မကြီးစန်းရဲ့ မိတ်ကပ်လက်ဦးဆရာက မိတ်ကပ်ဆန်နီနော် ၊ သူနဲ့တွေဆုံဖြစ်သွားပုံလေးကရော….။
ဆရာမိတ်ကပ်ဆန်နီက မကြီးစန်းဆီကို ဆံပင်လာလာညှပ်တယ်။ သူက တော်ရုံတန်ရုံဆိုရင် သူ့ခေါင်းကို ဘယ်သူမှ ပေးမကိုင်ဘူး။ မကြီးစန်း ဆံပင်ညှပ်တော်တယ်ဆိုတာသိလို့ သူက လာစမ်းညှပ်တာ။ အဲဒီမှာ သူက သဘောကျပြီး ငါ့ဆံပင်ကို နောက်နင်ပဲညှပ်ဆိုပြီး ဖြစ်သွားတယ်။ မာမဆန်က ဆံပင်အားနည်းတယ်လေ။ အဲဒီလို ညှပ်ပေးရင်းနဲ့ သူက မကြီးစန်းကို နင်အားလို့ရှိရင် င့ါဆိုင်လာလည်လေလို့ ခေါ်တယ်လေ။ သူက အဲဒီအချိန်မှာ မို့မို့မြင့်အောင်ကိုလိမ်းတဲ့ မိတ်ကပ်ဆန်နီဆိုပြီး နာမည်ကြီးနေပြီလေ။ ကိုယ်ကလည်း နာမည်ကြီးမင်းသမီးရဲ့ မိတ်ကပ်ဆရာဆိုတော့လည်း သူ့ကိုလေးစားအားကျတယ်လေ။ အဲဒီအခါကျတော့ မကြီးစန်းက ကိုတူးရဲ့တပည့် ဖြစ်နေတဲ့အခါကျတော့ သူ့တပည့်တစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ကိုယ့်အပေါ်ကို သူကနွေးနွေးထွေးထွေး ဆက်ဆံ ခဲ့ပါတယ်။ အဲဒီတုန်းက မကြီးစန်းဆိုင်ပိတ်ပြီဆိုရင် အိမ်မပြန်သေးဘဲ မာမီဆန်ဆီဝင်ပြီး စကားတွေပြော ဘာတွေပြော အတတ်ပညာအကြောင်းတွေလည်း နှီးနှောပေါ့။ သူမင်္ဂလာတောင်တွေ ဘာတွေရှိရင်လည်းကိုယ်လိုက်ကူပေါ့။ ကားရိုက်တာတွေဘာတွေရှိရင်လည်း မင်းသမီးကိုသူကလိမ်းပြီး ကိုယ့်ကိုရှုတင်ကိုထည့်ပေး ၊ အဲဒီလိုလုပ်ရင်းနဲ့ မာမီဆန်ဆီရောက်သွားတာပါ။


အဲဒီတုန်းက မကြီးစန်းလိမ်းခဲ့ဖူးတဲ့ မင်းသမီးတွေကရော ဘယ်သူတွေများပါလဲ။
အဲဒီတုန်းက မြတ်ကေသီအောင်လည်းလိမ်းဖူးတယ်။ ထူးမွန်လည်း လိမ်းဖူးတယ် ၊ နောက်သဉ္ဓာဝင်းပြည့် တို့ပါပဲ။ အဓိက အများဆုံးလိမ်းတာ ထူးမွန်ရယ် ၊ မျိုးသန္တာထွန်းရယ် ၊ နောက်မင်းသမီးပေါက်စတွေပါပဲ။ မကြီးစန်းက မင်းသမီးသိပ်အများကြီးလည်း မလိမ်းပါဘူး။ ထူးမွန်ကိုလိမ်းတယ် ၊ ထူးမွန်ကိုလိမ်းတဲ့အချိန်မှာ ထူးမွန်နာမည်ကြီး သွားတယ်။ ဒါက သူနဲ့ကိုယ်နဲ့ အကျိုးပေးပေါ့။ အဲဒီကနေပြီးတော့ မျိုးသန္တာထွန်းကိုပြောင်းလိမ်းတယ်။ မျိုးသန္တာထွန်း နာမည်ကြီးသွားတယ်။ မျိုးသန္တာထွန်းပြီးတော့ ထက်ထက်မိုးဦးကို လိမ်းတယ်။ အဲဒီတုန်းက ထက်ထက်မိုးဦးရဲ့ ပထမဆုံးကြော်ငြာLeo Express ကြော်ငြာမှာပဲ ထက်ထက်မိုးဦးကိုစလိမ်းတယ်။ နောက်သူရဲ့ ချစ်ချစ်ယိုစုံ ကြော်ငြာတို့ဘာတို့တွေ မကြီးစန်းလက်ထဲမှာ ပေါက်သွားတယ်။ သူနဲ့ကိုယ်နဲ့ အကျိုးပေးတာပေါ့လေ။ သူလည်း အများကြီး နာမည်ကြီးသွားတယ်။ သူ ပထမဦးဆုံး အကယ်ဒမီရတဲ့ကားအထိ မကြီးစန်း လိမ်းပေးခဲ့တယ်။ အဲဒီနောက်တော့ဆိုင်မှာလည်း ဖောက်သည်တွေများလာတဲ့အခါ ကိုယ့်ဆိုင်လုပ်ငန်းကို ပြန်ပြီးတော့ ဂရုစိုက်လိုက်ဦးမှ ဆိုပြီး ထက်ထက်ကို မလိမ်းတော့ဘဲ ကိုယ်ဆိုင်အလုပ်တွေကို ဖိဖိစီးစီးလုပ်ဖြစ်တယ်။ အဲဒီလိုလုပ်ရင်းမှာပဲ အိန္ဒြာကျော်ဇင် ပေါ်လာတယ်။ အူဝနဲ့ မကြီးစန်းလိမ်းနေတာကတော့ အခုယနေ့အချိန်အထိပေါ့။

