ပြည့်စုံအောင် ပြင်ဆင်ပြီးမှ ခရီးစရင်

etoneJuly 30, 20101min982
လယ်သမားတစ်ယောက်ဟာ မိုင်၂၀-၃ဝကျော်လောက်က နန်ဆန်း(南山)မှာ ထင်းသွားခုတ်ဖို့ စီစဉ်ပါတယ်။ အဲဒီအတွက် သူက ၃-၄ရက်လောက် ပုဆိန်ကို တသွေးတည်းသွေးပါတယ်။ ပြီးတော့ ထမ်းပိုးပြား အသစ်စက်စက်တစ်ချောင်းကို လုပ်တယ်။ လုံလောက်တဲ့အရှည်ရှိတဲ့ လျှော်ကြိုးကို ပြင်ဆင်တယ်။ ပြီးတော့ ကြက်သွန်နီမုန့်ဆီကြော်တွေ အပုံလိုက်ကြီး ကြိုပြင်ထားလိုက်သေးတယ်။ အဲဒါတွေအားလုံးကို ထုပ်ပိုးပြီး နန်ဆန်းကိုအသော့နှင်လို့ ရောက်သွားတဲ့အခါမှာတော့ အဲဒီထင်းတွေကို အရင်ရောက်တဲ့သူတွေက ပြောင်သလင်းခါအောင် ခုတ်ထားနှင့်ပြီးနေပါပြီ။ အဲဒီလယ်သမားလည်း ဘာမှမလုပ်ရဘဲနဲ့ အိမ်ပဲပြန်လာခဲ့ရတော့တယ်။
၁၉၇၃ခုနှစ်တုန်းက ခလတ်တေး(Colette)နဲ့ ဘီလ်ဂိတ်(BillGate)တို့ ဟားဗတ်တက္ကသိုလ်မှာ အတူတက်ခဲ့ကြပါတယ်။ ဒုတိယနှစ်မှာ ဘီလ်ဂိတ်က ခလတ်တေးကို အတူတူကျောင်းထွက်ပြီး ငွေကြေးနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲတစ်ခုကို ဖော်ထုတ်ကြမယ်လို့ ပြောတော့ ခလတ်တေးက ဒီအကြံဟာ တော်တော်ရယ်စရာကောင်းတယ်လို့ ထင်ခဲ့မိလို့ ဘီလ်ဂိတ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းလိုက်တယ်။ နောက်၄-နှစ်အကြာမှာ ဘီလ်ဂိတ်က ဒီလိုငွေကြေးဆော့ဖ်ဝဲတစ်ခုရဲ့ အစမ်းသုံးပုံစံတစ်ခုကို ဖော်ထုတ်လိုက်တယ်။ ကိုယ်ပိုင်ကုပ္မဏီမှာ မှတ်ပုံတင်ပြီးတဲ့အခါ ကျောင်းပြီးကာစဖြစ်နေတဲ့ ခလတ်တေးကို သူနဲ့ပူးပေါင်းဖို့ ထပ်ပြီးဖိတ်ခေါ်တယ်။ ခလတ်တေးက သူ့မှာလုံလောက်တဲ့ ပညာဗဟုသုတမရှိသေးဘူးလို့ ထင်မိတာနဲ့ ထပ်ပြီး ငြင်းလိုက်ပြန်တယ်။ နောက်၁၀-နှစ်အကြာမှာတော့ ခလတ်တေးဟာ ဟားဗတ်တက္ကသိုလ် ကွန်ပျူတာဌာနမှာ ဒေါက်တာဘွဲ့နဲ့ သုတေသနပညာရှင် ဖြစ်လာတယ်။ ဒါပေမယ့် ကျောင်းထွက်လိုက်တဲ့ ဘီလ်ဂိတ်ကတော့ အဲဒီနှစ်မှာပဲ အမေရိကန် ဖော့ဘ်စ်(Forbes)မဂ္ဂဇင်းရဲ့ ဘီလျံနာစာရင်းထဲကို ပါလာပါတယ်။ ၁၉၉၅-ခုနှစ်ရောက်တော့မှပဲ ခလတ်တေးဟာ သူ့မှာ အဲဒီလို ငွေကြေးဆော့ဖ်ဝဲကို လေ့လာနိုင်ဖော်ထုတ်နိုင်တဲ့ လုံလောက်တဲ့ ဗဟုသုတတွေ ပြည့်စုံကုံလုံပြီလို့ ယူဆတော့တယ်။ အဲဒီနှစ်မှာပဲ ဘီလ်ဂိတ်ဟာ ကမာ္ဘ့အချမ်းသာဆုံးလူ ဖြစ်လို့သွားပါပြီ။
ခလတ်တေးရဲ့ဘဝဟာ ဟိုလယ်သမားလိုပါပဲ။ သူဂရုတစိုက်နဲ့ အရာအားလုံးကို ပြင်ဆင်လို့လဲပြီးရော အဖိုးတန်တဲ့အခွင့်အရေးဟာ ဆုံးရှုံးပြီးသားဖြစ်နေပါပြီ။ ဘီလ်ဂိတ်ကတော့ ရဲရဲရင့်ရင့်နဲ့ကျောင်းထွက်ပြီး လုပ်ငန်းထူထောင်လိုက်တော့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်တွေအခွင့်အရေးတွေ ရသွားခဲ့တာကြောင့် တောက်ပတဲ့အောင်မြင်မှုကို စောစောလေး အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဖော့ဘ်စ်မဂ္ဂဇင်းက အင်တာဗျူးတဲ့အခါ ‘‘ကျွန်တော် လုပ်ငန်းတစ်ခုထူထောင်သင့်ပြီလို့ ခံစားမိတယ်။ အဲဒီအချိန်တုန်းကလည်း လုပ်ငန်းထူထောင်ရင် အောင်မြင်မယ်ဆိုတဲ့ သေချာရေရာမှုလည်း ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ကျွန်တော်လုပ်တဲ့ဟာ မှန်ကန်တယ်လို့ ထင်ပါတယ်။ အဲဒါကတော့ လုပ်ငန်းထူထောင်သင့်တဲ့အချိန်မှာ ကိုယ့်မှာ တစ်ချို့အချက်အလက်တွေ မပြည့်စုံတာနဲ့တော့ စောင့်ဆိုင်းမနေသင့်ဘူးဆိုတာပါပဲ။ တကယ်လို့သာ ဟားဗတ်တက္ကသိုလ်ကဘွဲ့ရပြီးမှ လုပ်ငန်းထူထောင်ရင် အခုကမာ္ဘ့အချမ်းသာဆုံးလူဟာ သေချာပေါက် ကျွန်တော်မဖြစ်နိုင်တော့ပါဘူး။ ဒါကိုတော့ သေချာပေါက်ပြောရဲပါတယ်။’’
သဘောတရား။ ။လုပ်ငန်းထူထောင်တာပဲဖြစ်ဖြစ်၊ ပညာဆည်းပူးတာပဲဖြစ်ဖြစ် လိုအပ်ချက်တွေ လုံးဝပြည့်စုံသွားတဲ့အချိန်ထိ စောင့်ပြီးမှ ခရီးစလို့မဖြစ်ပါဘူူး။ အကြောင်းကတော့ မပြည့်စုံသေးတဲ့အချက်တွေကို ဆည်းပူးလုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ နည်းလမ်းမျိုးစုံနဲ့ ဖြည့်ဆည်းပြီး ပြည့်စုံအောင် လုပ်သွားလို့ရပေမယ့် အချိန်နဲ့အခွင့်အရေးလို အရာမျိုးတွေကတော့ ဆုံးရှုုံးသွားပြီးရင် ဘယ်လိုမှပြန်ဆယ်လို့ မရနိုင်တာကြောင့်ပါ။
————————————————————————————————————————————————————–
ဒီဘာသာပြန်ရဲ့ မူရင်းကတော့ Easy Success လို့ နာမည်ပေးထားတဲ့ 成功可以很容易(肖邦振) စာအုပ်ထဲကပါ။
ဒီပုံပြင်ရဲ့ မူရင်း ခေါင်းစဉ်ကတော့ 不要等准备好了才上路 ဆိုတာပဲဖြစ်ပါတယ်။

