ကဗျာပြခန်း အမှတ်လေး

Mr. MarGaJuly 1, 20128min105

အမှတ်လေးကို ရောက်လာပါပေါ့

တစ်ခန်းထက်တစ်ခန်း ကဗျာတွေကလဲ ပိုလို့ ပိုလို့ ကောင်းလာတယ်လို့တောင် ပြောရမလား မသိ

ဒီ ပြခန်းမှာ ကဗျာ ဆယ့်ခြောက်ပုဒ် ထည့်သွင်း ပြသထားပါတယ်ဗျို့

အဲ……..အဲ

မေ့တော့မလို့

ဒီအပတ် ပြခန်းပို့စ် တင်တဲ့ အမွန်က ပေးထားတဲ့ ကဗျာဆောင်းပါး တစ်ပုဒ် ရှိသေးတယ်

ရှေ့ပို့စ်မှာ နေရာမလောက်လို့ ဒီမှာ ထည့်ပေးလိုက်ပါတယ်ခင်ဗျ။

၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ထုတ် “တော်လှန်ကဗျာ” စာအုပ်မှာ ပါတဲ့  ဆရာကြီး ဒဂုန်တာရာ ရဲ့  အမှာစာပါ ခင်ဗျ။

(၁)
ခေတ်ပေါ်ကဗျာသည် ဘာလဲ။

ခေတ်သစ်ကဗျာဟု ဆိုသူက ဆိုကြသည်။ မျက်မှောက်ခေတ်ကဗျာဟု ဝေဘန်ရေးဆရာတချို့က နာမည်ပေးကြသည်။ ယနေ့ လက်ရှိ ကဗျာရေးနေကြသူများရော၊ စာဖတ်ပရိသတ်ကပါ ယင်းဝေါဟာရသစ်ကို ပြဿနာမလုပ်ကြ။ ယင်းဝေါဟာရသစ်ကို ဘယ်ကဗျာဆရာကမှ အငြင်းပွါးမနေကြတော့။ သူတို့အားလုံးရင်ထဲက ကဗျာသစ်ပါတကားဟု ခံစားကြသောကြောင့် ဖြစ်သည်။ ဝေါဟာရတို့သည် သူ့အဓိပ္ပာယ်ကို သူ ဖော်နေကြပေသည်။ နှစ်ကာလကြာသော လူက လက်ခံပြီး စာလုံးသည် တည်ရှိသွားလေပြီ။

ခေတ်သစ်ဟု ပြောလိုက်သဖြင့် ခေတ်ဟောင်းနှင့် ကွဲပြားကြောင်း ခြားနားခြင်းဖြစ်သည်။ မျက်မှောက်ဟု ခေါ်လိုက်သဖြင့် ပြီးခဲ့သော ခေတ်နှင့် မတူကြောင်း ဖော်ပြခြင်းဖြစ်သည်။ စာပေသစ်ဟု ခေါင်းစဉ်တပ်သဖြင့် စာပေဟောင်းမှ လမ်းခွဲကြောင်း ကျေညာလိုက်ခြင်း ဖြစ်သည်။

ယင်းသို့သော အချင်းအရာများသည် ရှောင်တခင် အမှတ်တမဲ့ ဖြစ်ပေါ်လာခြင်းလော။ မဟုတ်ပေ။

ယနေ့ခေတ်တွင် ရေးသဖြင့် ခေတ်ပေါ်ဟု ခေါ်ခြင်းလော။ မဟုတ်ပေ။ ခေတ်သစ်ဟု အမည်ထုတ်ခြင်းလည်း မဟုတ်ပေ။ ကဗျာသစ်ဟု သိဒ္ဓိတင်ခြင်းမဟုတ်ပေ။ ရှေးက ကုန်းဘောင်နေမင်း၊ ဘုန်းရောင်ဝေရှင်းဟု ရေးသည်ကို ခေတ်ဟောင်းတေးဟု သမုတ်ပြီး ယနေ့ခေတ်သစ်၌ အုပ်စိုးသူ အာဏာရှင်များကို ပြည်သူ့ခေါင်းဆောင်ဟု ရေးဖွဲ့ပါက ကဗျာသစ်ဖြစ်မည် ထင်သလော။

ရှေးကဗျာသည် စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွမှ ထွက်ပေါ်လာခဲ့သည်။ သူသည် ပေထုပ်များဖြင့် မွမ်းသော ကျောင်းသင်္ခမ်း သို့မဟုတ် စောင်းခတ်သံ စည်ဝေသော နန်းယင်ပြင်မှ ကြီးပြင်းခဲ့သည်။ စာပေကျမ်းဂန်၌ နှံစပ်သော ပညာရှိ ကဝိများ၏ အရာဟုလည်း ကဗျာ၏ အဓိပ္ပါယ်ကို ဖွင့်ခဲ့ကြသည်။ သားမြီးယပ်တောင်ကို ခတ်ရင်း စောင်းသံဖြင့်သီသော လင်္ကာကို သာယာချိုမြိန်ခဲ့ကြသည်။ ထိုခေတ်က ပညာတတ်၊ စာတတ် အသိုင်းအဝိုင်းမှာ ကျောင်းပရဝုဏ်နှင့် နန်းယင်ပြင်၌သာ ရှိသည်။