ထက်ထက်မိုးဦးကို စလိမ်းဖြစ်သွားပုံလေးကရော. . . .။
စလိမ်းဖြစ်တာက ဒီလို မကြီးစန်း မျိုးသန္တာထွန်းကို လိမ်းတဲ့အချိန်မှာ ထက်ထက်မိုးဦးက မိုးကုတ်ကနေ ရန်ကုန်ကို ကျောက်လာလာရောင်းရင်း ဒီအနုပညာလုပ်ငန်းတွေကို ၀ါသနာပါတဲ့ ၀ါသနာရှင်ကောင်မလေးပေါ့။ မဂ္ဂဇင်းတွေမှာလည်း မျက်နှာဖုံးတွေဘာတွေ ပါဖူးနေတဲ့အချိန်ပေါ့။ အဲဒီမှာ သူတို့က မျိုးသန္တာထွန်းကို မိတ်ကပ်တွေ လိမ်းတာကို သူက ဘေးနားကနေ ထိုင်ထိုင်ကြည့်ပြီး အားကျနေတယ်။ တကယ်တမ်း သူရိုက်ဖို့ အခွင့်အရေး ရလာတဲ့အခါကျတော့ သူ့ကိုလိမ်းပေးဖို့ မကြီးစန်းကို ကမ်းလှမ်းလာတယ်။ သူနဲ့ကလည်း မျိုးသန္တာထွန်းအိမ်မှာ တည်းက ရင်းနှီးပြီးသားဆိုတော့ သူနဲ့ဆက်လိမ်းဖြစ်သွားတာပါ။

ထက်ထက်မိုးဦးနာမည်ရလာတာနဲ့အမျှ မကြီးစန်းလည်း နာမည်ကြီးလာတယ်နော်။ တကယ်လို့ ထက်ထက် မိုးဦးကိုသာ မလိမ်းဖြစ်ခဲ့ဘူးဆိုရင် မကြီးစန်းရဲ့ အစွမ်းအစတွေကို ဘယ်လိုပုံစံနဲ့ ထုတ်ပြမိမလဲ။
မျိုးသန္တာထွန်းကိုလိမ်းပြီးတဲ့အချိန်အထိ မင်းသမီးကြောင့် မကြီးစန်းရဲ့ အရှိန်အ၀ါနဲ့ နာမည်အချို့တော့ရ နေပြီပေါ့နော်။ ထက်ထက်မိုးဦးကို မလိမ်းဖြစ်ခဲ့ရင်လည်း မကြီးစန်းရဲ့ ကံဇာတာမြင့်စေဖို့ အခြားတစ်ယောက်တော့ ပေါ်လာမယ်ထင်တာပါပဲ။ ဒါတွေအားလုံးက သူ့ဘာသာသူ ကံကြမ္မာက ဖန်တီးပေးလာတာလေ။ အဲဒီလိုဖန်တီးပေး လာတဲ့ အခွင့်အရေးပေါ်မှာ ကိုယ်ယူတတ်ဖို့ပဲ အရေးကြီးပါတယ်။

