စက်ရုပ်များအနေဖြင့် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း၌ ရောက်ရှိရန်ခက်ခဲသည့်နေရာဒေသများ၊ ပင်လယ်သမုဒ္ဒရာများနှင့် ဝေဟင်ထဲတို့သို့ သွားလာလှုပ်ရှားနိုင်တော့မည်ဖြစ်ကာ အခြားစက်ရုပ်များနှင့် ဆက်သွယ်ခြင်း၊ သိပ္ပံပညာရပ်ဆိုင်ရာပြဿနာများကိုဖြေရှင်းရန် ပူးပေါင်းလုပ်ဆောင်ခြင်းများကိုလည်း အုပ်စုဖွဲ့၍ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်ဟု ကနေဒါသိပ္ပံပညာရှင်တစ်ဦး၏အဆိုအရ သိရှိရသည်။

robot
ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့ရှိ McGill University ၏ စက်ရုပ်ဓာတ်ခွဲခန်းမှ သုတေသန ဒါရိုက်တာတစ်ဦးဖြစ်သူ ဂရီဂိုရီဒူးဒက်က လူသားတို့ရောက်ရှိရန်ခက်ခဲသည့် မြေအခြေအနေများ၌ဖြစ်စေ ၊သို့မဟုတ် လေထုထဲတွင်ဖြစ်စေ ၊သို့မဟုတ် ရေအောက်မှ သန္တာကျောက်တန်းများတွင်ဖြစ်စေ စူးစမ်း လေ့လာမှုများ ပြုလုပ်ရာ၌ စက်ရုပ်များအနေဖြင့် လက်ရှိစက်များကဲ့သို့ပင် အားထားလာရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စက်ရုပ်များအနေဖြင့် သတင်းအချက်အလက်အမြောက်အမြားကို ၄င်းတို့ဘာသာပင် ခွဲခြမ်းစိတ်ဖြာ နိုင်လိမ့်မည်ဖြစ်ကာ ခိုင်မာမှုအရှိဆုံးရလဒ်များကို လူသားများထံသို့ ဆက်သွယ်ပေးပို့မည်ဖြစ်သည်။ စက်ရုပ်တစ်ရုပ်ဟာ ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ရောက်နေပြီဆိုပါစို့၊ မြေမျက်နှာပြင်ပေါ်မှာပဲဖြစ်စေ၊ ရေအောက်မှာပဲဖြစ်စေ၊ လပေါ်မှာပဲဖြစ်စေ၊ ဘယ်နေရာကို ရောက်နေပါစေ၊ သူ တွေ့မြင်နေရတဲ့အရာတွေကို ကျွန်ုပ်တို့ကို ပြောပြပါလိမ့်မယ် ဟု ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ကနေဒါသိပ္ပံစာရေးဆရာများအသင်း၏ နှစ်စဉ်ကျင်းပပြုလုပ်နေကျ တွေ့ဆုံပွဲတွင် ၄င်းက ပြောဆိုခဲ့သည်။ ဥပမာအနေဖြင့် ရေအောက်စက်ရုပ်တစ်ရုပ်က ယင်းရောက်ရှိနေသည့် တည်နေရာနှင့် သန္တာကျောက်တန်းအမျိုးအစားတို့ကို ပြန်လည်ပေးပို့လိမ့်မည်ဟု သူက ဆိုသည်။
လွန်ခဲ့သည့်နှစ်က ကနေဒါအစိုးရနှင့် မိတ်ဖက်စက်မှုလုပ်ငန်းများမှ ကနေဒါဒေါ်လာ ၅ သန်း (အမေရိကန်ဒေါ်လာ ၄.၉၁ သန်း) ကို မတည်ပေးခဲ့ကာ ကနေဒါ၏ စက်ရုပ်ဆိုင်ရာ သိပ္ပံပညာရှင်များအား အတူတကွပူးပေါင်း၍ သုတေသနလုပ်ငန်းများလုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ခဲ့သည်။ ဤသို့လုပ်ဆောင်မှုက ရေနံပိုက်လိုင်းများစောင့်ကြည့်ခြင်းမှသည် ရေခဲတောင်ကြီးများ၏အန္တရာယ်ကို အချိန်နှင့်တစ်ပြေးညီ သတိပေးခြင်းအဆုံး စက်ရုပ်များဖြင့် လည်ပတ်လုပ်ဆောင်နိုင်ရန် ကြိုးစားနေသည့် သုတေသနနယ်ပယ်အတွက် အရှိန်အဟုန်မြှင့်တင်ပေးရာ ရောက်စေခဲ့သည်။
လက်ရှိအချိန်၌ စက်ရုပ်များအနေဖြင့် တစ်ချိန်တည်းတွင် လုပ်ဆောင်ချက်မြောက်မြားစွာကို လုပ်ဆောင်နိုင်နေပြီဖြစ်ကာ လမ်းလျောက်ခြင်း၊ သတင်းအချက်အလက်များ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း၊ အများပြည်သူအနေဖြင့်မူ စက်ရုပ်များအကြောင်း ပြောဆိုသည့်အခါတိုင်းတွင်  Star Wars ရုပ်ရှင်ဇာတ်ကားထဲမှ  C-3PO စက်ရုပ်ကိုသာ ထင်မြင်မိနေကြ ကြောင်းနှင့် ၄င်းတို့ကိုရှင်းပြရန်မှာ လွန်စွာခက်ခဲကြောင်း ဒူးဒက်က ဆိုသည်။
တွေ့ဆုံပွဲတွင် လူသားတို့လက်တွေ့နယ်ပယ်၌ အသုံးပြုနေကြပြီဖြစ်သော်လည်း စက်ရုပ်များအတွက်မူ အလှမ်းကွာဝေးနေဆဲဖြစ်သည့် နည်းပညာများအကြောင်းလည်းပါဝင်ခဲ့ကာ မြေအခြေအနေပေါ်မူတည်၍ စက်ရုပ်များအနေဖြင့် အနီးပြောရေဒီယိုများ၊Bluetooth များ ၊သို့မဟုတ် အလင်းရောင်တန်းများကို အသုံးပြုကာ ဆက်သွယ်ကြလိမ့်မည်ဟု ဒူးဒက်က ပြောဆိုခဲ့ပါသည်။

Source:http://www.livescience.com/

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)