သို့သော် ခေတ်တွေပြောင်းခဲ့ပြီ။

ဒေါင်းတံဆိပ် နေရာတွင် သရဖူနှင့် ခြင်္သေ့တံဆိပ် ရောက်လာခဲ့သည်။ ကုန်ဘောင်နေမင်းမှ ဂျော့ဘုရင် နေတနှုန်း ပေါ်လာပြန်သည်။ ယင်းတို့သည် ထူးခြားသော အချင်းအရာလော။ ခေတ်ပေါ် ကဗျာပေလော။

ကမ္ဘာတွင်လည်း ပြောင်းလဲလာသည်။

ထလော့

အငတ်ဘေး ကျရောက်သူတို့တွေ

ထလော့

စသော လူမျိုးပေါင်းစုံတေးသည် ပဲရစ်မှ ပီကင်းအထိ လွှမ်းလာတော့သည်။ အလုပ်သမား၊ လယ်သမားတို့၏ ရွှံ့ပေသော ဘိနပ်စုတ်တို့သည် နန်းတော်များ၏ ကတ္တီပါကော်ဇောပေါ်သို့ နင်းတက်ကာ တူတံဇင်အလံနီကို လွှင့်ထူလိုက်ကြသည်။ ကဗျာဆရာတို့က ရွှံ့ပေသော ကော်ဇောနှင်းဆီကွက်ကို ဖွဲ့နွဲ့ကြသည်။

ကျွန်တော်တို့ဆီ၌လည်း ပင်နီယောထမီဝတ်တို့သည် ကိုယ်ပိုင်လွတ်လပ်ရေးကို တောင်းဆိုကြပေပြီ။ ၁၉၃ဝ ၌ကား လယ်သမားသူပုန်ကို မဟာမှိုင်းက ဂဠုံသရဏံ ဂစ္ဆာမိကြပေတော့ ဟု အလေးပြုလိုက်သည်။ မင်းဧကရာဇ်ခေတ်က သူပုန်ဆိုသည်မှာ ငါ့နန်းလုမဲ့သူဘဲဟု ဖိုကျင်ထိုး၍ သတ်စေဟု ပြန်တမ်းတော် ထုတ်ဆင့်ခဲ့သည်။ မဟာမှိုင်းက ပြည်သူ့ဘက်မှ ရပ်ကာ နယ်ချဲ့သမားအားတိုက်သူကို ကျောက်တိုင် စိုက်ပေးခဲ့သည်။

ယင်းကျောက်တိုင်ကား ခေတ်ပေါ်ကဗျာ၏ မှတ်တိုင်ပင်။
……………………….

ကျန်တဲ့ အပိုင်းကို နောက်ပြခန်းမှာ ဆက်ပါမယ်ဗျို့…………

ကဗျာများကို စာသားသီးသန့် ဖတ်ချင်သူတွေအတွက် ဒီလင့်ကို နှိပ်ပါဗျို့

 

ကဗျာ စစ်မျက်နှာ
အဆင့်မြင့် တပ်ဆင် ပြင်ဆင်ခြင်း

 

ဘုရားတပည့်တော် မိုက်မဲမိပါကြောင်း……
လောဘ၊ နောက်က ဒေါသ၊ ထပ်ပါလာတာက မောဟ
အစ္စဘယ်လာ နီလာ
ကဗျာရဲ့ မြစ်ဖျားအစ
ကျမရဲ့ ညကလေး
ဟိုး……………အဝေးက

 

ငါမဖြစ်သေးတဲ့ ငါ……

 

ဘာများလဲ………

 

ချစ်သူ…တမ်းချင်း
အလွမ်း မတတ်တဲ့ သူ

 

အလွမ်း ဘက်လိုက်မိတဲ့ ဆုံမှတ်

 

မရေရာခြင်း

 

ရင်မှာပျိုးတဲ့ ဒီနှင်းဆီ

 

ရိုးစင်းတဲ့ ကမာ္ဘ

+++++++++++++++++++++++++++++++

ကဗျာစစ်မျက်နှာ

ကြည့်လိုက်ကြစမ်း
သွေးတွေလွှမ်း၍၊ ယမ်းနံ့မီးခိုး
ညှီဟောက်သိုးပြီး၊ လူရိုးတောင်လို ပုံနေတာ။

နယ်ချဲ့ဝါဒီ
သွေးဆာသည်ကြောင့်
ကျည်ဆန်ထိပ်ဖူး အဆိပ်လူး၍၊
မြူးတူးခဲ့ရာ စစ်မျက်နှာ။

သည်မှာကြည့်စမ်း
မှောင်ရိပ်လမ်းမှာ၊ ဖမ်းကြဆီးကြ
ဆဲဆိုကြနှင့်၊ သတ်ကြပုတ်ကြ
လုယက်ကြနှင့်၊ ခိုးကြဝှက်ကြ
တိုက်ခိုက်ကြနှင့်၊ ရင်ဝဓားချက်
သွေးပွက်ပွက်နှင့်၊ မှောက်ရက်လဲပြီး သေနေတာ။

