မြန်မာရာဇဝင်တွင် အခြားအခြားသောမင်းများနှင့် မတူဘဲ ပြင်းထန်သောဇာတ်ကြောင်းဖြင့် ထီး နန်းစိုက်တည်ခဲ့သော ဦးအောင်ဇေယျ။ အခြားသောမင်းများက ထီးနန်းဆက်ခံခြင်းဖြင့် မင်းပြု ခဲ့သော်လည်း ရွာတစ်ရွာ၏သူကြီးအဆင့်မှနေ၍ မြန်မာ့ထီးနန်းပလ္လင်ပေါ် လှမ်းတက်နိုင်ခဲ့သော ဦးအောင်ဇေယျ။ ထိုဦးအောင်ဇေယျ မိမိကိုယ်ကို ရှင်ဘုရင်လုပ်ခဲ့ပုံကိုနားလည်ရန်မှာ တိုက်ပွဲများ တွင် အောင်ပွဲအလီလီရခဲ့သော စစ်မက်ရေးရာထူးချွန်မှုတင်မက ခေတ်အခါ၏ လူမှု-နိုင်ငံရေး ဆက်စပ်အခြေအနေကို ခွင်ချချိန်ညှိတတ်ခြင်းကြောင့်ဖြစ်သည်။

ဘုရင့်ရိုက်ရာကို ရထိုက်သူ၊ တရားဝင်ရှင်ဘုရင်ဖြစ်ရန် မင်းရိုးပေါက်ပြီးသူဟူသော အသိအမှတ် ပြုခြင်းကို လက်တွေ့ကျကျရယူရန် ဦးအောင်ဇေယျသည် လူမှု-နိုင်ငံရေးကို ခွင်ချချိန်ညှိနိုင်ခဲ့ သည်။ ဗုဒ္ဓဘာသာဝင်များ၏ စကြဝဠာဗေဒတွင် ဘုန်းရှင်ကံရှင်ဟူသောအယူနှင့် ကိုက်ညီရန် ဦးအောင်ဇေယျသည် ရှင်ဘုရင်ဖြစ်ရန် ကံကြမ္မာကကြိုတင်ပြဌာန်းပြီးသူအဖြစ် မိမိကိုယ်ကို ပုံသွင်း ထားနိုင်ခဲ့သည်။ လက်တွေ့တွင်လည်း ဦးအောင်ဇေယျ၏ ထကြွမှုကိုကြေငြာခဲ့သော သဘာဝလွန် နိမိတ်လက္ခဏာများက ဦးအောင်ဇေယျကို ရှင်ဘုရင်အဖြစ် အကြွင်းမဲ့အတည်ပြုပေးခဲ့သည်။ (ဥပမာ လက်ရုံးမှမီးတောက်သည်ဟု ကောလဟာလလွှင့်နိုင်ခဲ့ခြင်း)
—–
ဦးအောင်ဇေယျအား မြန်မာ့ထီးနန်းပလ္လင်ပေါ်သို့ တွန်းပို့ခဲ့သည့်အရေးတော်ပုံသည် ၁၇၅၂ခု၊ ဧပြီ လဆန်းတွင် စတင်ခဲ့သည်။ မွန်တို့သည် အင်းဝမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်ကာ မြန်မာဘုရင် မဟာဓမ္မရာဇာဓိပတိကို နယ်နှင်ဒဏ်ပေးပြီး နောက်တစ်လအကြာ၌ မုဆိုးဘိုရွာသူကြီး ဦးအောင် ဇေယျကို သစ္စာပေးလာသော် ဦးအောင်ဇေယျသည် သစ္စာမခံ။
——
ဦးအောင်ဇေယျသည် မွန်တို့နှင့်တစ်နှစ်ခန့်ကြာအောင် စစ်ပြုခဲ့ရရုံတင်မက ဒေသခံမြန်မာခေါင်း ဆောင်များ၊ နိုင်ငံရေးဟာကွက်အပေါ် အခွင့်အရေးယူရန် အရှေ့ဘက်တောင်ကုန်းများဆီမှ ဆင်း လာသူ ကွေ့ရှမ်းများနှင့်လည်း ရင်ဆိုင်ရသည်။ လက်ဦးဆုံး မြန်မာ့ဗဟိုချက်မဒေသမှ မွန်ဘုရင်ကို တိုက်ထုတ်ရန် အောက်ဘက်တစ်လွှားကို တိုက်ပွဲများရွပ်ရွပ်ချွံချွံဆင်နွှဲခဲ့သည်။ ရှမ်းနှင့်မဏိပူရ ကိုပါ ကြီးစိုးနိုင်ခဲ့ပြီး မွန်တို့ကို တိုက်ခိုက်အောင်နိုင်ခဲ့သည်နှင့် အိမ်နီးချင်း ယိုးဒယားကိုပါ သိမ်းလိုခဲ့ခြင်းမှာ သူ့ခေတ်အခါ၏အတွေးအခေါ်ဖြစ်သော နိုင်ငံရေးယှဉ်ပြိုင်ဘက်များဟု သူက မြင်ခဲ့၍ဖြစ်သည်။
