စွန့်ဖို့လား၊ စားဖို့လား

etoneJuly 30, 20101min591

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ဝါဆိုလည်း ဝါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ ‘ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ’ ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။

အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။

စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း ရှိသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများလည်း ရှိသည်။ စွန့်တာက နည်းနည်း စားတာက များများ ဆိုသူများလည်း ရှိနိုင်သည်။ စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့်စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန်လူကောင်းသူ ကောင်းများ ဖြစ်ကြသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများသည် သာမန် အညတရလူများ ဖြစ်ကြသည်။ သူတို့သည် မစွန့်သော်ငြား မစားသည့်အတွက် မည်သည့် ပြဿနာမျှမရှိ။

မဟာပုရိသ-ယောက်ျားမြတ်၊ ပုရိသာဇည-ယောက်ျားအာဇာနည်ဟူသော ပုဂ္ဂိုလ်များ ရှိကြသည်။ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်တို့၏ အလုပ်သည် စားဖို့မဟုတ်၊ စွန့်ဖို့သာဖြစ်သည်။ ယောက်ျားမြတ်တို့၏ သဘော၌စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။ ယောက်ျားအာဇာနည်တို့၏ နှလုံးသား၌ စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။

ယောက်ျားအာဇာနည်သည် ဒုလ္လဘတစ်ပါး ဖြစ်သည်။ အာဇာနည်ယောက်ျားမြတ်သည် အခါခပ်သိမ်း၊ နေရာခပ်သိမ်း ဖြစ်ပေါ်နိုင်သည်မဟုတ်၊ ကာလဒေသ အကန့်အသတ်ရှိသည်။ အကြင်အခါ၊ အကြင်အရပ်၌ ယောက်ျားအာဇာနည် တစ်ယောက် ပေါ်ပေါက်လာသည်ရှိသော် ထိုအခါ ထိုဒေသသည် ချမ်းသာခြင်းသို့ ရောက်တော့၏။ ဓမ္မပဒ၌ ဘုရားဤသို့ဟောခဲ့သည်။
စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့် စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန် လူကောင်းသူကောင်းများ ဖြစ်ကြသည်။

အာဇာနည်ဟူသည်မှာ ရတောင့်ရခဲ ဒုလ္လဘတစ်ပါး ဖြစ်သည်။ အကြောင်းကား လောက၌ မစွန့်ဘဲနှင့် စားချင်သူ၊ စွန့်လည်းစွန့်၊ စားလည်းစား ဆိုသူက များနေသောကြောင့်ပင်။ လောက၌ သာသနာ့အာဇာနည်၊ ဘာအာဇာနည်၊ ညာအာဇာနည် စ သည်ဖြင့် လွယ်လွယ်လေး အမွှမ်းတင်နေကြသည်။ အာဇာနည်ဟူသည် စွန့်နိုင်သူမှ ဖြစ်သည်။ ဂုဏ်ကိုလည်း စွန့်နိုင်ရမည်။ လာဘ်ကိုလည်း စွန့်နိုင်ရမည်။ ပကာသန-ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ရမည်။ ထိုသုံးမျိုးကို မုတ္တစာဂ-လွတ်လွတ် စွန့်နိုင်မှ အာဇာနည်ဖြစ်သည်။

အာဇာနည်ဟူသည် အာဇနီယ၊ အာဇာနေယျဟူသော ပါဠိကနေ ဆင်းသက်လာသည်။ အာဇာနည်ကို မြန်မာအဘိဓာန်က ဖွင့်ရာတွင် ‘အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ’ဟု ဖွင့်သည်။

ဘုရားဟော ပါဠိတော်အရ အာဇာနည်ပုဂ္ဂိုလ်ဟူသည် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်။ ဘက်လိုက်မှုကင်း၍ တရားမျှတရမည်။ အဂတိတရားများ ကင်းရှင်းရမည်။ လောဘစွန်း၊ ဒေါသစွန်းများ မထွက်စေရ၊ ကိုယ်ကျိုးစွန့်နိုင်ရမည်။ အများအတွက်ဆိုလျှင် အသက်ကိုပင် စွန့်နိုင်ရမည်။

ဝီရိယကောင်းရမည်။ ဇွဲကောင်းရမည်။ ဦးတည်ချက်ပန်းတိုင် ပြတ်သားရမည်။ ဦးတည်ချက်ပန်းတိုင်သို့ မရောက်မချင်း မရပ်မနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်။ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ ပြည့်စုံရမည်။ မိမိနှင့်အတူ မိမိနှင့်သက်ဆိုင်သူအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဖူလုံပြည့်စုံအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်။

အာဇာနည်၏ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမဆို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်ဆောင်ရွက်နိုင်သော ဇွဲသတ္တိရှိသူပင် ဖြစ်သည်။ ဘားနပ်ရှောက ”ပါရမီရှင်ဆိုသည်မှာ သူတကာထက်ပို၍ ခံနိုင်ရည်သတ္တိ ရှိသူပင်ဖြစ်သည်။ သူတကာက လမ်းခုလတ်တွင် အား လျော့သွားသည့် အလုပ်ကို ပြီးစီးအောင် လုပ်နိုင်သော ဇွဲသတ္တိရှိသူပင်တည်း” ဟုဆိုခဲ့သည်။