မကြီးစန်းကို ကူညီတဲ့လူတွေထဲမှာ ထက်ထက်မိုးဦးလည်းပါတယ်နော်။
ဟုတ်ပါတယ်။ မကြီးစန်း ပထမဦးဆုံးအိမ်ငှားနေဖို့ ပိုက်ဆံကို ထက်ထက်မိုးဦးက ထုတ်ပေးခဲ့တာပါ။ နောက် အခြားကူညီပေးတာတွေက မကြီးစန်းရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ကလည်း ထက်ထက်မိုးဦး ခေါ်သွားလို့ ရောက်ဖူးတာပါ။ ကိုကြီးယိုစုံ ကြော်ငြာရိုက်တုန်းကပေါ့။ ထက်ထက်က မကြီးစန်းကို တော်တော်လေးကိုချစ်ပါတယ်။ ကိုယ့်ကိုလည်း သူအရမ်းအားကိုးတယ်။ သူ့ရဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ၊ အနုပညာလုပ်ငန်းပဲဖြစ်ဖြစ် ၊ ကိုယ်ပေးတဲ့ အကြံဥာဏ်လည်းယူတယ်။ ကိုယ်ဆင်တဲ့ အ၀တ်အစားလည်း သူဝတ်တယ်။ ဒါမကြီးစန်း သူ့ကိုလိမ်းနေတဲ့အချိန် သူကိုယ့်အပေါ်မှာ ရိုသေတာပေါ့နော်။ ထက်ထက်မိုးဦးကို မကြီးစန်း မလိုက်တဲ့အခါမှာ အခြားမိတ်ကပ်ဆရာတွေ လိုက်နေကြတဲ့အခါမှာ မမြဲကြဘူး။ အဆင်မပြေကြဘူးပေါ့။ ထက်ထက်မိုးဦးရဲ့ အရှိန်ကို သူတို့လည်း ဒဏ်မခံနိုင် ဘူး။ ထက်ထက်မိုးဦးကလည်း သူတို့အနေအထားကို လက်မခံနိုင်ကြဘူးပေါ့။ မကြီးစန်းနဲ့ကျတော့ ကိုယ့်အပေါ် မှာလည်း သူသည်းခံတာတွေရှိတယ်။ သူ့အပေါ်မှာလည်း ကိုယ်ကသည်းခံတာတွေရှိတယ်။ တစ်ယောက်နဲ့တစ် ယောက် မေတ္တာထားတယ်ပေါ့။ သူလည်းကိုယ့်ကို တိုးတက်စေချင်တယ်။ ကိုယ်လည်းသူ့ကို လှစေချင်တယ်။ တိုးတက်စေချင်တယ်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် စေတနာ အပြန်အလှန်ထားလိုက်တဲ့အခါကျတော့ အကျိုး ပေးသွားတာပါ။

မိတ်ကပ်ခင်စန်းဝင်းဆိုပြီး အရမ်းနာမည်ကြီးလာတဲ့အခါမှာရော မကြီးစန်းအပေါ် တိုက်ခိုက်တဲ့ အတိုက် အခိုက်လေးတွေရော ကြုံရလား။
မကြီးစန်းကတော့ သိပ်တော့လည်း သတိမထားမိပါဘူး။ အတိုက်အခိုက်လည်း ရှိရင်တော့ရှိမှာပေါ့လေ။ အဓိက မကြီးစန်းက သူများကို သိပ်စိတ်မ၀င်စားတတ်ဘူး။ ကိုယ့်လုပ်ရပ်ကို ကောင်းအောင်ပဲ ကိုယ်ကြိုးစားတယ်။ ကြိုးစားတဲ့အခါကျတော့ ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ ကိုယ့်အလုပ်ကပဲ ကိုယ့်ရဲ့အာရုံထဲမှာ ရှိနေတော့ ဘေးပတ်ဝန်းကျင် ကို ဂရုမစိုက်မိသလောက် ဖြစ်နေတဲ့အခါကျတော့ သေချာသိပ်သတိမထားမိခဲ့ပါဘူး။ အတိုက်အခိုက်ကလည်း ရှိရင်ရှိနေမှာပေါ့။ ယနေ့ထက်ထိလည်း ရှိနေမှာပေါ့။ မကြီးစန်းဆီမှာ သွားအပ်ရင် သတို့သမီးတွေ ဘာတွေဆိုရင် ကိုယ်တိုင်မလိမ်းဘူးတို့ (၅)မိနစ်လောက်ပဲလာထိုင်ပြီး ထွက်ပြေးသွားတယ်တို့ဘာတို့နဲ့ နာမည်တွေဖျက်နေကြ တာပါပဲ။ ဒါပေမဲ့လည်း တကယ်မကြီးစန်းနဲ့ ပြင်ဖူးတဲ့လူတွေက သိနေတဲ့အခါကျတော့လည်း အဲဒီလူတွေရဲ့ အဆက် အစပ်နဲ့ အခုထိ အလုပ်တွေအများကြီး လုပ်နေရတာပါပဲ။