—–
တိုက်ပွဲများတွင် အောင်ပွဲအလီလီရလာသည်နှင့်အမျှ သူသည် ဘုန်းမီးနေလသာလွန်သော ဘုရင် တစ်ပါးအဖြစ် ပေါ်ပေါက်ရန်လိုသည်။ သူ၏ထိုးစစ်တွင် စစ်ညာသံပေးခဲ့ကြသော ကျေးလက်ဒေသ မှ တိုင်းသူပြည်သားတို့၏ အကူအညီဖြင့် အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း စသော အယူတော် မင်္ဂလာကောက်ထုံးများ၊ လောကဓာတ်ဆိုင်ရာ ယုတ္တိရှိခြင်းများသည် နောက်ဆုံးတွင် လက်တွေ့ကျသော အရှိတရားအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
—–
ဦးအောင်ဇေယျ တဖြစ်လဲ အလောင်းမင်းတရားသည် မွန်ဆန့်ကျင်ရေးဘုရင် မဟုတ်ခဲ့။ မွန်ဘုရင် သည် တိုင်းပြည်အုပ်ချုပ်ရန် မဆီလျော်၊ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဘုန်းရှင်ကံရှင် ဖြစ်သောကြောင့်ဟု ဆိုခဲ့ခြင်းသာ။ ဤသို့ဖြင့် သူသည် ဘုန်းမီးနေလသာလွန်သော ဘုရင်တစ်ပါး အဖြစ် သူ့ဆန္ဒအပေါ် အများသဘောညီမှုက မင်းတရား၏အောင်ပွဲအတွက် အကြောင်းရင်းခံ ဖြစ်ခဲ့သည်။
——
အနယ်နယ်အရပ်ရပ်မှ သူကြီးကလန်များ၊ ရှမ်းစော်ဘွားများ မင်းတရားလက်အောက် ခိုဝင်ခဲ့ကြသည်။ ၄င်းတို့၏ ရာထူးဌာနန္တရကို အလောင်းမင်းတရားက ပြန်လည်အတည်ပြုပေး မည်ဟု စိတ်ချခဲ့ကြသည်။ အလောင်းမင်းတရား၏ စာချွန်လွှာများထဲတွင် ဘုရင်ငယ်များ၏ ခိုဝင်မှုကို သဘာဝကျသောကိစ္စအဖြစ် မျှော်လင့်ထားခဲ့သည်။ စစ်မက်ခင်းရသည်မှာ အခြားသော ဘုရင်ငယ်များက ဘုန်းရှင်ကံရှင် အလောင်းမင်းတရား၏ အုပ်ချုပ်မှုကို ငြင်းဆန်သောကြောင့် သာဖြစ်သည်။ ဤသို့သော မူဝါဒများနှင့် အလောင်းမင်းတရား၏ တရကြမ်းတိုက်ပွဲစဉ် အကျဉ်းချုပ်များမှာ –
၁၇၅၂-၅၃ တွင် သူ၏အခြေစိုက်ဇာတိဖြစ်သော မူး-ချင်းတွင်းမြစ်ဝှမ်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်တွင် ချင်းတွင်းမြစ်ဝှမ်း၏ အထက်အညာ၊ ဟိန္ဒူ တို့၏ ပိုင်နက်နယ်မြေဖြစ်သော မဏိပူရ ကို ကျူးကျော်နယ်ချဲ့သည်။ ထို့နောက် အရှေ့မြောက်ဘက်မှ ရှမ်းစော်ဘွားများနှင့် စေ့စပ်ညှိနှိုင်း ကာ သူ့အနေအထား၏ကျောဘက်ကို ကာကွယ်ထားသည်။
၁၇၅၄ ခုတွင် မွန်တို့သိမ်းယူထားသော မြန်မာတို့၏ သက်တမ်းရင့်မြို့တော် အင်းဝကိုပြန်လည် တိုက်ယူနိုင်ခဲ့သည်။
၁၇၅၅ ခုတွင် ဒဂုံသို့ သွားလမ်းပွင့်နေသော ပြည်မြို့ကိုသိမ်းယူခဲ့သည်။
၁၇၅၆ ခုတွင် မြန်မာပြည်အဓိကဆိပ်ကမ်းမြို့ဖြစ်သော သံလျင်ကိုသိမ်းခဲ့သည်။