‘အာဇာနည်စိတ်’ဟု ခေါ်ထိုက်သည့် စိတ်မျိုးကား အဘယ်နည်း။ ကြီးကျယ်လှသော စိတ်မျိုးမဟုတ်ပါ။ ခိုင်မြဲသော စိတ်မျှသာဖြစ်ပါသည်။ ဇွဲသတ္တိသည် ခိုင်မြဲသော စိတ်ဓာတ်၊ ခိုင်မြဲသော စိတ်ဓာတ်သည် အာဇာနည်စိတ် ဖြစ်သည်။ ထို စိတ်ဓာတ်အ တွက် အရေးကြီးဆုံးအချက်က ရည်ရွယ်ချက်ပင်ဖြစ်သည်။ အာဇာနည်စိတ်ရှိသူသည် မိမိဘာကိုလို၍ ဘာကိုလုပ်ရမည်ကို သိသည်။ ရည်ရွယ်ချက် တိတိကျကျ ရှိသူဖြစ်သည်။ မိမိဘယ်စခန်းသို့ ရောက်အောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ပြီးသူ ဖြစ်သည်။

ကျွန်ုပ်တို့ အားလုံး၌ စိတ်ဓာတ်အင်အားရှိသည်။ အာဇာနည်စိတ်ရှိသည်။ ထိုစိတ်ဓာတ်အင်အားမှာ စည်းရုံးခြင်း မရှိသေးသဖြင့် အင်အားနှင့်မတူအောင် ပျော့ညံ့ညံ့ဖြစ်နေလေ့ ရှိသည်။ အင်အားစည်းရုံးမှုရှိမှ ခိုင်မာသန်စွမ်းလာပေမည်။ ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိခြင်းသည် အင်အားစည်းရုံးမှုကို ဖြစ်စေသည်။ တစ်ခုခုကို မရမကလိုချင်နေလျှင် ရရမည် ဧကန်ပင်။ မရမက လိုချင် စိတ်(ဝါ)ပြင်းပြသော အာသာဆန္ဒ(ဝါ) ပြတ်သားသောရည်ရွယ်ချက် ရှိဖို့လိုပေသည်။ ရည်ရွယ်ချက်ကောင်းကောင်းရှာပါ။ ရည်ရွယ်ချက်ကောင်းသလောက် အာဇာနည်စိတ်ဓာတ် အဆင့်အတန်းမြင့်လာမည်။ အာဇာနည်စိတ် ဖွံ့ဖြိုးသလောက် အဆင့်အ တန်းမြင့်မည်။

အာဇာနည်စိတ် ထွန်းကားရေးတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုသည် အရေးကြီးသည်။ အာဇာနည်စိတ်၏ ရေသောက်မြစ်မှာ ထူးခြားသော ရည်ရွယ်ချက်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှု၌ တည်ရှိသည်။ ရည်ရွယ်ချက်နှင့်အတူ မိမိကိုယ်ကို အသုံးဝင်သူဟု ထင်မြင်မှုသာ စွဲစွဲမြဲမြဲရှိပါမူ အာဇာနည်စိတ် ပေါ်ထွန်းလာပေမည်။

ရင့်သန်သော ပါရမီဆိုသည်မှာ အခြားမဟုတ်။ ခိုင်မာသောဇွဲ၏ အမည်ဝေါဟာရတစ်မျိုးပင် ဖြစ်သည်။ အောင်မြင်ရန် နည်းလမ်းမှာလည်း ယင်းဇွဲပင်ဖြစ်သည်။ အာဇာနည်စိတ် မွေးမြူရာ၌လည်း တည်ကြည်သော စိတ်ဖြင့် အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်၍ ကျင့်ရပေသည်။ ပါရမီရင့်သန်သူတို့၏ တည်ကြည်ခိုင်မာသောစိတ်ကို မည်သည့်ကံ၊ မည်သည့်ကြမ္မာ၊ မည်သည့်ကုသိုလ်အကုသိုလ်မျှ တားဆီးခြင်းငှာ မစွမ်းနိုင်။

အာဇာနည်စိတ်သည် ကိုယ်ကျင့်တရား၏ အင်အားမျှသာ ဖြစ်ပေသည်။ ထက်မြက်သော စိတ်၏တန်ခိုးနှင့် ရင့်သန်သော ပင်ကိုဉာဏ်တို့မှာ တန်ခိုးကြီးသူတို့၏ အသက်သွေးခဲပင် ဖြစ်ပေသည်။ စိတ်၏တန်ခိုးကို မှန်းဆ၍ မရနိုင်။ လွန်စွာကြီးမားလှ၏။ လောကကြီးတွင် စိတ်တည်ကြည်ထက်သန်သော သူတို့အဖို့ မဖြစ်နိုင်သောအရာဟူ၍ မရှိသလောက် ရှားပါးလှ၏။
အာဇာနည်၏ အမှတ်လက္ခဏာ များစွာထဲတွင် အခြေခံအကျဆုံး အချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင် ဖြစ်သည်။