အဲဒါဘာလဲ
ခွဲခြမ်းစိတ်ဖြာ၊ မှန်ကန်ရာကို
ဖွေရှာကြည့်စမ်း၊ တထွာဝမ်းတွက်
မျက်ကန်းတစ္ဆေ၊ မကြောက်လေသို့
ရေနဲသည့်ငါး၊ ဆင်းရဲသား၏
စီးပွားရေးရဲ့ စစ်မျက်နှာ။

ကြည့်စမ်းသေချာ
ဘာတွေညီမျှ၊ တူနေကြလဲ
အလုပ်သာလုပ်၊ ဝမ်းကြုတ်ကြုတ်လျှင်
လှုပ်ရှားမပျက်၊ ဆာလောင်လျက်တည့်
ခွက်လက်ဆွဲငြား၊ သူတောင်းစားမှ
စားရမှန်မှန်၊ ဝမ်းပြည့်လျှံလိမ့်
အံကိုကြိတ်ပြီး၊ ဒေါသမီးနှင့်
ပစ္စည်းမဲ့တွေ၊ မွဲတေနေရဲ့
ဝေစည်မဖြိုး၊ ကြုံလှီညှိုးလျက်
အရိုးအရေတင်နေတာ။

ရေများလေရာ
မိုးလိုက်ရွာသို့၊ နိုင်ရာစားကြ
ယုတ်မာကြ၍၊ လိမ်ကြကောက်ကြ
စဉ်းလဲကြ၍၊ အမှန်တရား
ပျောက်ကွယ်သွားပြီး၊ စီးပွားပျက်မှု
အစပြုသည့်၊ လူမှုရေးရဲ့ စစ်မျက်နှာ။

ပဋိပက္ခ
ပေါပြည့်စွာတည့်၊ လောကလူ့ရွာ
စစ်မျက်နှာတွေ၊ နေရာတိုင်းမှာ ရှိနေ၏။

ငါတို့သည်ကား
လှုပ်ရှားရှေ့တက်၊ ယုံကြည်ချက်ဖြင့်
အသက်ရှင်နေ၊ လူငယ်တွေတည့်။

အတွေးအခေါ်
ရင့်ရော်အိုမင်း၊ ယုတ်မာခြင်းဖြင့်
မင်းမူနေငြား၊ လူလိမ်များကို
အားသစ်မာန်သစ်၊ အတွေးသစ်နှင့်
စစ်ခေါ်သံပေး၊ တော်လှန်ရေးမှာ
သွေးစည်းတက်ကြွ၊ ပါဝင်ကြလော့
“ကဗျာလူငယ် ရေးဘော်များ”။ ။

…………………………………………………………

တပည့်တော်မိုက်လှပါ၏ ဘုရား

(၁)
မနက်မှာ ဖရုဿဝါစာ
ညမှာ ဩကာသသံစာစာ
ဘုရားဘုရားစိတ်ပုတီးနဲ့
ရိပ်သာမဝင်ခင်
စိတ်မှာအမှောင်မလင်းနိုင်ဘူး….
ရိက္ခာမပါမှာစိုးရိမ်မှုကထိပ်…..။

(၂)
ပုဆိုးအသစ်ကအထည်လေးဆယ်
အကျီကငါးဆယ့်ငါး
သံသေတ္တာ နှစ်လုံးရယ် ကျွန်းတစ်ကိုပေါင်းတော့
သုံးလုံးမှာ ငါ့ဥစ္စာ
နင်မနှိုက် ငါမကြိုက်တာသိရက်နဲ့
ဆိတ်ဆိတ်နေ
မအဟွာ…..။

(၃)
ဘုရားသွားကျောင်းဆယ်ခါ
နာရေးကြိမ်ကြိမ် မင်္ဂလာသွား
မွေးနေ့အမှာ ၊ အလှူရယ် ခပ်တင်းတင်း
ညိုရင်တောင်
လျှော်ရင်ပြောင်တဲ့ဟဲ့
ဖြူတိုက်ပုံပုဝါပါး…ဘန်ကောက်မှာလုံချည်ဆွေးပြန်တော့
တိတ်တိတ်နေပါ….။

(၄)
ငါ့အရိပ် ငါ့ဥစ္စာ
ငါမပြောရင် ငါ့အကြိုက်နဲ့ဝေးကွာ
စည်းမရှိရှောင်ခွာ
နင့်သားတွေတထွေး
နင့်သမီးတွေ နင့်အကြွေးရယ်နဲ့
ငါ့အိမ်ခို
ငါ့မြေနင်းရုံမှ
ငါ့ခေါင်းကိုနင်းကာချေ
ငါသေတ္တာမပေးနိုင်ဘု
လူ့အဝတ်
တောင်းအကွပ်မှာနင်ဆင်တော့
နင့်အရိပ်ခို
နင်ပြန်ကိုက်မယ့်ခွေး
နင့်ရင်မှာဖြစ်တဲ့သွေးတွေက
ငါ့ရင်ကိုစိုစိုရွှဲစေရဲ့
ငါသေ
ငါနတ်ပြည်မရောက်နိုင်ဘု
မလှမ်းချင်
ငါ့နိဗ္ဗာန်ငါလှမ်းရအောင်ပ
မနက်မှာ ဖရုဿ
ညမှာ ဩကာသတာပ….
ငါ့အစွဲ
ငါချွတ်မှာ ကျွတ်မယ်ဆိုလည်း
ဒီဘဝ
ဒီမှာ ငါ ဥစ္စာစွဲစေ
စိုးရိမ်စွာ
စိတ်မှာဖူးစေ
ဘုရားမြတ်စွာ…..တပည့်တော်မိုက်လှပါ၏ ဘုရား….။

