကြိုးစားကြရအောင်လားဗျာ…။

 

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..

K.T.W.L

 

 

 

4 comments

  • kotun winlatt

    June 25, 2013 at 10:19 pm

    ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးး မောလိုက်တာ..တဂျီးးးးရေ…မလွယ်ဘူးးးဗျို့…ရွာထဲကို ပို့စ်လေးးးတစ်ပုဒ်ရောက်ဖို့ အားထုတ်ရတာ…ဟင်…..ခေါင်းးးးစဉ်မှာ..ရက်စွဲကြီးးးမှားးတပ်လိုက်မိပြီ… အမှန်က (၁၄.၆.၂၀၁၃) ဖြစ်ရမှာ…..ပြင်ပြီးးးဖတ်ပေးကြပါဗျို့…နောက်ထပ် အလှူခရီးစဉ်များအကြောင်း ပုံနှင့်တကွ ဆက်လက်ရေးသားပေးမည်ဖြစ်ပါဂျောင်းးးးးရွာသူ/သားများ ကျန်းမာချမ်းသာ ဝမ်းသာ လမ်းဖြာကြပါစေဂျောင်းးး ဆုတောင်းမေတ္တာပို့သအပ်ပါသည်…………………..။

  • kyaw hteik

    June 25, 2013 at 11:48 pm

    ဖတ်​ရှုပြီ​နောက်​ ဝမ်​းသာပီတိ ဖြစ်​ရပါတယ်​။ဒီလိုအများအတွက်​ ပရဟိတလုပ်​​နေတဲ့အဖွဲ့သားအားလုံးကို
    သာဓု​ခေါ်ပါတယ်​။အားကျလျက်​ပါ အသင်​းသူားများ ခင်​ဗျာ။

  • KZ

    June 26, 2013 at 8:33 am

    သာဓု၊ သာဓု၊ သာဓု။

    နောက်ခါ လှူဖို့ရှိ ရင်လည်း လက်တို့ပါဦးရယ်။ 🙂

  • ကြည်ဆောင်း

    June 26, 2013 at 10:08 am

    အလှုရှင်တွေများများလိုအပ်သလို ကိုထွန်းဝင်းလတ်ပြောတဲ့ နှမ်းဖြူးသူများလဲ များများလိုအပ်တယ်ဆိုတာ..
    ဒီပိုစ့်လေးဖတ်ကြည့်ရင် သိသာနေတာပါ…

Leave a Reply