၁၇၅၇ ခုတွင် တိုက်ပွဲ၏စိန်အခေါ်ဆုံးအပိုင်းဖြစ်သော မွန်တို့၏မြို့တော် ပဲခူးကို တရကြမ်းဝင်စီး နိုင်ခဲ့သည်။
၁၇၅၈ ခုတွင် မဏိပူရကသည်းများကို နှိမ်နင်းပြီး နောက်တစ်နှစ်အကြာ ၁၇၅၉ တွင် ယိုးဒယား ပြည်ကို ကျူးကျော်ရန်ပြင်ဆင်နေလေပြီ။
၁၇၆ဝ ခု၊ မေလတွင် အလောင်းမင်းတရား နတ်ရွာလားတော်မူသည်။
——–
အလောင်းမင်းတရားသည် စစ်ရေးတစ်ခုသာ ထူးချွန်သောသူရဲကောင်းမဟုတ်။ နိုင်ငံရေး၊ သံတမန် ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး စသည်တို့တွင်လည်း ခေတ်အခါထက် ပိုရှေ့ပြေး သော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့်သာ သူ၏နန်းစံသက် ၈နှစ်တာ ကာလအတွင်း တတိယမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်၏။
တိုင်းပြည်ကို ဂရုစိုက်သော၊ သာသနာကိုအားပေးချီးမြှောက်သော၊ ဗုဒ္ဓဘာသာရှင်ဘုရင်တစ်ပါး ဟူသည့် ယဉ်ကျေးမှုဆိုင်ရာ အရိုးစွဲနေသော ပြည်သူလူထု၏မျှော်လင့်ချက်များအတွက်လည်း အံဝင်ခွင်ကျဖြစ်အောင် လုပ်နိုင်ခဲ့သည်။
——
အလောင်းမင်းတရား ပြုတော်မူခဲ့သော ကုသိုလ်ကောင်းမှုများမှာ ရွှေချက်သိုစေတီတော်၊ မြတောင် မြို့ ပြည်မြို့နှင့် မြန်အောင်မြို့တို့မှ ဖောင်တော်ဦးစေတီတော်များ၊ ဒဂုန်ဆံတော်ရှင်၌ စောင်းတန်း နှင့်ဇရပ်များသာမက အညာ-အကြေမြစ်စဉ်တစ်လျှောက် ဘုရားပုထိုး ဟောင်းနွမ်းပြိုပျက်များကို ကံကျွေးလက်ခငွေတော်ပေး၍ ပြုပြင်စေသည်။
——
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ကူးယဉ်ကိုယ်စားပြုမှုတစ်ခုမှာ စကြဝတေးမင်း၊ သဗ္ဗညုတဥာဏ်တော် ကို တောင်းဆုယူထားသော ဘုရားဆုပန်မင်းယောက်ျား စသည်တို့ဖြစ်သည်။ အလောင်းမင်းတရား သည် အရိုးစွဲဗုဒ္ဓဘာသာဝင်တို့၏ မျှော်လင့်ချက်ကို မဖျက်ဆီး။ သူ၏ အမိန့်တော်ပြန်တမ်းများ ထဲတွင် သူ့ကိုယ်သူ စကြဝတေးမင်းလောင်းအဖြစ်၊ ဘုရားလောင်းအဖြစ် ”အရိန္ဒမာစကြာရွှေလှံရ” ဟူ၍လည်းကောင်း၊ ”အလောင်းမင်းတရားကြီးဘုရား” ဟူ၍လည်းကောင်း ရည်ညွှန်းခဲ့သည်။
———
အကယ်၍ သူသာ ဘုရားဆုပန်မင်းယောက်ျား ဧကန်စစ်စစ်ဖြစ်သည်ဆိုလျှင် ဤမျှလူသတ်ကြမ်း သော စစ်ဘုရင်တစ်ပါးဖြစ်လာပါမည်လော။ ဟံသာဝတီကို ဝိုင်းဝန်းလုပ်ကြံစဉ် မွန်ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ မေတ္တာရပ်ခံချက်ကိုပင် ဂရုမစိုက်ဘဲ မွန်ဟူသမျှ အရပ်အဆိုင်းမရှိ လိုက်လံ လုပ်ကြံခဲ့သော၊ မွန်ရဟန်းတော်များကို ဆင်ဖြင့်နင်း၍သတ်ခဲ့သော မှတ်တမ်းမှတ်ရာများ ရှိနေဆဲ ဖြစ်သည်။ ဤသို့သော စစ်ဘုရင်သည် ခေတ်အခါ၏ လူမှု-နိုင်ငံရေးဆက်စပ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းသာဖြစ်သည်။ အကြွားသန်သောဘုရင်အဖြစ် ရယ်ပွဲဖွဲ့စရာမဟုတ်ချေ။