………………………………………………………………………………………………

ရိုးစင်းတဲ့ကမာ္ဘ

အမှတ်တရတစ်ခုတိုင်းစီအတွက်……
ပန်းတစ်ပွင့် ပွင့်ကြေးဆို…..
အစိမ်းလန်းဆုံး ပန်းခင်း… ကျွန်တော့်ရင်ထဲမှာရှိတယ်….
အတွေးချိုချိုတိုင်းအတွက်…….
စမ်းချောင်းလေး စီးစတမ်းဆို…….
အကြည်လင်ဆုံး စမ်းလေး…… ကျွန်တော့်ရင်ထဲမှာစီးတယ်….
အပြုံးတစ်ပွင့်တိုင်းအတွက်…..
အလင်းတန်းတွေ ဖြန့်ကျက်စတမ်းဆို…….
နေမဝင်တဲ့…. ကမာ္ဘ…. အဲဒါ ကျွန်တော့်ကမာ္ဘ……
ငိုတတ်တဲ့ချစ်သူ အငိုတိတ်ဖို့…..
ကြည်နူးစရာ ပုံပြင်တွေ… ရင်ဘတ်အပြည့် ကျွန်တော်သိမ်းထားတယ်……
အားငယ်တတ်တဲ့ချစ်သူ ပျော်ရွှင်စေဖို့…..
သူသွားရာလမ်း….ကျွန်တော့်အရိပ်….. ဖြန့်မိုးထားတယ်…….
သူကလမင်းဆို….
သူ့ပုံရိပ်လေး ရင်ထဲသိမ်းထားချင်တဲ့….
ကျွန်တော်က ပင်လယ်ပြာ……
သူက ကဗျာတစ်ပုဒ်ဆို….
သူ့ကာရံလေး မှတ်တမ်းတင်မယ့်….
ကျွန်တော်က ပေစာလွှာ…….
ကျွန်တော်တို့ကမာ္ဘမှာ…
တစ်ခါတစ်ခါ…. မျက်ရည်တွေလဲရှိတယ်…..
တစ်ခါတစ်ခါ…. အထင်လွဲမှုတွေလဲရှိတယ်…..
တစ်ခါတစ်ခါ…. အိပ်ပျက်ညတွေလဲရှိတယ်…..
ဒါပေမယ့်……
ကျွန်တော့် ကမာ္ဘမှာ သူရှိသလို….
သူ့ကမာ္ဘမှာ ကျွန်တော်ပျော်ရင်း….
ကျွန်တော်တို့…. နှစ်ယောက်ကမာ္ဘ……
ကျွန်တော်တို့….. မြတ်နိုးတယ်…..

…………………………………………………………………………………………………….

အစ္စဘယ်လာ နီလာ

ဆင်းရဲအမှတ် မသိလိုဘူး
တန်ဖိုးနည်းတာတွေ မသုံးတတ်ဘူး
မျက်နှာထားတင်းတင်းနဲ့ အကြည့်စိမ်းစိမ်း
တွယ်ရာမဲ့ လူသားတွေရဲ့ ဘဝကို
စိတ်ကူးရွက်လွှင့်ကြည့်စမ်းပါ အစ္စဘယ်လာ နီလာ
ပညာတတ် ဥစ္စာပေါ ရုပ်ချော တစ်ယောက် ဖြစ်ပေမယ့်
လောကကို အလှမဆင်ရင် ဘာဆိုဘာမှမလှဘူး
မိဖုရားဖွားစောကိုမှ အားကျပြီး
အလုံး အရပ် လှတာလေးနဲ့
ခြွေရံသင်းပင်းပေါတာလေးနဲ့
သူတကာထက် မြတ်ချင်သူ အစ္စဘယ်လာ နီလာ
သင်္ခါရ သဘောတရားမှာ အရာအားလုံး အရွေ့တရားနဲ့
မင်းအနား ဝိုင်းဝိုင်းလည်နေတာ အလှမက်သူတွေ
နှလုံးသားတွေ စစ်ပါစေလေ
ကိုယ့်အောင်မြင်မှုကို ကိုယ်ကျေနပ်နေတဲ့
မင်းရဲ့မျက်လုံးစိမ်းစိမ်း စကားလုံးမာမာတွေ
အနာဂါတ်လမ်းမှာ ပန်းတွေပွင့်ဖို့
မင်းအားထုတ်နိုင်မယ် မထင်တော့ဘူး
အမွေအနှစ်တွေရဲ့ ဩဇာက
မင်းကို လွှမ်းမိုးထားခဲ့ပြီ အစ္စဘယ်လာ နီလာ
မိဘမဲ့ကလေးတွေ
ဆင်းရဲသား တွယ်ရာမဲ့လူသားတွေ
လွတ်လပ်မှုနဲ့ တရားမျှတမှုတွေဆီ ဆွဲခေါ်ဖု့ိ
တာဝန် မင်းမကျေသေးဘူး
အများကျိုးအတွက် တာဝန်ထမ်းရွက်သူမှ
တကယ့်လှတာ အစ္စဘယ်လာ နီလာ