လောကကြီးသည် ပထမတန်းစားဉာဏ်ရည်ကို မလိုလှချေ။ ပထမတန်းစား ‘ဇွဲ’ ကိုသာ လိုပေသည်။ အာဇာနည်ဆိုသည်မှာ မည်သည့် အခက်အခဲများနှင့် တွေ့ကြုံနေသော်လည်း သံမဏိကဲ့သို့ ခိုင်မာတည်ကြည်သော စိတ်ထားနှင့် တွေ့ကြုံရသမျှ အ ခက်အခဲများကို ဂရုမပြုဘဲ အတင်းနှိမ်နင်းပစ်လိုက်ပြီးလျှင် မိမိလုပ်ရင်းအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်သူကိုသာ ဆိုလိုသည်။ (အာဇာနည်စိတ်၊ တက်တိုး)

အာဇာနည်၏ အမှတ်လက္ခဏာများစွာထဲတွင် အခြေခံအကျဆုံးအချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် သူယောက်ျားမြတ် ဖြစ်ကြောင်း၊ ယောက်ျားအာဇာနည်ဖြစ်ကြောင်းကို ဥစ္စာ၊ ကိုယ်အင်္ဂါ၊ သားသမီး၊ ဇနီး၊ အသက်ဟူသော စွန့်ခြင်းကြီးငါးပါးကို စွန့်ပြ၍ သက်သေသာဓက ထူခဲ့သည်။

စွန့်စားဟူသည့်အတိုင်း လောက၌ စွန့်သူတို့သာ စားကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ စွန့်လည်းစွန့်၊ စားလည်းစားဆိုသည်မှာ သဘာဝကျပါသည်။ တရားမျှတပါသည်။ ပြဿနာက မစွန့်ဘဲနှင့် စားခြင်းကြောင့် ပြဿနာအထွေထွေ ပွေရခြင်း ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တို့ကတော့ စားလိုစိတ်မရှိဘဲ စွန့်လိုစိတ်သာ ရှိကြသည်။ မိမိတို့ အသီးသီး ဆိုင်ရာဆိုင်ရာအလုပ်တွေကို လုပ်နေကြသည်။ လုပ်ဖို့ ဟန်ပြင်နေကြသည်။ ‘စွန့်လိုစိတ်နှင့်လား၊ စားလိုစိတ်နှင့်လား၊ စွန့်ဖို့လား၊ စားဖို့လား’ ဆိုတာကတော့ မိမိကိုယ်ကို ပြန်မေးရလိမ့်မည်။ စွန့်ဖို့ဆိုလျှင် ပရဟိတဖြစ်သည်။ စားဖို့ဆိုလျှင် အတ္တဟိတ ဖြစ်သည်။ နိရောဓသစ္စာကို ‘စာဂေါ- စွန့်ခြင်း၊ ပဋိနိဿဂ္ဂေါ-လွတ်လွတ်ကျွတ်ကျွတ်စွန့်ခြင်း’ ဟု ဖွင့်သည်။ စွန့်ခြင်းသည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရာ နိရောဓသစ္စာ ဖြစ်သည်။ စားခြင်းသည် ကာမသုခလ္လိကာနုယောဂ အကျင့်ဖြစ်၍ အစွန်းတစ်ဖက်ထွက်သည်။ အလှူပွဲလာသူ သို့မဟုတ် ကျားချသူ၏ အတွေးမျိုးနှင့်တော့ အများအကျိုးသယ်ပိုးလို့ မဖြစ်ပြီ။

One comment

  • kopauk mandalay

    August 1, 2010 at 4:17 pm

    တကယ်တော့လှူဒါန်းတယ်ဆိုတာ မိမိပိုင်ဆိုင်တာတွေကို လောဘမတက်အောင် စွန့်တာရယ်။
    အချင်းချင်းစာနာစိတ်နဲ့ ဝေမျှစေလိုတဲ့ အတွက် သာလုပ်သင့်တယ်လို့ယူဆပါတယ်။
    အခုအခါမှာတော်တော်များများ ကသေရင် ကိုယ့်နောက်ပါအောင် မသေခင်လှူရမယ်ဆိုတဲ့စိတ်နဲ့လှူကြတာကိုမြင်ရတော့
    နောင်ဘဝအတွက် စိတ်အေးရအောင် ဘဏ်မှာငွေကြိုစုတာနဲ့တူနေတယ်လို့ထင်မိပါတယ်။
    ဒါကကျနော့်အမြင်ပါ မှားချင်ရင်လဲ မှားနိုင်ပါတယ်။

Leave a Reply