—————-
အလောင်းမင်းတရား၏ စွယ်စုံထူးချွန်မှုကို အလျှံပယ်ပြသခဲ့သော ဂျော့ဘုရင်-၂ ထံပေးပို့ခဲ့သော ရာဇသံရွှေပေကိုလည်း ယခုခေတ်တွင် ဖော်ထုတ်နိုင်ခဲ့ပြီ။
အလောင်းမင်းတရား၏ လူမှု-နိုင်ငံရေး အကိုင်အတွယ်ကျွမ်းကျင်ပုံ နောက်ထပ်ဥပမာတစ်ခုမှာ ဗြိတိသျှတို့၏ အရှေ့အိန္ဒိယကုမ္ပဏီသည် မင်းတရားထံမှ ပုသိမ်တွင် မြေတစ်ကွက်ရလိုကြောင်း တောင်းခံခဲ့သည်။ မင်းတရားသည် ဗြိတိသျှတို့တောင်းခံသမျှ ရက်ရောစွာပေးခဲ့သူ မှန်သော်လည်း  ပုသိမ်၌မြေနေရာရွေးချယ်သောအခါ ဗြိတိသျှတို့သည် ခံတပ်တည်ရန် နေရာကောင်းတစ်ခုဖြစ် သော ဘုရားကုန်းတော်ကို တောင်းခံခဲ့သည်။

ဤတွင် မင်းတရားကြီး ပွင့်လင်းစွာမိန့်တော်မူခဲ့ပုံမှာ ”ငါကိုယ်တော်တိုင် ထီးနန်းရိုက်ရာမခိုင်မြဲ သေးဘဲနှင့် အထွဋ်အမြတ်နေရာ ဘုရားကုန်းတော်ကို မောင်မင်းတို့အား ပေးသနားတော်မူလိုက် လျှင် ဘာသာသာသနာကို မခန့်လေးစားလုပ်သူဟု အထင်ခံရပေတော့မည်။ တိုင်းသူပြည်သား များ၏စိတ်ကို လွှမ်းမိုးနိုင်သော ဘုန်းတော်ကြီးများလည်း ဆန့်ကျင်ကြပေတော့မည်။ ထိုအခါ ထီးနန်းရိုက်ရာကို အပြည့်အဝမရသေးသော ငါကိုယ်တော်သည်လည်း ထီးနန်းကို လက်လွတ် ဆုံးရှုံးရပေတော့မည်။”
အလောင်းမင်းတရားသည် ဟိုင်းကြီးကျွန်းဦးစီးမှူး ဘရွတ်ခ်အား စိတ်ရှည်သီးခံရမည့်အကြောင်း အကြံပြုခဲ့သည်။ ” ယခုလောလောဆယ် သည်မျှနှင့်ကျေနပ်ချေ။ နောက်နောင် ပိုပြီးပေးသနားဖို့ ရာ ငါကိုယ်တော်၏အာဏာသာတည်း။”
——-
စစ်မျက်နှာနှစ်ဘက်စလုံးမှ တပ်သားအားလုံးကြားရသည်အထိ ကြောက်ခမန်းလိလိ တိုက်ပွဲခေါ် သံကိုပေးနိုင်ခဲ့သူ အလောင်းမင်းတရား၊ တိုက်ပွဲစတင်ပြီဆိုသည်နှင့် ဆင်ကိုချွန်းဖွင့်ကာ ရှေ့ဆုံးမှ စစ်ဦးဘီလူးစီးသလို စစ်မျက်နှာခင်းခဲ့သော စစ်ပါရဂူအလောင်းမင်းတရား၊ ထိုသို့သော ဘုရင် စစ်စစ် ဘုရင်တစ်ပါး၏ သံဃာထုအပေါ်ထားသော သဘောထားမှာ ပညာယူဖွယ်ဖြစ်နေသည်။ မင်းတုန်းမင်းကဲ့သို့ ဘာသာရေးကို နိုင်ငံရေးနှင့်ဆွဲစေ့ခြင်း မဟုတ်ဘဲ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုကိုသာ နိုင်ငံရေးနှင့် ဆွဲစေ့ခြင်းဖြစ်၏။

ရေးသားသူ
ဝင့်ပြုံးမြင့်
၎.၇.၂ဝ၁၃။

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.