ငါ လျှောက် နေ တဲ့ လမ်း နဲ့ မင်း သွား နေ တာ
ပြိုင် မျဉ်း နှစ် ကြောင်း
တို့ ဘယ် တော့ မှ မ ဆုံ နိုင် ဘူး။ ။

……………………………………………………………………………………………………..

ကဗျာ့မြစ်ဖျား

မလတ်ဆတ်နိုင်တော့မှန်းသိတဲ့
ဖိုးသိုးဖတ်သတ် အဟောင်းစက်စက်
ရင်ခုန်သံကြီးကိုပဲ ထပ်ခါတလဲလဲ နမ်းရှိုက်ရင်း
လရောင်ကို ဖမ်းသောက်လိုက်တယ်..။

ရင်ဘက်ထဲက ပင်လယ်ပြင်ဟာ
ဆာလောင်တဲ့အကြည့်တွေနဲ့ လျှာတစ်ခြမ်းကိုု နှစ်သိမ့်တတ်ပေမယ့်…
သားမမှားဘူး မေမေ…ဗီဇကမှန်နေမှတော့
ကျနော်ဆိုုတာ ဘယ်ရောက်ရောက်
ငါးပုပ်ကို ပေါင်မုန့်ထောပတ်သုတ်ထက်ကြိုက်တယ်…။

သား…အများကြီးကို ရှာဖွေခဲ့ပါတယ် မေမေ…
စာကြည့်တိုက် ပြတိုက်..အဟောင်းဆိုုင်နဲ ့
မြို့ကြီးပြကြီးတွေကို နှံ့လို့…
ဒါပေမယ့်…မေမေရယ်….
သားရခဲ့တာဟာ အဝေးဆုံးတစ်နေရာက ညနဲ ့မတူတဲ့ ညတွေရယ်….
ဓူဝံကြယ်ပေါ်က မချစ်တတ်တဲ့ နှလုံးသားတစ်စုုံရယ်…
အသက်နဲ ့ရင်းပြီးဝယ်ခဲ့ရတဲ့ တန်ဖိုးနည်း အတွေ့ကြုံတွေရယ်…
ပြီးတော့….
မိတ်ဆွေတံဆိပ်နဲ ့ရန်သူစိတ်ပေါင်းစပ်ပြီး
မကြာခင် ခြံစည်းရိုုးပေါင်းများစွာအခတ်ခံရတော့မယ့်
ပိန်ပါးပါး ရှည်မျောမျောလေးနဲ ့မှောင်ပျပျတစ်နေရာဟာ
သားရဲ ့စတင်ရာပါလားလိုု ့ပြန်သိလိုက်ရတဲ့ အသိလေးတစ်ခုရယ်ပါ…။

ဘာဖြစ်ဖြစ် မေမေရယ်
ကျနော့်ရဲ့မျှော်လင့်ချက်ဆိုတာက ကမ္ဘာပြိုတောင် သူအိုမှာမဟုတ်ဘူးလေ..
ဟုတ်တယ်မေမေ
သားရဲ့အသက်ဟာ လေပြေတစ်ချက် ချောင်းတဟပ်နဲ့တင် လွင့်ထွက်သွားနိုင်ပေမဲ့
လေတိုက်လို ့ကြွေကျမယ့် သရက်သီးလေးတွေကို လိုက်ကောက်စားချင်သေးတယ်…
ခြေမတစ်ချောင်းနဲ ့လက်ညှိုးလေးတစ်ချောင်းသာ နေရာရတဲ့ ဘက်စ်ကားကိုလဲ တိုးစီးချင်သေးတယ်…
ဘေးအိမ်ကတောင်းလို ့ရတဲ့ ငါးပိရည်အဖြူထည် ခပ်ကြဲကြဲလေးနဲ
့ခြံတစ်ပတ်လိုက်ခူးလို ့ရလာမယ့် အရွက်စုံတို ့စရာလေးတွေကိုလဲ မြိန်ယှက်ယှက်စားချင်သေးတယ်…
ရွာဦးကျောင်းကအလှူပွဲမှာ ဖိနပ်ကိုခါးကြားထိုးပြီး

ငါးခြောက်ထောင်းနဲ ့ပြာဟင်းချိုကိုလဲ သောက်ချင်သေးတယ်မေမေ…
ဒီလိုပါပဲ မေမေ…အဲ့ဒီမျှော်လင့်ချက်တွေက မေမေ့ရင်ခွင်က ထွက်ပြီး
နှစ်ယောက်မြောက်ကတည်းကစတင်ခဲ့တာပါ…။

တကယ်တော့လဲ သုခုမဆိုတာက ဩဠာရိကထက်ကို ကြမ်းလွန်းခဲ့ပါတယ်…
နောက်ဆုံးမှာ ငတ်လွန်းမကငတ်လာတော့လည်း
ကိုယ့်နှလုံးသားကို ကိုယ်ပြန်ညှစ်ပြီး..အဆာပြေသောက်ရင်း
ကဗျာတွေနဲ ့သာ အလွမ်းကျောက်စိုင်တွေကို အရည်ဖျော်နေရတာပါမေမေ..။

…………………………………………………………………..