2 comments

  • wunnakoko

    July 30, 2010 at 7:12 am

    ကောင်းတယ်ဗျာ။ သူတို့ဆီမှာတော့ လုပ်ငန်းထူထောင်နိုင်တဲ့ ပညာအရည်အချင်းရှိတယ်ထင်ပါတယ်။ ဒီမှာတော့ ပြည့်အောင် မနည်းဖြည့်နေရတယ်။ တချို့အချက်တွေကိုတော့ မပြည့်စုံတာနဲ့စောင့်ဆိုင်းမနေသင့်ဘူး ဆိုတာကို လည်း လက်ခံပါတယ်။ ကြိုးစားရမှာပေါ့ဗျာ။

  • kopauk mandalay

    August 1, 2010 at 4:24 pm

    ပြည့်စုံအောင် မပြင်ဆင်ဘဲခရီးစလို့အောင်မြင်သူအရေအတွက်က နည်းပါတယ်။
    တိုက်ဆိုင်မူ့လိုသာဆိုနိုင်ပါမယ်။
    ံဒီအယူအဆက အလုံးစုံမှန်တယ်လို့မဆိုနိုင်ပါဘူး၊
    သေသေချာချာလေးပြန်စဉ်းစားရင် ကြိုတင်ပြင်ဆင်တာကိုမှားတယ်လိုမပြောနိုင်ပါဘူး။
    ဒီလိုသာဆိုရင် လူတိုင်းပြည့်စုံအောင် မစောင့်ဘဲအလုပ်လုပ်ရမလိုဖြစ်နေပြီ။
    အဓိက ကတော့ အခြေအနေ အချိန်အခါကို အသုံးချတတ်ဘို့ပါ။

Leave a Reply