အခုလိုအောင်မြင်လာတဲ့အချိန်မှာ တစ်ချိန်က ကိုယ့်အပေါ်မှာ နှိမ်ခဲ့ ၊ ဖိခဲ့တဲ့ လူတွေရဲ့ မျက်လုံးတွေကိုရော ဘယ်လို အကဲခတ်မိပါသလဲ။
အဲဒီလိုမျိုးတွေလည်း ရှိတော့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတည်းက သူတို့ကို စိတ်မဆိုးခဲ့ဘူး။ တစ်နေ့ကျရင် ပြန်ကလဲ့စားချေမယ်ဆိုတဲ့စိတ်လည်း မကြီးစန်းမှာ မရှိခဲ့ပါဘူး။ အခုထက်ထိလည်း ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ ၊ နာမည်ကြီးတယ်လို့ဆိုတာထက် မကြီးစန်းကိုယ့်ကိုယ်ကိုယ် စိတ်အေးလက်အေးလေးနေရာ တာကို ပိုနှစ်သက်မိတယ်၊ အခုမြင်တဲ့အတိုင်းပဲလေ ၊ မကြီးစန်း ဂါဝန်အစုတ်နဲ့ထိုင်ပြီး ဖြေနေတာပဲလေ။ အဓိက ကိုယ့်စိတ်ချမ်းသာမှုပဲလေ။ ဒီစိန်တွေရွှေတွေရှိမှ ဘာတွေညာတွေရှိမှ မဟုတ်ပါဘူး။ ကိုယ်စိတ်ချမ်းမြေ့စရာလေးတစ်ခု၊ ကိုယ်သက်တောင့်သက်သာ အေးအေးဆေးဆေးနေရတယ်ဆိုရင်ပဲ ကျေနပ်နေတာပါပဲ။ အခုချိန်မှာ သူများတွေ ပြောတဲ့လူတွေလည်း ပြောနေကြမှာပဲ တိုက်ခိုက်နေတဲ့လူကလည်း တိုက်ခိုက် နေကြမှာပဲလေ။ မကြီးစန်းကတော့ ကိုယ့်အလုပ် ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်အာရုံနဲ့ဆိုတော့ အခြားပတ်ဝန်းကျင်ကိုတော့ သိပ်ဂရုမစိုက်မိတော့သလို ပဲဆိုတော့ အာရုံထဲမှာတော့ သိပ်ရောက်မလာတော့ပါဘူး။
ဒါဆိုမကြီးစန်းရဲ့ စိတ်ချမ်းသာမှုကို အခုချိန်မှာ ဘယ်လိုရှာဖွေနေပါသလဲ။
စိတ်ချမ်းသာမှုဆိုတာတော့ မကြီးစန်း ဒီတပည့်တွေနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း ပျော်ပျော်ရွှင်ရွှင်နေမယ်၊ တစ်ခါတစ်လေ နိုင်ငံခြားကို မကြီးစန်းတပည့်တွေ အလှည့်ကျခေါ်သွားတဲ့အခါမျိုး ၊ တစ်ခါတစ်လေ တပည့်တွေကို ခရီးတွေ လိုက်ပို့တာမျိုးတွေပေါ့။ ဥပမာ – ကျိုက်ထီးရိုးဘုရားဖူးတို့ဘာတို့ပေါ့။ ဒါမျိုးလေးတွေကလည်း စိတ်ချမ်းသာ ဖို့ကောင်းပါတယ်။ အဓိက မကြီးစန်းရဲ့ စိတ်ဖြေရာကတော့ ဒီလုပ်ငန်းခွင်မှာ ပြေးပြေးလွှားလွှားနဲ့ လုပ်ကိုင်နေရတာ ကို ကြိုက်နှစ်သက်မိတယ်။ အလုပ်လုပ်နေရတာကို ကြိုက်တယ်ပေါ့။ အားနေရတာ ၊ နားနေရတာတွေကိုတော့ သိပ်မကြိုက်ဘူး။ အဲဒီလိုနားနေရင်လည်း စိတ်ထဲတစ်မျိုးပဲ အဓိပ္ပါယ်မရှိသလို ခံစားရတယ်။ အလုပ်လုပ်နေတာကမှ ကိုယ့်အတွက် အဓိပ္ပါယ်ရှိသလို ခံစားရတယ်။

အပိုင်း ၄ ဆက်ရန်…..(မှတ်ချက် သူဖြေထားတွေနည်းနည်းရှည်တဲ့အတွက် ပိုင်းလိုက်ဆက်နေရခြင်းဖြစ်ပါတယ်။)

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011