အဆင့်မြှင့်ပြန်လည်တပ်ဆင်ခြင်း

အသစ်အသစ်တို့သည်ကား
ဝင်းကနဲ လက်ကနဲ
ဖြိုးကနဲ ဖြတ်ကနဲ
အတင်းကာရော ပြူးပြဲပြီးလိုက်ဖတ်နေရ….။

ဖတ်ပြီးလို့မှ မခံစားသေးခင်
နောက်ကလိုက်လိုက်လာတဲ့ အသစ်အသစ်တို့က
ယခင်အရာကိုမှ မချေဖျက်နိုင်သေးခင်မှာပဲ
ပြန်လည်စွန့်ပစ်လိုက်ရ …..
အစာမကျေတာလည်းများလှပေါ့ ….။

အသစ်တို့ဖြည့်တင်းရင်း အဟောင်းတို့ စွန့်ဖယ်ရင်းနဲ့
ရှေ့ဆက်ခရီးထွက်နေရတာ
တစ်မနက်ခရီးမဟုတ်
တစ်ရက်ခရီးမဟုတ်
လူကသာ ငုတ်တုပ်ထိုင်နေတယ်
အသစ်အသစ်တို့က လည်ပတ်နေဆဲ…..
တွေးနေ ငေးနေရင်း ကျန်ရစ်ခဲ့မှာလည်းစိုးရသေး ……….။

ဟယ်…….
ကိုယ့်ကိုကိုယ် သတိထားလိုက်မိတဲ့ခဏ
အချစ်…..အချစ်…….ဆိုတာကို
အသစ်အသစ်လိုချင်လို့ တောင်းဆိုနေတဲ့
နှလုံးသားအစုံ…………
ငါ့ရင်ထဲဘယ်တုန်းကရောက်နေခဲ့ပါလိမ့်…..။

ဘဝဆိုတာကို
ကွန်ပြူတာ တစ်လုံးလိုပဲ
အပ်ဂရိပ်ဒ် (Upgrade) လုပ်လို့ရရင် ကောင်းမယ်…။

………………………………………………………………………………………

ကျမရဲ့ ဒီည

ကျမက ညရဲ့ ညဆန်မှုကို နှစ်ခြိုက်သူ…။
မာကျူရီပန်ဆင်ရတဲ့ ညတွေကိုခါးသက်တတ်သူ…။
ပိုးစုန်းကြူးတစ်ကောင်ရဲ့ ဓါတ်ပြုမှုကို တောက်ခေါက်ချင်သူ…။

ကျမရဲ့ညကို
ကြယ်တာယာတွေနဲ့ အလှမဆင်ဘူး…။
လမင်းကြီးနဲ့ မဖျားယောင်းဘူး…။

ညဟာ ညပီပီနက်ရှိုင်းနေဖို့လိုတယ်…။
မျှတတဲ့ပိုင်ဆိုင်မှုတွေပေးတတ်တဲ့ညဟာ
အလင်းရောင်ရဲ့ အလိုမတူနယ်ချဲ့ခြင်းကို ခံရလေ့ရှိတယ်…။
အနာဂတ်တွေဟာလည်း ညပီသဖို့ ဝေဝါးလွန်းတယ်…။

ကျမရဲ့ဒီညမှာ…
ညဟာ တိတ်ဆိတ်လွန်းနေတယ်…။
ညတစ်ညရဲ့နာရေးဟာ မျှော်လင့်ထားမိသလို
နှုတ်ဆက်စကားတွေနဲ့ စည်ကားမနေခဲ့ဘူး…။

ညဟာ…
တိတ်တိတ်ကလေး နောက်ဆုတ်ပေးနေရင်း
နေရောင်ခြည်နဲ့ ထိတွေ့ရတော့မယ်…။
လက်နက်ချအရှုံးပေးပြီးတဲ့ညက
အရောင်အနုအရင့်တွေနဲ့ ခြယ်သခြင်းခံရတော့မယ်…။

မနက်ဖြန်ညများဟာ မရေရာတော့ကြောင်း
သတင်းစကားပါးပြီးသားပါ…။
ဒါပေမဲ့…
အသံတွေဟာ ဖမ်းယူခြင်းမခံရပဲ
လွင့်ပါးပျောက်ကွယ်သွားကြတယ် ထင်ရဲ့…။

ဒီလိုနဲ့
ကျမရဲ့ညကလဲ
တိမ်တွေကိုခိုစီးရင်း အိပ်မက်မြို့တော်ဆီသို့
ခရီးဆန့်ဖြစ်ခဲ့ပြီ…။

……………………………………………………………………………………………………

အဝေးက

မုန်းချင်ဟန်ဆောင်နေပေမယ့်
ပြုံးအမြင်နဲ့ မောင် နေပါ့မယ်
ဟိုး.. အဝေးကနေကြည့်ရင်းပေါ့လေ

လက်တွဲဖြုတ်လို့ လှည့်မကြည့်လည်း
မပြတ်တမ်း ဆက်ကမ်းထားမယ်
ဟိုး.. အဝေးကနေကြည့်ရင်းပေါ့လေ

အသစ်တွေ့လို့ ပစ်ပါစေဦးတော့
အချစ်ရိပ်ငွေ့ငွေ့ ရှိနေပါရစေ..
ဟိုး.. အဝေးကနေကြည့်ရင်းပေါ့လေ

ခေါ်ခွင့်မရှိတော့ဘူးဆိုပေမယ့်
မျှော်လင့်ကြည့်ပါရစေ ချစ်ဦးရယ်
ဟိုး…အဝေးကနေကြည့်ရင်းပေ့ါလေ…

……………………………………………………………………….

ငါမဖြစ်သေးတဲ့ငါ

ကမ္ဘာကြီးက ရွာကြီးဖြစ်သွားပေမယ့်
ငါက ငါတောင်မဖြစ်သေးဘူး

ရိုးသားခြင်းနဲ့ ပေါ့ပါးရှင်သန်ချင်ပေမယ့်
ပုံစံခွက်တွေကြား ခရီးသွားနေတဲ့ငါ
ဟန်ဆောင်ခြင်းတွေနဲ့ အသားတကျပေါ့။

ရဲရင့်မှုနဲ့ မိုက်မဲမှုကြား ခြားထားတဲ့အလွှာပါး
ငါနားမလည်တဲ့ ငါ့အတွက် လက်ခုပ်သံတွေကြား
ပျောက်သွားပြီးတဲ့နောက်
ငါ……….. ကြမ္မာကြိုးတန်းပေါ်က လမ်းလျှောက်သူပေါ့။

လိုအပ်ခြင်းတွေအတွက် မြတ်နိုးရာတွေကို စတေးရင်း
ငါ့ကိုယ်ငါပြန်ကြည့် ငါကငါမှမဖြစ်ခဲ့တာ။

ကမ္ဘာကြီး ရွာဖြစ်ဖြစ် မဖြစ်ဖြစ်
ရွာကြီး ကမ္ဘာဖြစ်ဖြစ် မဖြစ်ဖြစ်
ငါက ငါဖြစ်ဖို့ပဲ ငါ့အတွက် အရေးကြီးတယ်။

………………………………………………………………………………………..

ဘာလဲ….

ကောင်းကင်မှာ
ကြယ်တာရာလည်းစုံပြီ
တိမ်ညစ်ထေးလည်းကင်းတယ်
လမင်းကိုမတွေ.တာ…..
ရင်နာစရာ…

………………………………………………………..

ချစ်သူသို့ တမ်းချင်း

ချစ်သူကို လွမ်းလှမို့၊
တမ်းတလို့ ညလယ်၊
မှန်းဆလို့ ရှလွယ်တယ်၊
လကြယ်ရယ် ရှောင်ပုန်း၊
နှောင်ထုံးဖွဲ့ ဖြေသူမယ်၊
နွေပူတယ် သန်းခေါင်လျနုံး။

ခန်းဆောင်ဝ ကန့်လန့်ကာ၊
လန့်ဖြန့်ကာ ယူဖုံး၊
ပျံ့နှံ့လာ ဆူတုန်းမို့၊
ပူလုံးဆို့ ရင်မှာ၊
မြင်ချင်လာ မှန်းဆွေးရ၊
လှမ်းဝေးည လွမ်းတေးဆိုကာ။

ဖြေသာဘူး မောင့်သက်လျာ၊
ဖြောင့်ချက်ရှာ တွေဝေတုန်း၊
နွေသေအုံး ဆုပန်လို့ပျော်၊
ခုပြန်ဖို့ မျှော်၊
အမှန်မို့ ဝှန်ဆို့သော်မှ၊
ထံသို့ရော် နွမ်းရိလှလေး…။ ။

………………………………………………..

အလွမ်းမတတ်သူ

ကမောက်ကမနဲ ့
အမြီးအမောက်မတဲ့ ဘဝမှာ
မင်းကိုသတိရတိုင်း
ပုဆိုးလေးခြုံ
ဆေးလိပ်တိုဖွာရင်း
သီချင်းလေးတစ်ပုဒ်ညဉ်းမိတယ်
ဪ…. အမေနဲ ့ရွာကိုလွမ်းတယ်….

…………………………………………………………………….

လောဘ ၊ဒေါသ ၊မောဟ

မနက်ဆို အသက် တစ်ရက်တိုး
အဖိုးမဖြတ်နိုင်သော အချိန်တွေ
အတိတ်မှာ မနိုးသောအိပ်စက်ခြင်းများနဲ့ ကျန်ရစ်ခဲ့ပြီ…….။

အရုဏ်တက်တာနဲ့
ရှစ်ပါးသောလောကဓံက မျက်စောင်းထိုး
အဆိုးတွေကြားထဲ အကောင်းတွေရှာရတာ အသက်ရှူမှားမတတ်
ခြေဖဝါးကြွတာနဲ့ အစားဝင်မယ့်သူက အစီအရီ

မသတီစရာ မျက်နှာထားများနဲ့
ပလီပလာစကားတွေဖုံးလွမ်း
ပုခုံးထမ်းထားတဲ့မြေကြီးကို အားမနာ
ခဏတာ လူဖြစ်တဲ့ တို့ဘဝ
ပြန် ရင် ဘာ တွေ ယူ လာ ကြ မှာလဲ…..။

………………………………………………………………………………………

အလွမ်းဘက်လိုက်တဲ့ ဆုံမှတ်

မိုးရွာရန်ရာနှုန်း ၉ဝရှိတယ်လို့ မိုးလေဝသ သတင်းမှာကြားလိုက်တယ်
ဟုတ်လိမ့်မယ် ဆိုပြေ
ပတ်ဝန်းကျင်က အလွမ်းဘက်လိုက်တော့လည်း …. မှောင်လိုက်တာကွယ်

မိုးရေထဲမှာ ရပ်နေရတာ ကျွန်မ နှစ်သက်တယ် ဆိုပြေ
အဲဒါဆို
ကျွန်မျက်ရည်တွေကို ရှင် မမြင်နိုင်တော့ဘူးပေါ့
မိုးတွေကို ကျွန်မ ချစ်လိုက်တာ

ဟိုမှာကျောင်းစိမ်းနဲ့ကလေးမလေးတစ်ယောက်
ထီးမပါလို့ထင့် ဖိုင်လေးနဲ့ခေါင်းကိုမိုးပြီး ပြေးရှာတယ်
ကျောင်းစာတွေရေစိုကုန်မှာ စိုးရိမ်မိပါရဲ့

ဟုတ်တယ် ဆိုပြေ
တကယ်တော့ ကျွန်မက လောကကို ကျွန်မအတွက်ပဲ ဘောင်ခတ်ကြည့်ခဲ့မိတာ
အဲဒီဘောင်လေးထဲမှာ ဘာတွေရှိမယ်ထင်သလဲ ဟင်

ပြိုင်နေတဲ့မျဉ်းတွေအတွက်
ဆုံမှတ်ဟာလည်း ဝေးလို့နေအုံးမှာပဲ
ဆုံမှတ်ကိုတွေ့တဲ့အခါ
ကျွန်မဖျော်တိုက်မယ့်ကော်ဖီ ရှင်သောက်ချင်အုံးမလား ဖြေပါ

………………………………………………………………………………….

မရေရာခြင်း

မရေရာမှုတွေ များနေပြီ
မသေချာမှုတွေ ကြားထဲမှာ…
မစဘဲနဲ.ဆုံးတဲ့ဇာတ်လမ်း
လွမ်းစရာမကောင်းမှာတော့ အမှန်ပဲ…

ငါ့အတ္တတွေနဲ့ မသိမ်းပိုက်ရက်ပါဘူး
ငါ့ဆန္ဒတွေနဲ့ မလောင်မြိုက်ရက်ပါဘူး..

ဒါပေမယ့်…..
ခြွင်းချက်တစ်ခုအနေနဲ့…
ခံစားမှုထဲတော့ (နည်းနည်း) ပျော်ဝင်စေချင်တယ်..

မမျှော်လင့်ရဲပါဘူးဟာ…
ကစဥ့်ကလျား ကံစီမံရာကြားထဲမှာ..
တစ်ခါတစ်ရံ
ငါ့ကိုယ်ငါတောင် လူစဉ်ပျောက်တယ်…

………………………………………………….

ရင်ကပျိုးတဲ့နှင်းဆီ

နှင်းဆီဝါဝါ
အသည်းမှာ
ထိုးကာထားစေ
ပေးအပ်ချွေ
သူလေကစား
တန်ဘိုးမထား
နှင်းဆီကြွေကျ
မြေသို့ခလို့
ခုတော့ နှင်းဆီ သေလေပြီ။

ရင်ထဲမှာလန်း
တစ်ပွင့်ပန်းအား
အစစ်မထင်
အပြစ်မြင်လို့
သူအချွေမှား
စေစားလေခဲ့သလား
နှင်းဆီသခင်
သည်းဦးရှင်ရယ်
ရင်ကလွမ်းရ
မချိလှ
စိတ်ဝယ်မကောင်း
ဒီရင်ဟောင်းက
လွမ်းရင်းနဲ့ကြွေ
စိတ်တွေ လေနေခဲ့လေပြီ။

တိုင်တည်စကား
သူကြားစေသား
ရင်ထဲကပျိုး
နှင်းဆီမျိုးအား
သူချိုးရန်ခက်
အမျိုးမှန်တက်လေတော့
နှင်းဆီဝေဖြာ
အသည်းမှာ
ဝါဝါထိန်ဆင်း
လှပဝင်းလို့
ရင်မှာနှင်းဆီ ဝေလေပြီ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဖတ်ပြီးရင် ကွန်မန့် ပေးခဲ့ ကြပါဗျိုးးးးးးးးးးးးးး